ဇူလိုင် ၃ဝ ရက်၊ ၂၀၁၈ ခုနှစ်။ စောထွန်းလင်း
ပြည်နယ်နှင့် တိုင်းဒေသကြီး ငါးခုရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီများမှ ကိုယ်စားလှယ်များ၊ နယ်ပယ်စုံ ကရင် စာပေကျွမ်းကျင် ပညာရှင်များပါဝင်သည့် ကရင်စာသင်ရိုး ဖြစ်မြောက်ရေးကော်မတီနှင့် ပြုစုရေးဆွဲရေး အဖွဲ့ကို ဇူလိုင် ၂၈ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး မန်းသန်းဝင်းဦးက ကေအိုင်စီသို့ ပြောသည်။
အဆိုပါကော်မတီနှင့် အဖွဲ့ကို ရန်ကုန်မြို့၊ အောက်ကြည့်မြင်တိုင်လမ်း၊ အမှတ် ၅၂၄ ၌ ဇူလိုင် ၂၇ မှ ၂၈ ရက်နေ့ ထိ နှစ်ရက်တာ ပြုလုပ်သည့် ကရင်စာပေသင်ရိုး အလုပ်ရုံဆွေးနွေးပွဲ အပြီးတွင် ဖွဲ့စည်းတာဝန်ပေးလိုက်ခြင်း ဖြစ်သည်။
“ ကရင်စာပေသင်ရိုး အလုပ်ရုံဆွေးနွေးပွဲ အပြီးမှာ ကရင်စာပေသင်ရိုးဖြစ်မြောက်ရေးကော်မတီနဲ့ စကောကရင် စာပေသင်ရိုး ပြုစုရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်။ ရေးဆွဲရေးလုပ်ငန်းက ဩဂုတ်လ ကစပြီး ဆောင်ရွက် သွားမယ်။ အဲ့ဒါပြီးရင် ပြဌာန်း စာအုပ်ရမယ်ပေါ့၊ ဒါကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ငါးခုက ကရင်ရေးရာဝန်ကြီး တွေ နောက် ကရင် စာ/ယဉ် တာဝန်ရှိသူတွေ၊ ကရင်ပြည်နယ်က ဝန်ကြီးချုပ်နဲ့ စာပေနဲ့ ယဉ်ကျေးမှုကော်မတီ ကသဘောတူရင် ပြဌာန်း စာအုပ်အဖြစ် ပညာရေးဝန်ကြီးဌာနက ပုံနှိပ်မယ် သွားဖို့ရှိတယ်”ဟု ကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ မန်းသန်းဝင်းဦးက ကေအိုင်စီသို့ ပြောသည်။
ကရင်စာပေ သင်ရိုးဖြစ်မြောက်ရေးကော်မတီတွင် ဥက္ကဌ အဖြစ် ယခင်ကရင်ရေးရာဝန်ကြီး စောဂျူပလီစံလှ၊ ဒုဥက္ကဌ များအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ၅ ခုမှ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ တာဝန်ရှိသူများ၊ အတွင်းရေးမှူးအဖြစ် မန်းသန်းဝင်းဦးတို့ ပါဝင်ဖွဲ့စည်းထားသည်။
အလားတူ စကောကရင်သင်ရိုး ပြုစုရေးဆွဲရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် စောလင်းခယ် (ပုသိမ် ပညာရေးကောလိပ်ကျောင်းအုပ်ကြီး -ငြိမ်း)၊ ဒေါက်တာစောကြည်စိုး ပဲခူးတက္ကသိုလ် အငြိမ်းစားပါမေက္ခချုပ်နှင့် ကရင်စာပေပညာရှင်များအပါအဝင် အဖွဲ့ဝင် ၁ဝ ဦးဖြင့် ဖွဲ့စည်းထားသည်။
လက်ရှိ အခြေခံပညာကျောင်းများတွင် ပိုးနှင့် စကောကရင်စာ သင်ကြားနေသော်လည်း နေရာဒေသအလိုက် သင်ရိုး အသုံးပြုမှု ကွဲပြားမှုရှိကာ ပညာရေးဝန်ကြီးဌာနက ကရင်စာ သင်ကြားနေသည့် ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်၊ ပဲခူးနှင့် တနသင်္ာရီတိုင်း ဒေသကြီးရှိ ရေးရာဝန်ကြီးများ၊ ကရင်စာပေနှင့် ယဉ် ကျေးမှုကော်မတီတာဝန်ရှိသူများက တပြေးညီထောက်ခံသည့် သင်ရိုး ပေါ်ထွက်လာမှသာ ပုံနှိပ်ဖြန့် ဝေရေး ဆက်လုပ်ဆောင်မည် ဖြစ်သည့်အတွက် ယခုလို ကရင်စာ သင်ကြားရေး စနစ်ကျစေရန်နှင့် တပြေးညီ သင်ရိုး ပေါ်ထွက်လာရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။



















