Home သတင်း ဖာပွန်‌ဒေသရှိ စစ်‌ကောင်စီ ယာယီစခန်း ၃ ခုကို KNLA ရှင်းလင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေ

ဖာပွန်‌ဒေသရှိ စစ်‌ကောင်စီ ယာယီစခန်း ၃ ခုကို KNLA ရှင်းလင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေ

1329

နိုဝင်ဘာ ၂၈ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်‌မြေ မူ‌တြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ ၅ နယ်‌မြေ၊ ဒွယ်လိုးမြို့နယ် မာ‌ထော‌ကျေးရွာအုပ်စု ကားလမ်း‌ဘေးရှိ စစ်‌ကောင်စီ၏ ယာယီတပ်စခန်း ၃ ခုကို ယမန်‌နေ့ နိုဝင်ဘာလ ၂၇ ရက်‌နေ့က တက်‌ရောက်ရှင်းလင်းနိုင်ခဲ့သည်ဟု KNU ဘက်က ‌ပြောသည်။

KNU တပ်မဟာ ၅ နယ်‌မြေအတွင်းရှိ စစ်စခန်းများသို့ စစ်လက်နက်ပစ္စည်းနှင့် တပ်ရိက္ခာပို့‌ဆောင်နိုင်ရန် မာ‌ထောကားလမ်းတစ်‌လျှောက်တွင် လမ်းလုံခြုံ‌ရေးအတွက် ချထား‌သော စစ်‌ကောင်စီတပ် ခမရ ၄၀၇ တပ်ရင်း၏ ယာယီတပ်စခန်း ၃ ခု ကို ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) က တက်‌ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ ၅ ‌ပြောခွင့်ရ ပဒိုမန်းမန်းမန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ လမ်းတစ်‌လောက်မှာ တိုက်ပွဲဖြစ်တယ်။ ရန်သူဘက်က ချထားတဲ့ ယာယီစခန်း ၃ခုကို‌တော့ ကျ‌နော်တို့လူ‌တွေ တက်ရှင်းလိုက်ပြီး။ ရန်သူတစ်ချို့ထွက်‌ပြေးသွားတာလည်းရှိတယ်။ အဲဒီ‌နေရာကို‌တော့ ကျ‌နော်တို့ KNLA ဘက် ပြန်ယူထားလိုက်တယ်‌ပေါ့‌နော်။ တိုက်ပွဲက‌တော့ တစ်‌နေကုန်ဖြစ်တယ်‌ပေါ့‌နော်။” ဟု သူက ‌ပြောသည်။

အဆိုပါ ကားလမ်းတစ်‌လျှောက်တွင် တိုက်ပွဲများဖြစ်ပွား‌နေဆဲဖြစ်၍ စစ်‌ကောင်စီတပ်ဖွဲ့၏ ထိခိုက်ကျဆုံးမှု အ‌ခြေအ‌နေကို မသိရှိရ‌သေး‌သော်လည်း ၎င်းတို့ဘက်က တစ်ဦးကျဆုံးခဲ့သည်ဟု ပဒိုမန်းမန်းမန်းက ဆက်‌ပြောသည်။

‌နောက်ဆုံးရရှိသည့် သတင်းအရ ယ‌နေ့ နိုဝင်ဘာလ ၂၈ရက်‌နေ့ မွန်းလွဲပိုင်းအထိ မာ‌ထောကားလမ်းကို KNLA တပ်မဟာ ၅ က ထိန်းချုပ်ထားလိုက်ပြီးဖြစ်ပြီး စစ်‌ကောင်စီတပ်ဘက်က စစ်ကူများ ထပ်မံ‌ရောက်ရှိလာကာ ထွက်‌ပြေးသွားသည့် ၎င်းတို့တပ်ဖွဲ့ဝင်များကို လိုက်လံရှာ‌ဖွေမှုများ လုပ်‌ဆောင်‌နေသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု သိရှိရသည်။