KNDO စစ်ဦးစီးချုပ်ကို တာဝန်ယာယီရပ်ဆိုင်းသည့်ကိစ္စနှင့်ပတ်သက်၍ KNU ဒုဥက္ကဌနှင့် မေးမြန်းချက်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကာကွယ်ရေးဌာနက ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့် အခြားတပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်စောဘာဝါးတို့နှစ်ဦးအား တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ဇူလိုင်လ ၈ ရက်နေ့က အသိပေးအကြောင်းကြားစာကိစ္စနှင့်ပတ်သက်၍ KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကို ကေအိုင်စီ-ကရင်သတင်းဌာနက မေးထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး- KNDO စစ်ဦးစီးချုပ်ကို တာဝန်ကနေ ယာယီ ရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေလေးကို ကနဦး ရှင်းပြပေးပါအုံး။
လူ့အခွင့်အရေးအရ လိုက်နာလုပ်ဆောင်ရတာပဲ။ ဒီလို ဖြစ်ပေါ်တဲ့ ကိစ္စရပ်အပေါ်မှာ တာဝန်ရှိသူတွေအနေနဲ့ က အထက်ကို တင်ပြရမဲ့ တာဝန်ရှိတာပဲ။ ဒါပေမဲ့ ဒီကိစ္စကို လူတွေ ဆိုရှယ်မီဒီယာပေါ်တင်မှ ကျနော်တို့ မြင်တွေ့သိရ တာ။ အဲ့ဒီအခါကျမှ အခြေအနေကို ပြန်လိုက်မေးနေရတာ။ ဒီလို လိုက်မမေးခင်ကတည်းက သက်ဆိုင်တဲ့သူတွေက မီဒီ ယာပေါ် ရုပ်ပုံတွေ၊ ရုပ်သံတွေ တင်တာမျိုး တွေ့ရတယ်။ ဒါက တင်သင့်တဲ့အရာတွေ မဟုတ်ဘူး။ အဲ့တော့ အဖွဲ့အ စည်းမှာရှိတဲ့ စည်းမျဉ်းဥပဒေအတိုင်း တာဝန်ရှိသူတွေက အကြောင်းအရာကို စုံစမ်းစစ်ဆေးပြီး တင်ပြရမဲ့ တာဝန်ရှိ တယ်။ ဒီလို စုံစမ်းစစ်ဆေးဖို့ဆိုတာကလည်း အဖွဲ့အစည်းရဲ့ ပေးအပ်ထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အတိုင်း လုပ်ဆောင် တာပါပဲ။ ဒီတာဝန်ရှိသူတွေက အမြဲတမ်းကော်မတီပဲဖြစ်ဖြစ် ဗဟိုအလုပ်အမှုဆောင်ကော်မတီပဲဖြစ်ဖြစ် သူတို့ကို ကွန်ကရက်ကနေ ရွေးကောက်တင်မြှောက်ပြီးတော့ တာဝန်ပေးအပ်ထားသလို အလားတူ စစ်ဦးစီးခေါင်းဆောင်တွေ၊ ကာကွယ်ရေး ခေါင်းဆောင်တွေဆိုတာကလည်း အမြဲတမ်းကော်မတီနဲ့ ဗဟို အလုပ်မှုဆောင်ကော်မတီတို့ကနေ ရွေး ချယ်တာဝန်ပေးထားတာပဲ။
