နိုဝင်ဘာလ ၂၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းတွင် ကရင်တပ်ဖွဲ့မှ နအဖနှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ကို ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ (၃၀)ဦး ကျဆုံးခဲ့ပြီး လက်နက် (၃၀)လက် ကရင်တပ်ဖွဲ့မှ သိမ်းဆည်းရမိသည်ဟု သိရ သည်။
ယမန်နေ့ နေ့လည်ပိုင်းတွင် ကော့ကရိတ်အခြေစိုက် နအဖ စကခ(၁၂) လက်အောက်ခံ ခလရ(၂၃၁)တပ်ရင်းနှင့် BGF (၁၀၁၆)တပ်ရင်းတို့ ပူးပေါင်းတပ်ဖွဲ့အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) ကလိုထူး ဘောဗျူဟာ(၁)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၈)တို့ပူးပေါင်း၍ ခုဒုံနှင့် အောင်လိုင်ကျေးရွာ ကြားတနေရာတွင် ချုံခိုတိုက်ခိုက်ခဲ့သည်ဟု ဒီကေဘီအေ ကလိုထူးဘောဗျူဟာ(၁) စစ်ဆင်ရေးမှူး G2 ဗိုလ်မှူးစောဆန်းအောင်က ယခုလို ပြောသည်။
၎င်းက “မနေ့က နေ့လည် ၁၂းဝဝနာရီအချိန်မှာ ခုဒုံနဲ့ အောင်လိုင်ကြားက တောင်ကြားတနေရာမှာ တက်လာတဲ့ နအဖနဲ့ BGF စစ်ကြောင်းကို ကျနော်တို့တပ်ဖွဲ့က အပိုင်နေရာယူထားပြီးတော့ စောင့်ပစ်တယ်။ အဲဒီမှာ နအဖနဲ့ BGF တွေရဲ့ အလောင်း ၃ဝ နဲ့ လက်နက်အလက် (၃၀)ကို ကျနော်တို့ဘက်က ကောက်ရခဲ့တယ်။”ဟု ကေအိုင်စီကို အတည်ပြုပြောကြားသည်။
အဆိုပါ ချုံခိုတိုက်ပွဲတွင် ကရင်တပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှု အနည်းငယ် ရှိခဲ့ပြီး နအဖနှင့် BGF တို့ထံမှ 81၊ 82၊ RPG၊ M1၊ M2 စသည့်လက်နက်များ အပါအဝင် ကျည်ဆံတချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဗိုလ်မှူးစောဆန်းအောင် က ပြောသည်။

ထိုပစ်ခတ်မှုများကြောင့် ဖလူးကြီး၊ ဖလူးငယ်၊ ကျောက်ခက်စသည့်ကျေးရွာမှ ဒေသခံ ကရင်ပြည်သူ ၁,၀၀၀ကျော် ထိုင်းနိုင်ငံ၊ ဖို့ဖရမြို့နယ်အတွင်းရှိ နယ်စပ်နေရာများသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
အလားတူ ဘုရားသုံးဆူမြို့နယ်ခွဲရှိ တဲသုံးလုံးနှင့် ဇီးပင်ကျေးရွာကြားတွင် နအဖ ခမရ(၄၀၆)နှင့် ဒီကေဘီအေ ဒုဗိုလ်မှူးကြီး စောအေဝမ်းတပ်ဖွဲ့တို့ ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၂ဦး ပွဲချင်းပြီး ကျဆုံးသွားခဲ့ကြောင်း သိရသည်။
နယ်ခြားစောင့်တပ် အမှတ်(၁၀၁၆)တပ်ရင်းကို ဦးစီးသူမှာ ဗိုလ်မှူးစောမြတ်ခိုင်ဖြစ်ပြီး ယခင် ဒီကေဘီအေ တပ်မဟာ(၉၉၉) လက်အောက်ခံ တပ်ရင်း(၃)၏ တပ်ရင်းမှူးဖြစ်သည်။


















