Home သတင်း တက္ကသိုလ် ကရင်‌ကျောင်းသား ‌ဘောလုံးအသင်း YUFT ပြိုင်ပွဲ ကွာတားအဆင့်တက်

တက္ကသိုလ် ကရင်‌ကျောင်းသား ‌ဘောလုံးအသင်း YUFT ပြိုင်ပွဲ ကွာတားအဆင့်တက်

3653

ဇူလိုင် ၈ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်မြို့ရှိ အ‌ပျော်တန်း‌ဘောလုံးအသင်း ၂၄ သင်းဝင်‌ရောက်ယှဉ်ပြိုင်‌နေသည့် မိုးရာသီ YUFT (Yangon Ultimate Football Tournament) ‌ဘောလုံးပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်ပွဲစဉ်အဖြစ် တက္ကသိုလ် ကရင်‌ကျောင်း သားများ ‌ဘောလုံးအသင်း(UKS.FC) နှင့် Lion King ‌ဘောလုံးအသင်းတို့ ဇူလိုင် ၈ ရက်‌နေ့ (ယ‌နေ့) တွင် အင်းစိန်မြို့နယ်၊ မီးရထား ‌ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားရာ UKS.FC က ‌ခြောက်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်သို့ တက်‌ရောက်သွားပြီး ဖြစ်သည်။

UKS.FC အသင်းမန်‌နေဂျာ မန်း‌သောသျှမ်က “ ကျ‌နော်တို့ အသင်းသားအားလုံး စုစည်းညီညွတ်မှု‌ကြောင့် အနိုင်ရခဲ့တာပါ၊ အုပ်စုမှာ ပထမရခဲ့တာ‌ရော ၁၆ သင်းရှုံးထွက်ပွဲမှာ‌ရော ညီညွတ်မှု‌ကြောင့် အနိုင်ရခဲ့တာပါ။ အဖက်ဖက်က အား‌ပေးကူညီခဲ့သူ‌တွေ အသင်းသား‌တွေကို ‌ကျေးဇူးတင်သလို ‌နောက်ပွဲ‌တွေမှာလည်း လာအား ‌ပေးဖို့ ဖိတ်‌ခေါ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင် တက္ကသိုလ်‌ကျောင်းသားများ အသင်းနှင့် Lion King အသင်းတို့၏ ၁၆ သင်းရှုံးထွက်ပွဲစဉ်တွင် တက္ကသိုလ် ကရင်‌ကျောင်းသားများ အသင်းမှ အဓိက တိုက်စစ်မှူး ‌စောသူရိန်က ‌လေးဂိုးသွင်းယူခဲ့ပြီး ‌စောလှဝင်းသန်းနှင့် ‌စော‌အောင်ဖြိုး‌ဝေတို့က တစ်ဂိုးစီအသီးသီးသွင်းယူခဲ့သည်။

အဆိုပါ Yangon Ultimate Football Tournament ‌ဘောလုံးပြိုင်ပွဲကို ‌ဘောလုံးဝါသနာပါသည့် လူငယ် ကစား သမားများ ‌ဘောလုံးအမြဲကန်နိုင်‌ရေးနှင့် လူငယ်မျိုးဆက်သစ်များ‌မွေးထုတ်ကာ ‌ဘောလုံးကလပ်အသင်းများနှင့် ချိတ်ဆက်‌ပေးနိုင်ရန် ရည်ရွယ်ထားသလို ပြိုင်ပွဲ ကာလအတွင်း တရားဝင်ကလပ်အသင်းတချို့နှင့် ‌ဘောလုံးအဖွဲ့ ချုပ်တာဝန်ရှိသူများက ကစားသမားများ၏‌ခြေစွမ်းကို လာ‌ရောက်‌လေ့လာမှုများရှိ‌ကြောင်း ပြိုင်ပွဲ ကျင်းပ‌ရေး ‌ကော်မတီဝင် ကိုတင်ကိုလတ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

တက္ကသိုလ် ကရင်လူငယ်‌ဘောလုံးအသင်းကို ရန်ကုန်မြို့ ရှိ တက္ကသိုလ် အသီးသီးသို့ အနယ်နယ်အရပ်ရပ်မှ ‌ကျောင်းလာတက်‌နေသည့် ကရင်လူငယ်‌ကျောင်းသားများဖြင့် ဖွဲ့စည်းထားပြီး အသင်းအ‌နေဖြင့် မြန်မာနိုင်ငံ ‌ဘောလုံးအဖွဲ့ချုပ်နှင့် မုံးမြန်မာ ကုမ္ပဏီတို့ ပူး‌ပေါင်းကျင်းပသည့် We Are One Cup ‌ဘောလုံးပြိုင်ပွဲသို့ ဝင်‌ရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး ယခုပြိုင်ပွဲသည် ဒုတိယအကြိမ် ဝင်‌ရောက်ယှဉ်ပြိုင်ခြင်းဖြစ်‌ကြောင်း သိရသည်။