အခုဖြစ်တဲ့ ကိစ္စတွေအပေါ် KNDO စစ်ဦးစီးကို ဗဟိုက ဆင့်ခေါ်တယ် လာတွေ့ဖို့။ ဒါပေမဲ့ သူကိုယ်တိုင် မလာဘူး။ အဲ့လိုမလာတဲ့အတွက် ကျနော်တို့ အဲ့လိုဆုံးဖြတ်တာပဲ။ ရာထူးကျတော့ ယခင် ဗိုလ်မှူးချုပ်ကတော့ ဆက်ရှိမယ်။ ဒါပေမဲ့ ဒီစုံစမ်းစစ်ဆေးတဲ့ ကာလမှာတော့ တာဝန်ကို ယာယီ ဆိုင်းငံ့ထားမယ်။ စုံစမ်းစစ်ဆေးပြီး ထွက်ပေါ်လာတဲ့ ရလဒ်အခြေအနေအပေါ် မူတည်ပြီး တရားစီရင်ပိုင်ခွင့်ရှိတဲ့သူဆီကို တင်မယ်။ အဲ့ဒီအခါကျမှ ဘယ်လို ဆက်လုပ်မလဲ ဆိုတာ ရှိမယ်။
တချို့လူတွေက စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုတွေနဲ့ နှိုင်းယှဉ်ပြောဆိုကြတာပေါ့။ ဒါကတော့ ဟုတ်တယ်။ ဒါပေမဲ့ ဒါက စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေပဲဖြစ်ပြီး ဒါကို ကမာ္ဘကလူတွေသိအောင် ဖော်ထုတ်ပြောဆိုရမှာပဲ။ အဲ့လိုပဲ ကျနော် တို့ အဖွဲ့အစည်းမှာလည်း ကိုယ့်စည်းမျဉ်းဥပဒေနဲ့ ရှိပြီးသား လိုက်နာလုပ်ဆောင်ရမဲ့အရာတွေ စစ်မြေပြင်မှာ လိုက်နာ ရမဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဖမ်းမိတဲ့ သုံ့ပန်းတွေကို ရန်လိုမှုမရှိရင် သေချာလုံခြုံစွာ ဆက်ဆံရမယ် ဆိုတာမျိုးက ရှိတယ်။ အခု ဖြစ်တာက တစ်ဖက်နဲ့တစ်ဖက် တင်ပြပြောဆိုမှုတွေအရတော့ အသေအချာ မသိရသေးဘူး။ စုံစမ်းစစ် ဆေးဖို့ လိုအပ်လာတဲ့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး ကွင်းဆင်း စုံစမ်းဖို့ တာဝန်ပေးထားတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ် လုပ်တာ မဟုတ်ဘူး။ အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းအရပဲ လုပ်တာဖြစ်တယ်။
မေး – ဇူလိုင်လ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာတဲ့ ဆုံးဖြတ်ချက် အမိန့်စာ နှင့်ပတ်သက်ပြီး ရှင်းပြပေးပါအုံး။
ပြောခဲ့သလိုပဲ။ မြန်မာပြည်ဘက်ကလည်း သတင်းတွေ ဖြန့်လာသလို ကိုယ်တွေဘက်ကလည်း ရန်သူရဲ့ တပ် ဖွဲ့ဝင်တွေကို သတ်တာပါဆိုပြီး သတင်းတွေ ပြန်ထုတ်ပြန်တာမျိုးရှိတော့ စစ်မြေပြင်ဖြစ်နေသည့်တိုင် ကိုယ့်မှာက စည်း မျဉ်းဥပဒေတွေက ရှိနေတဲ့အတွက် ကိုယ်ဖမ်းမိတဲ့ ရန်သူအပေါ်မှာ လိုက်နာရမဲ့ ကျင့်ဝတ်တွေအတိုင်း လုပ်ဆောင်ရမှာ ပဲ။ အခုကိစ္စမှာ အကုန်လုံးမှာ သတ်ဖြတ်ပိုင်ခွင့် အာဏာရှိရင် ကျနော်တို့ အဖွဲ့အစည်းဆိုတာက အဖွဲ့အစည်းရဲ့ အလုပ် နဲ့ မတူတော့ဘူး။ ကိုယ့်အဖွဲ့အစည်းမှာက လုပ်ထုံးလုပ်နည်းတွေရှိတယ်။ ဖမ်းမိတဲ့သူတွေကို ဘယ်လိုစီရင်ဆုံးဖြတ်ရမ လဲဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်။
ဒီကိစ္စဖြစ်တဲ့နောက်မှာ ကျနော်တို့က ကာကွယ်ရေးဌာနနဲ့ စစ်ဗဟိုဌာနချုပ်ကို တွေ့ဆုံပြီး စုံစမ်းစစ်ဆေးရေး တွေလုပ်ဖို့ တာဝန်ပေးလိုက်တယ်။ ကျနော် နားလည်သလောက် ကာကွယ်ရေးဌာနမှူးက ဗိုလ်မှူးချုပ်နယ်ဒါးနဲ့ ဗိုလ်စောဘာဝါးကို ဆင့်ခေါ်လိုက်တယ်။ ဗဟိုဌာနချုပ်မှာ လာတွေ့ဖို့။ ဒါပေမဲ့ သူတို့ သွားဖို့လာဖို့ အခက်အခဲရှိတဲ့အ တွက် ထိုင်းဖက်ခြမ်းတစ်နေရာရာမှာတွေ့ဖို့ စီစဉ်တယ်။ ဒါပေမဲ့ သူတို့ရဲ တောင်းဆိုမှုအရ လာတွေ့ဖို့ ပြောလာတဲ့အ ပေါ်မှာ တွေ့မဲ့သူတွေက လက်ခံတယ်။ ဒါပေမဲ့ တွေ့မဲ့အချိန်ရောက်တော့ သူတို့က အကြောင်းအရာတွေ လာတင်ပြ တာမျိုး မလုပ်ဘူး။ အဲ့အတွက် တာဝန်ရှိသူတွေက ဗဟို အလုပ်အမှုဆောင်ကော်မတီကို ဒီကိစ္စ တင်ပြလာတယ်။ KNDO ဦးစီးချုပ်တာဝန်ကို ဗဟို အလုပ်အမှုဆောင်ကော်မတီကပဲ တာဝန်ပေးအပ်ထားတာဖြစ်တယ်။
အခုဖြစ်တာက လူတစ်ယောက်ထဲ နှစ်ယောက်ထဲ မဟုတ်ဘူး။ အသက်ပေါင်းများစွာကို နည်းလမ်းတကျ စီရင် ဆုံးဖြတ်တာမျိုးမဟုတ်တဲ့အတွက် ဒါကို စုံစမ်းစစ်ဆေးနိုင်ဖို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက သူ့တာဝန်ကို ယာယီ ရပ်ဆိုင်းပြီး အကြောင်းအရာတွေကို စုံစမ်းစစ်ဆေးမယ်။ ဒီစုံစမ်းစစ်ဆေးရေးကိုလည်း မိခင်အဖွဲ့အစည်းကနေ အဖွဲ့အ စည်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဖွဲ့စည်းလိုက်တာပဲ။
မေး – ဒီလို တာဝန်ကနေ ယာယီ ရပ်ဆိုင်းခံလိုက်ရတဲ့အပေါ်မှာ လက်မခံဘူးဆိုပြီးတော့ ဗိုလ်မှူးချုပ်နယ်ဒါးမြဘက်က လည်း တရားဝင်ပြောဆိုတာမျိုးတွေ ရှိလာတယ်။ ဒီအပေါ်မှာ ဗဟိုအနေနဲ့က ဘယ်လိုကိုင်တွယ်သွားဖို့ ရှိလဲ။
