Home သတင်း မြဝတီတွင် ‌ကျောင်း‌နေအရွယ် က‌လေးငယ်များကို ကိုဗစ်-၁၉ ကာကွယ်‌ဆေးထိုးနှံ‌ပေးမည်

မြဝတီတွင် ‌ကျောင်း‌နေအရွယ် က‌လေးငယ်များကို ကိုဗစ်-၁၉ ကာကွယ်‌ဆေးထိုးနှံ‌ပေးမည်

907

‌အောက်တိုဘာ ၁၆ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် အသက် ၁၂ နှစ် နှင့် ၁၈ နှစ်ကြား ‌ကျောင်း‌နေ အရွယ်က‌လေးငယ်များကို ကိုဗစ်-၁၉ ကာကွယ်‌ဆေးထိုးနှံ‌ပေးမည်ဟု သိရသည်။

ထိုသို့ ကာကွယ်‌ဆေးထိုးနှံ‌ပေးမှုအား ‌ကျောင်းသားမိဘများနှင့် အများပြည်သူ ပူး‌ပေါင်းပါဝင်မှုရှိ‌စေရန် ယ‌နေ့ နံနက်ပိုင်း မြဝတီမြို့ အမှတ် ၄ ရပ်ကွက် အထက ၁ ‌ကျောင်း‌ရှေ့ ဘုရင့်‌နောင်လမ်းမ ‌ပေါ်တွင် သက်ဆိုင်ရာမှ လက်ကမ်းစာ‌စောင်များ ဖြန့်‌ဝေ၍ အသိ‌ပေးနှိုး‌ဆော်ခြင်းများ လုပ်‌ဆောင်‌နေကြသည်။

“မနက်ဖြန် ‌အောက်တိုဘာလ ၁၇ ရက်‌နေ့ မှာ စတင်ထိုးနှံ‌ပေးသွားမှာပါ။ ၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ်မှာ ‌ကျောင်းအပ်နှံထားတဲ့ အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား က‌လေးငယ်‌တွေကို ပထမဦးစား‌ပေးအ‌နေဖြင့် ထိုးနှံ‌ပေးပါမယ်။ ၎င်းအပြင် ‌ကျောင်းအပ်နှံမှု မပြုရ‌သေးတဲ့ ပြင်ပမှ ‌ကျောင်း‌နေအရွယ် က‌လေးငယ်များကိုလည်း ဆက်လက်၍ ထိုးနှံ‌ပေးဖို့ လျာထားပါတယ်” ဟု တာဝန်ရှိသူ တစ်ဦးက ‌ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ကာကွယ်‌ဆေး ထိုးနှံ‌ပေးခြင်းကို ၅ ကြိမ်အထိ ‌ဆောင်ရွက်ခဲ့ပြီဖြစ်ရာ ယမန်‌နေ့ ‌အောက်တိုဘာ ၁၅ ရက်‌နေ့အထိ ကာကွယ်‌ဆေးထိုးပြီးသူ ၄၄,၈၇ဝ ဦး ရှိခဲ့ပြီး ဆက်လက်၍လည်း ထိုးနှံ‌ပေးလျက်ရှိ‌ကြောင်း မြဝတီခရိုင် ဒုတိယအုပ်ချုပ်‌ရေးမှူး ဦး‌အောင်ချမ်းငြိမ်းက ‌ပြောသည်။

လက်ရှိ မြဝတီမြို့၌ ကိုဗစ်-၁၉ ‌ရောဂါ ကူးစက်မှုနှင့် ‌သေဆုံးမှု မရှိသ‌လောက် နည်းပါးလာပြီး ဖြစ်‌သော်လည်း ကျန်းမာ‌ရေးဌာန ဗဟိုမှ Stay At Home ‌နေထိုင်ရန် သတ်မှတ်ထားဆဲ ဖြစ်သလို ည ၈ နာရီ‌နောက်ပိုင်း Lock Down အမိန့် ရှိ‌နေ‌သေးသည်။

လက်ရှိတွင် ယခင်ကလို ကိုဗစ် ‌ရောဂါကူးစက်မှု နည်းပါးလာ‌သော်လည်း အမိန့်ညွှန်ကြားချက်များ တည်ရှိ‌နေဆဲ ဖြစ်သည့်အတွက် မြို့‌နေပြည်သူများအ‌နေဖြင့် ပုံမှန်လုပ်ငန်းမလည်ပတ်နိုင်ကြသဖြင့် ‌ရေရှည်တွင် စားဝတ်‌နေ ‌ရေးအတွက် အခက်အခဲများရှိ‌နေ၍ ဖြစ်နိုင်ပါက သက်ဆိုင်ရာမှ ထုတ်ပြန်ထားဆဲအမိန့်ညွှန်ကြားချက်များကို ‌ဖြေ‌လျှော့‌ပေး‌စေသည်ဟု မြို့‌နေပြည်သူများက လိုလား‌နေကြသည်။