ဇူလိုင် ၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
လတ်တလော ကိုဗစ်- ၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်သည့်အတွက် ဇူလိုင်လ (၁) ရက်နေ့မှ စတင်၍ KNU-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းရှိ လူထုများကို တစ်ပတ်လျှင်နှစ်ရက်သာ ဝင်ထွက်သွားလာခွင့်ပြုပေးတော့သည်ဟု KNU သထုံခရိုင်က သတိပေးထုတ်ပြန်ထားသည်။
ခရိုင်အုပ်ချုပ်နယ်မြေအတွင်း နေထိုင်သည့် လူထုများသည် တပတ်အတွင်း သောကြာနှင့် စနေနေ့ နှစ်ရက်သာ ဝင်ထွက်သွားလာခွင့်ပြုသလို ၎င်းသွားလာခွင့်ပြုရာတွင် အခြားကိစ္စရပ်များမပါဝင်ဘဲ ပြည်သူလူထုများ ရိက္ခာပြတ် လပ်မှုမရှိစေရန် စားနပ်ရိက္ခာဝယ်ယူရေးအတွက်သာ သွားလာခွင့်ပြုပေးကြောင်း KNU သထုံခရိုင်က ပြီးခဲ့သည့် ဇွန်လ ၂၄ရက်နေ့တွင် ထုတ်ပြန်ထားသည်။
သထုံခရိုင်အတွင်းရေးမှူး ပဒိုစောစိုးမြင့်က “ဒီတစ်ခေါက်က အရင်ကလို ကိုဗစ်စစ်ဆေးရေးဂိတ်ပြန်လုပ်တာတော့ မရှိဘူးပေါ့။ ဒါပေမယ့် မြို့နယ်တွေကို ကျနော်တို့ညွှန်ကြားထားတာရှိတယ်။ အသွားအလာကန့်သတ်ဖို့ပေါ့။ ဈေး ဝယ်တဲ့ ကိစ္စဘဲ အဲဒီနှစ်ရက်ကို ပေးသွားတယ်။ ကျန်တဲ့ရက်ကိုပေးမသွားဘူး။ ပြီးတော့ ဧည့်သည်တွေ၊ လူစိမ်းတွေ ကိုလည်း ကျနော်တို့ပေးမဝင်တော့ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကျေးရွာလူထုအတွက် ဈေးထွက်ဝယ်ပါက အသုံးပြုသည့်ကားများတွင် ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက် တစ်ဦးသာ လိုက်ပါခွင့်ပြုသလို အရေးပေါ်လူနာပို့ဆောင်ခြင်းနှင့် ကျန်းမာရေးဝန်ဆောင်မှုများအတွက် သွားလာပါက သက်ဆိုင်ရာ လူကြီးများထံ ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်းလည်း KNU သထုံခရိုင်၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်သည် ကိုဗစ် -၁၉ ကပ်ရောဂါ ပြန့်ပွားမှုအခြေအနေအပေါ်မူတည်ပြီး လိုအပ်သလို ပြောင်းလဲမှုများပြုလုပ်သွားမည်ဖြစ်သည့်အပြင် အမိန့်ထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“KNU က ထုတ်ပြန်ချက်ထုတ်ပြီးပြီဆိုတော့ ရွာမှာ အပြင်ထွက်သွားလာတာမရှိတော့ဘူး။ အပြင်မှာနေတဲ့ လူ တွေကလည်း ရွာပြန်လာရင် ကိုဗစ်ရောဂါ ပါလာမှာစိုးလို့ မပြန်လာဘူး။ အရင်တစ်ခေါက်တုန်းကလည်း အတွေ့ အကြုံရှိထားတယ်ဆိုတော့ သိပ်မသွားတော့ဘူး။ သွားရင်တော့ အုပ်ချုပ်ရေးမှူးဆီမှာ ခွင့်ပြုချက် တောင်းရ တာပေါ့။” ဟု သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ ကျသောင်းဆိပ်ရွာသူတစ်ဦးက ပြောသည်။
ကေအဲန်ယူ သထုံခရိုင် အုပ်ချုပ်နယ်မြေအတွင်းရှိ ကျေးရွာအချို့မှာ ကိုဗစ်ပိုးကူးစက်မှုမရှိသေးသည့်အတွက် ရွာတွင် ဖွင့်ထားသည့် ကိုယ်ထူကိုယ်ထစာသင်ကျောင်းများကို မပိတ်သေးဘဲ ကိုဗစ်စည်းကမ်းချက်နှင့်အညီ ကျောင်းဆက်လက်ဖွင့်ထားဆဲဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။



