ကိုယ့်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားရင် အဖွဲ့အစည်းက ဆုံးဖြတ်လိုက် တဲ့ကိစ္စရပ်အပေါ် လက်မခံဘူးဆိုရင်တော့ ကိုယ့်အဖွဲ့အစည်းကို ပြန်ဆန့်ကျင်တာနဲ့ အတူတူပဲ။ တပ်ဖက်ပိုင်းပဲဖြစ်ဖြစ်၊ အရပ်ဖက်ပိုင်းကပဲဖြစ်ဖြစ် အကုန်လုံးမှာက လုပ်ငန်း လမ်းညွန်ချက်တွေက ရှိပြီးသား။ ဒါကို လက်မခံနိုင်ဘူးဆိုရင် အဓိပ္ပါယ်က အဖွဲ့အစည်းကို ပြန်လည်ဆန့်ကျင်တာ၊ ဗဟို အလုပ်အမှုဆောင်ကော်မတီရဲ့ တာဝန်ပေးချက်အရ ကာကွယ်ရေးဌာနရဲ့ လုပ်ဆောင်မှုအပေါ်ကို ဆန့်ကျင်တာပဲ။
ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ အဖွဲ့အစည်းပုံစံအတိုင်းပဲ လုပ်ရမှာပဲ။ တချို့ကအကြောင်းအရာကို သေချာ မသိဘဲ ဒါက ရန်သူကိုသတ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဆိုကြပေမဲ့ ဒါက မမှန်ဘူးလေ။ ကိုယ့်မှာ အဖွဲ့အစည်းရဲ့ စည်း မျဉ်းဥပဒေ ရှိနေတဲ့အတွက် ဒီကနေ့အချိန်ထိ ကိုယ့်တွေကို တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ်အနေနဲ့ အသိအမှတ်ပြု နေကြတာပဲ။ ဒါကြောင့် ကိုယ်ချမှတ်ထားတဲ့အတိုင်း ကိုယ်သွားရမှာပဲ။ လူတစ်ယောက်ထဲမို့လို့၊ နှစ်ယောက်ထဲမို့လို့၊ အမြင်ကပ်လို့ လုပ်တာမျိုးမဟုတ်ဘဲ အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်တာပဲ။ သူ လက်မခံတာက သူ့ သဘောထားပါပဲ။ အဖွဲ့အစည်းအနေနဲ့ကျတော့ ဒါကို လက်မခံဘူးဆိုရင်တော့ သူ့ကို အဖွဲ့အစည်းကလူအနေနဲ့ သတ် မှတ်လို့ မရဘူးဆိုတဲ့ ပုံစံမျိုးဖြစ်လာမှာပဲ။
မေး – ဒီအမိန့်စာထုတ်ပြီးတဲ့ နောက်ပိုင်း ဗဟိုကနေ ဘယ်လို ဆက်သွယ်လုပ်ဆောင်တာမျိုးတွေ ရှိပါသလဲ။
ကာကွယ်ရေးဌာနကို တာဝန်ပေးထားတဲ့အတွက် ကာကွယ်ရေးဌာနကနေပြီးတော့ လိုက်ဆက်သွယ်ပေမဲ့ လည်း ဆက်သွယ်လို့မရဘူး။ သူ ဘယ်မှာရှိမှန်းလဲ ကျနော်တို့ အသေအချာမသိဘူး။ တချို့ပြောတာတော့ တစ်နေရာ ရာမှာ ရှိနေတာပေါ့။ အခုချိန်ထိတော့ အောက်ခြေက တာဝန်ရှိသူတွေကို ဆက်သွယ်လို့ ရသေးတယ်ဆိုတာလောက်ပဲ ရှိသေးတယ်။ အခုက တိုက်ရိုက်ဆက်သွယ်ဖို့ကျတော့ စစ်ဗဟိုဌာနချုပ်တို့၊ ကာကွယ်ရေးဌာနတို့ကိုပဲ တာဝန်ပေးထား တာပေါ့။ အမှန်က လက်နက်ကိုင် ၂ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO