ဇူလိုင် ၁၆ ရက်၊ ၂၀၁၈ ခုနှစ်။ စောထွန်းလင်း
မိုးရာသီ YUFT (Yangon Ultimate Football Tournament) ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ရှုံးထွက်ပွဲစဉ် အဖြစ် တက္က သိုလ် ကရင်ကျောင်းသားများ ဘောလုံးအသင်း (UKS.FC) နှင့် သာကေတမြို့ အခြေစိုက် Dream Killer ဘောလုံး အသင်း တို့ ဇူလိုင် ၁၅ ရက်ညနေပိုင်းတွင် အင်းစိန်မြို့နယ်၊ မီးရထားဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားရာ UKS.FC က ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားရပြီး နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိကာ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်သွားပြီး ဖြစ်သည်။
ပြိုင်ပွဲ ကျင်းပရာ အင်းစိန် မီးရထားဘောလုံးကွင်းသည် ရေဝပ်ခြင်း၊ ကွင်းမြက်ခင်းပြင် ကောင်းမွန်ခြင်းမရှိသလို ပြိုင်ဘက် Dream Killer အသင်းအနေဖြင့် ကြံ့ခိုင်မှုအသားပေး တွန်းတွန်းတိုက်တိုက် ကစားခဲ့သည့်အတွက် တက္ကသိုလ် ကရင်လူ ငယ်အသင်းအနေဖြင့် ခက်ခက်ခဲခဲယှဉ်ပြိုင်ခဲ့ရသည်။ ဒုတိယပိုင်းတွင် အသင်းအဓိက တိုက်စစ်မှူး စောသူရိန်နှင့် စောလှသင်း ဝင်းတို့ ဦးဆောင်ဂိုး နှစ်ဂိုး ဆက်တိုက်သွင်းယူခဲ့ပြီး ပွဲပြီးခါနီးတွင် ခြေပဂိုး တစ်ဂိုး ပေးခဲ့ရသော်လည်း ပွဲပြီး အနိုင်ရရှိခဲ့သည်။
Dream Killer အသင်း တည်ထောင်သူ ကိုကျော်ဇေယျဦးက “ကျနော်တို့ အသင်းတည်ထောင်ခဲ့တာ သုံးနှစ် ရှိပါပြီး မနှစ် က ဒီပြိုင်ပွဲမှာ ကျနော်တို့ အကြိုဗိုလ်လုပွဲအထိ ရောက်ခဲ့တယ်။ ဒီနေ့ တွေ့ရတဲ့ ကရင်ကျောင်းသား အသင်းက ပြိုင်ပွဲတစ် လျှောက် တွေ့ခဲ့ရတဲ့ အသင်းတွေထဲမှာ တော်တော်လေးကောင်းတာ တွေ့ရတယ်။ ကစားရတာလည်း တော်တော်လေး ကောင်းပါတယ်။ နှစ်ဦးနှစ်ဖက် ပြိုင်ဆိုင်မှု ပြင်းပြင်းလေး ကစားရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
UKS အသင်းအနေဖြင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ယခုလို အနိုင်ရရှိခြင်းမှာ အသင်းသားအားလုံး ညီညွတ် မှုကြောင့်ဖြစ်ကာ အကြိုဗိုလ်လုပွဲ အဆင့်တွင် မိမိတို့အသင်းကို လာရောက်အားပေးကြရန် ဖိတ်ခေါ်လိုကြောင်း အသင်းတိုက်စစ်မှူး စောသူရိန်က ပြောသည်။
အဆိုပါ ပြိုင်ပွဲကို မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းများအတွက် လူရွေးချယ်နိုင်ရေးအတွက် ပြိုင်ပွဲ ကျင်းပ ခြင်းဖြစ် ပြီုး ပြိုင်ပွဲတွင် တစ်စုံတစ်ရာ ဒဏ်ရာရရှိခြင်း စသည့်ဖြစ်စဉ်များပေါ်ပေါက်လာပါက အင်းစိန်ဆေးရုံနှင့် ချိတ်ဆက်ထား သလို ပြိုင်ဆိုင်မှုပြင်းထန်သည့်အခါ နှစ်ဖက်အားပေးသူများကို ထိန်းနိုင်ရေးအတွက် အင်းစိန် ရဲစခန်းနှင့်လည်း ချိတ်ဆက်ထားသည်ဟု ပြိုင်ပွဲ ကျင်းပရေးကော်မတီအဖွဲ့ခေါင်းဆောင် ကိုဇင်ဝေနိုင်က ကေအိုင်စီသို့ ပြောသည်။
တက္ကသိုလ် ကရင်ကျောင်းသားများအသင်းအနေဖြင့် ယခုပြိုင်ပွဲကို ပထမဦးဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သလို အကြိုဗိုလ်လုပွဲအဖြစ် လာမည့် တနဂင်္နွေနေ့ ရုံးပိတ်ရက်တွင် Galaxy City အသင်းနှင်ယှဉ်ပြိုင် ရမည်ဖြစ်သည်ဟု ပြိုင်ပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။



