နှစ်ဖွဲ့စလုံးက ကာကွယ်ရေးဌာန လက်အောက်မှာပဲ ရှိတာ။ တာဝန်ပေးတာပဲဖြစ်ဖြစ်၊ တာ ဝန်ရပ်ဆိုင်းတာပဲဖြစ်ဖြစ်၊ တာဝန်ကနေ ရပ်နားလိုက်တာပဲဖြစ်ဖြစ် ဒါက ကာကွယ်ရေးဌာနရဲ့ ဆုံးဖြတ်မှုအပေါ်မှာပဲ ရှိတယ်။ အခုက ဒီကိစ္စကိုရှင်းဖို့ သူတို့ကို ဆက်သွယ်လို့ မရပေမဲ့ KNDO ရဲ့ ဒုစစ်ဦးစီးချုပ်တို့ တခြားတာဝန်ရှိသူတွေကို တော့ ဆက်သွယ်လို့ရတယ်။
မေး – အဖွဲ့အစည်းအတွင်း အလားတူ ပြဿနာတွေ ဖြစ်လာရင် အဖွဲ့အတွင်းမှာ အကွဲအပြဲတွေက ပေါ်ပေါက်လာတဲ့ သာဓကတွေက ရှိဖူးတယ်။ အဲ့လို အလားတူ နောက်ထပ် ဖြစ်မလာအောင် ဗဟိုအနေနဲ့ ဘယ်လို စဉ်းစားလုပ်ဆောင် သွားမှာလဲ။
ဒီလိုဖြစ်လာဖို့လည်း မစဉ်းစားထားဖူး။ ဒီလိုလည်း ကိုယ့်အဖွဲ့အစည်းရဲ့ခေါင်းဆောင်တွေကြားထဲမှာ ဖြစ်မလာ သင့်ဘူး။ ဦးဆောင်မှုအပိုင်းမှာ တာဝန်အမြင့်ဆုံး ယူထားတာဖြစ်တဲ့အတွက် ဒီကိစ္စရပ်အပေါ်မှာ တာဝန်အရှိဆုံးဖြစ် တယ်။ ဒါကို သူ အမိန့်ပေးခဲ့တာလား မပေးခဲ့တာလား ဆိုတာကိုတော့ စစ်ဆေးမေးမြန်းတဲ့အပေါ်မှာပဲ မူတည်မယ်။ ဒါက လုပ်သင့်လို့ လုပ်လိုက်တယ်ဆိုပြီးထားအုံး။ ဒါက လုပ်သင့်လား မလုပ်သင့်ဘူးလားဆိုတာက ကျနော်တို့မှာက စစ်ဆေးဖို့ တာဝန်ရှိတယ်။ စုံစမ်းစစ်ဆေးပြီးမှ ပြောလို့ရမှာပေါ့။
ဒီလိုမျိုး အကွဲအပြားဖြစ်လာဖို့တော့ ကျနော်တို့ မလိုလားဘူး။ ဒါပေမဲ့ လူတစ်ဦးတစ်ယောက်အပေါ်မှာပဲ မူတည်လိမ့်မယ်။ ဥပမာ ကိုယ့်အဖွဲ့အစည်းအပေါ်မှာထားတဲ့ သဘောထားအပေါ်မှာပဲမူတည်မယ်။ ကွဲပြဲတာကိုတော့ ဘယ်သူမှ မလိုလားသလို ကွဲပြဲပြီးဆိုရင်လည်း ပြန်လည်စည်းရုံးဖို့က အင်မတန် ခက်ခဲတယ်။ ကွဲပြဲတယ်ဆိုတာက လည်း နိုင်ငံရေးခံယူချက် မတူလို့ ကွဲတာရှိသလို လူပုဂ္ဂိုလ်အရ ခွဲထွက်တာမျိုး စတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိတယ်။ ဒါကို ဖြစ်မလာဖို့ဆိုတာက ကိုယ့်အဖွဲ့အစည်းရဲ့ ချမှတ်တဲ့ စည်းမျဉ်းအတိုင်း ညီညီညွတ်ညွတ် လိုက်နာလုပ် ဆောင်လို့ပဲ ရမယ်။
မေး – ဒီကာကွယ်ရေးဌာနက ထုတ်တဲ့စာကို ပြည်တွင်းပြည်ပက ကရင်တချို့က မှားယွင်းတယ်လို့မြင်သလို ဒါက လည်း ရန်သူရဲ့ဖိအားပေးမှုကြောင့်လို့ ပြောဆိုနေတာတွေလည်းရှိတယ်။ ဒီအပေါ်မှာကော ဘယ်လိုပြောချင်လဲ။
ဒီကိစ္စဖြစ်လာလို့ ရန်သူရဲ့ ခိုင်းစေမှုကြောင့် လုပ်တာမဟုတ်ဘူး။ အဖွဲ့အစည်းမှာ ချမှတ်ပြီးသား စည်းမျဉ်းဥပ ဒေကြောင့်သာ ဘယ်သူမှ ခိုင်းစရာမလိုဘဲ လုပ်ရမဲ့တာဝန်က ရှိပြီးသား။ ဒါ့အပြင် ဒီကိစ္စက ဘယ်လိုဖြစ်ရတယ်ဆိုတဲ့ အခြေခံအကြောင်းရင်းကို တာဝန်ရှိသူတွေက စုံစမ်းဖော်ထုတ်ဖို့ပဲ ဖြစ်တယ်။ ဥပမာ- လူတစ်ယောက်က အပြစ်လုပ် တယ်ဆိုပါစို့။ ခိုးတာလည်းဖြစ်မယ်၊ လူသတ်တာလည်းဖြစ်မယ်။ ဒါကို တိုင်းပြည်ရဲ့ ဥပဒေအရက တာဝန်ရှိတဲ့ ရဲတွေ ကနေ အရေးယူဆောင်ရွက်ပြီး တရားရုံးအထိ ပို့ဆောင်ရမယ်။ ဒါကို တရားရုံးကလည်း ဆုံးဖြတ်ပေးရတယ်။ အမှန်က ဒီကိစ္စဖြစ်လာတဲ့အပေါ်မှာ အဖွဲ့အစည်းလက်အောက်ခံကနေပြီး ဦးဆောင်ပြီး အရေးယူ ဆောင်ရွက်ရတဲ့ နည်းလမ်း မဟုတ်ဘူး။ ဒီစာကလည်း ထုတ်ပြန်စာမဟုတ်ဘူး။ အဖွဲ့အစည်းရဲ့ တာဝန်ရှိမှုအတိုင်းပဲ ဆုံးဖြတ်လုပ်ဆောင်တဲ့ ကိစ္စ ဖြစ်တယ်။
တချို့ အမြင်မှားတဲ့သူတွေက ဒါကို ထုတ်ပြန်စာ? နောက်ပြီး ရန်သူက ခိုင်းလို့ လုပ်တာလို့ မြင်တယ်။ ဒါက ရန်သူခိုင်းလို့ မဟုတ်ဘူး ကိုယ့်အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းအပေါ်မှာပဲ ရပ်တည်လုပ်ဆောင်တာဖြစ်တယ်။ ရန်သူတစ်ယောက်ကို ဖမ်းမိတာပဲဖြစ်ဖြစ်၊ လက်နက်ချတာပဲဖြစ်ဖြစ် ဘယ်လိုပြုမှုဆက်ဆံရမလဲဆိုတဲ့ လုပ်ထုံးလုပ် နည်းတွေ အကုန်ရှိပြီးသားဖြစ်တယ်။ အခုဖြစ်တာက လူ့အသက်တစ်ချောင်း နှစ်ချောင်းပဲ မဟုတ်ဘူး။ စစ်တပ်ရဲ့ လုပ် ရပ်တွေနဲ့လည်း သွားနှိုင်းယှဉ်ရမဲ့ ကိစ္စမဟုတ်ဘူး။ ကိုယ့်အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်ရမှာ ဖြစ်သလို အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကိုလည်း ကိုယ့်ရဲ့ လုပ်ဆောင်မှုနဲ့ ဖော်ထုတ်ပြရမှာဖြစ်တယ်။
အဲ့တော့ပြောချင်တာက ဒီအမိန့်စာက ထုတ်ပြန်စာမဟုတ်ဘူး။ ဒီစာကို ဘယ်သူက စပြီး အပြင်ကို ဖွဖြန့်လိုက် လဲဆိုတာကလည်း လေ့လာကြည့်ရင်သိမယ်။ နောက်တစ်ခုက ရန်သူရဲ့ခိုင်းစေမှုကြောင့်မဟုတ်ဘူး။ နောက်တစ်ခုက တာဝန်ရှိတဲ့သူတွေက ကိုယ်ဘာလုပ်မလဲဆိုတာကို အထက်ကို တင်ပြစရာမလိုပေမဲ့ ကိုယ့်ရဲ့ ပျက်ကွက်မှုတွေတော့ တင်ပြရမှာဖြစ်တယ်။ ဥပမာ တပ်မဟာတိုင်းမှာ နေ့တိုင်းလိုလို တိုက်ပွဲက ရှိနေတဲ့အတွက် ထိခိုက်သေဆုံးမှုရှိတာကို ဖော်ပြတာမျိုးရှိပေမဲ့ တာဝန်ရှိသူတွေက သတ်ပစ်လောက်တဲ့ ဆုံးဖြတ်ချက်ချတာမျိုးကို တင်ပြတာမျိုးမရှိတဲ့အတွက် အခုက အစကနေ အကြောင်းအရာတွေကို ပြန်စုံစမ်းရတာပဲဖြစ်တယ်။
မေး – ဒီလို ဖြစ်စဉ်မျိုးက အရင်ကဖြစ်ပေါ်ခဲ့တဲ့ သာဓကမျိုး ရှိလား၊ ရှိခဲ့ရင်ကော ဘယ်လိုဖြေရှင်း ဆုံးဖြတ်ခဲ့ရလဲ။ ဆုံးဖြတ်ချက်ကြောင့် အကျိုးသက်ရောက်မှုတွေကကော ဘာတွေဖြစ်ပေါ်လာလဲ။
ရှိပါတယ်။ ဒါပေမဲ့ ပုံစံမျိုးစုံရှိတာပေါ့။ အဖွဲ့အစည်းအတွင်း စည်းမျဉ်းစည်းကမ်း လိုက်နာမှုနဲ့ပတ်သက်တာ၊ ဒေသအတွင်း တရားဥပဒေ စိုးမိုးမှုအပိုင်းနဲ့ စစ်မြေပြင်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေ အများကြီးရှိခဲ့ဖူးတယ်။ ဥပမာ ဘိတ်-ထားဝယ်ခရိုင်ဘက်မှာ မှောင်ခိုသမားတွေနဲ့ လုပ်စားတဲ့သူတွေကို ကိုယ့်လူတွေက ၁၁ယောက်လောက် ရိုက်သတ်ဖူးတဲ့ ဖြစ်စဉ်ပေါ့။ အဲ့တုန်းက လိုက်ဖမ်းရတာမျိုး။ ပြီးတော့ ဗဟိုတရားရုံးကိုပို့ပြီး တရားရေး ဆုံးဖြတ်ရတာမျိုးရှိတာပေါ့။ အဖွဲ့အစည်းမှာ လုပ်တဲ့သူဆိုတာကလည်း ပြည်သူထဲကပဲ။ အဲ့တော့ ပြည်သူအပေါ် အပြစ်လုပ်ရင် လုပ်တဲ့အတိုင်း အရေးယူ ဆောင်ရွက်ရမှာဖြစ်သလို စစ်သားကလည်း အပြစ်လုပ်ရင် တပ်စည်းကမ်းအတိုင်း အရေးယူခံရမှာပဲ။
အခုက ဘယ်လိုအရေးယူမလဲ ဆိုတဲ့အဆင့် မဟုတ်သေးဘူး၊ စုံစမ်းစစ်ဆေးတဲ့ အဆင့်ပဲရှိသေးတယ်။ တဖက် က ပြောသလို စစ်သားတွေ မဟုတ်ဘူး။ အရပ်သားတွေ ဖြစ်တယ်ဆိုရင် ဒါကို ကျနော်တို့က စုံစမ်းစစ်ဆေးမယ်။ ရန်သူ တပ် ဟုတ်မဟုတ် စစ်ဆေးပြီးမှ စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူတွေဆီကို တင်ပြရမှာဖြစ်တယ်။ အတွေ့အကြုံတွေက တော့ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကွဲပြားနိုင်တာက တာဝန်ရာထူး ဘယ်လောက်ကြီးလဲဆိုတာနဲ့ စည်းမျဉ်းဥပဒေအ ပေါ် လိုက်နာဆောင်ရွက်မှု ဘယ်လောက်ရှိလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တာပေါ့။
မေး – နောက်ဆုံးမေးချင်တာက စစ်အာဏာသိမ်းမှုကြောင့် စိုးရိမ်မှုတွေမြင့်မားနေသလို ကရင်ထဲမှာလည်း ဒီလိုကိစ္စရပ် က ပေါ်ပေါက်လာတဲ့အတွက် ဝေဖန်ပြောဆိုမှုတွေကလည်း အမျိုးမျိုးရှိနေတဲ့အပေါ်မှာ ကိုယ့်ပြည်သူလူထုကို ဘာများ အသိပေး ပြောဆိုချင်တာမျိုးရှိလဲ။
ပြောချင်တာက ဒီကိစ္စကို စစ်တပ်ရဲ့ ပြည်သူတွေအပေါ် သတ်ဖြတ် ယုတ်မာတဲ့ လုပ်ရပ်တွေနဲ့တော့ သွားနှိုင်း ယှဉ်လို့ ရမှာမဟုတ်ဘူးပေါ့။ ဒီကနေ့အချိန်ထိ လက်နက်ကိုင် တော်လှန်တဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ရပ်တည်နိုင် သေးတာက အဖွဲ့အစည်းရဲ့ ချမှတ်ထားတဲ့ လမ်းစဉ် လုပ်ငန်းစဉ် စည်းမျဉ်း ဥပဒေတွေကြောင့်ပဲ။ လူသားတွေ လူမျိုးစု တွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ စည်းမျဉ်းဥပဒေတွေကို လိုက်နာလုပ်ဆောင်တာလည်း ရှိတယ်။ ကိုယ့်မှာလည်း ကိုယ်ပိုင်တရားစီရင်မှုနဲ့ ရှိနေတာပဲ။ အဖွဲ့အစည်းအတွင်းဖြစ်စေ၊ အဖွဲ့အစည်းနဲ့ ပတ်သက်ပြီးဖြစ်စေ အဖွဲ့အစည်းကို ဖြစ်စေ ဆန့်ကျင်တဲ့ လုပ်ရပ်မှန်သမျှကို အရေးယူဆောင်ရွက်ဖို့က ရှိနေမှာပဲ။
အများအမြင်က အမြင်ပဲ၊ သဘောထားပဲ ဖြစ်မယ်။ အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းကျတော့ အဖွဲ့အစည်း အတွင်းက တာဝန်ရှိတဲ့သူတိုင်း လိုက်နာလုပ်ဆောင်ရမှာပဲ ဖြစ်တယ်။ အမျိုးမျိုးတော့ ပြောကြမှာပဲ။ တချို့ လိုက်မနာ တဲ့လူတချို့ကျတော့ အရေးမယူဘူးဆိုတာမျိုးတွေ။ တချို့ကိစ္စတွေကျတော့ အပြင်ဘက် ရပ်ကျော်ရွာကျော် ကမာ္ဘသိ တဲ့အထိ သူများသိတာမဟုတ်ဘူး။ အဖွဲ့အစည်းက လူတစ်ယောက်က လုပ်လိုက်တဲ့ကိစ္စကို လူတစ်ယောက်က လုပ် တယ်လို့ပဲ အများက မြင်မှာမဟုတ်ဘဲနဲ့ ဒီအဖွဲ့အစည်းတစ်ခုလုံးရဲ့ လုပ်ရပ်အနေနဲ့ ဒီအဖွဲ့အစည်းက ဘယ်လိုအဖွဲ့အ စည်းမျိုးလဲဆိုတာကို ဝေဖန်ဆုံးဖြတ်ကြလိမ့်မယ်။
အဲ့တော့ အခု လုပ်နေတာတွေက စိတ်ခံစားချက်အပေါ်မှာ မူတည်ပြီး လုပ်နေတာမဟုတ်ဘူး။ အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ်မှာပဲ လုပ်ဆောင်တာဖြစ်တယ်။