စောထွန်းထွန်း (ဆေးတက္ကသိုလ် ပထမနှစ်)
၈လေးလုံး အရေးအခင်းမှာ ကျနော်က ရန်ကုန် ဆေးတက္ကသိုလ် ပထမနှစ်မှာ တက်နေတဲ့အချိန်။ ဇွန် ၂၁မှာပဲ ဆေးတက္ကသိုလ် ကျောင်းသားတွေကို စစ်အစိုးရက နှိမ်နှင်းလိုက်တဲ့အခါကျတော့ ကျနော်တို့ သူငယ်ချင်း ၂၀ကျော်လောက် သေသွားတဲ့အခါကျ တော့ ဒီ ၈လေးလုံးထဲမှာ ပါဝင်ဖို့ ကျနော်တို့အဖွဲ့တွေက ဆုံးဖြတ်လိုက်တာပေါ့။ ဒါပေမဲ့ ကျနော်တို့ ကံမကောင်းစွာပဲ ကျွှန်တော်တို့ နေတဲ့လမ်းမတော်ဆောင်ကို စစ်အစိုးရက ပိတ်ပစ်လို်က်တော့ ကျနော်တို့ဟာ ၈လေးလုံး အရေးအခင်းမှာ ရန်ကုန်မြို့မှာ ပါဝင်ခွင့် မရလိုက်ဘဲ နယ်ကကျောင်းသားတွေ အကုန်လုံးဟာ ကိုယ့်နေရပ်ဒေသကို ပြန်ခဲ့ကြရတယ်လေ။
ကျနော်နေတာက ဘားအံမြို့နယ်၊ ကော့ကျိုက်ကျေးရွာမှာ။ ၈လေးလုံး အရေးတော်ပုံအတွက် ကျနော်တို့ သူငယ်ချင်းတစ်စုဟာ ကော့ကျိုက်ရွာဘုန်းကြီးကျောင်းမှာ သပိတ်စခန်းဖွင့်ခဲ့တယ်။ နောက် မော်လမြိုင်၊ ကျိုက်သုတ်ဘုရားက သပိတ်စခန်းဌာနချုပ်နဲ့ ဆက်သွယ်ပြီးတော့ ဩဂုတ်လထဲမှာပဲ အနီးအနားကျေးရွာတွေမှာ လှည့်လည်ဆန္ဒပြခဲ့တာပေါ့။ ကျနော်တို့ ကျေးရွာမှာ သက်ဆိုင် ရာ ကျေးရွာ ရပ်မိရပ်ဖတွေကလည်း အထိုက်အသင့် ထောက်ခံတဲ့အတွက် ကျနော်တို့မှာ အခက်အခဲတော့ မရှိဘူးပေါ့။ ဒါပေမဲ့ ဒီ အရေးအခင်းအပေါ်မှာ ပညာတတ် ကရင်လူတန်းစား ရပ်မိရပ်ဖ၊ အမှုထမ်းဟောင်းအချို့နဲ့ မြို့နေလူတန်းစားလောက်ပဲ နားလည် တယ်။ ကျေးရွာလူထုတွေက သပိတ်ရဲ့ သဘောသဘာဝကို နားမလည်ပေမဲ့ ထောက်ခံမှု အတိုင်းအတာတစ်ခုထိ ရှိတယ်လို့ ပြော လို့ရပါတယ်။ ဒါပေမဲ့ ကျေးရွာလူကြီးတွေဖြစ်တဲ့ ဥပမာ ပါတီဝင်တွေ၊ ကောင်စီဝင်တွေကျတော့ မပါဝင်ဘဲ တိမ်းရှောင်တဲ့ပုံစံလိုလို၊ ကျနော်တို့နဲ့လည်း ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ဘူး။ ဘယ်လိုပြောရမလဲဆိုရင် ပါတီဝင်လူကြီးက ပြီးခဲ့တဲ့ ဦးနေဝင်းရဲ့ မဆလပါတီ အပေါ်မှာတော့ သစ္စာရှိနေဆဲ သဘောမျိုးပေါ့။
အဲလိုနဲ့ စစ်အစိုးရရဲ့ နှိမ်နှင်းမှုကြောင့် ကျောင်းသားတွေဟာ နယ်စပ်ကိုထွက်ခွာဖို့ ဆုံးဖြတ်တော့ နယ်စပ်လမ်းတွေပိတ်ထားတယ်။ အဲဒီအချိန် သပိတ်စခန်းမှာ ကျနော်က အတွင်းရေးမှုးအနေနဲ့ တာဝန်ယူထားရင်း ဖားအံ၊ ပဲခူး၊ သထုံ၊ မော်လမြိုင်တွေဘက်က စစ်တပ်က နှိပ်ကွပ်တဲ့ ကျောင်းသားတွေ ၁၅၀ဝ ဝန်းကျင်လောက်ကို နယ်စပ်ဘက်ကို ပို့ဆောင်ပေးခဲ့တယ်။ နောက်တစ်ချက်က ကျနော်တို့ အနေအထားကလည်း လုံခြုံတဲ့ အနေအထားမှာ ရှိနေသေးတာကိုး။ ၈၉လောက်မှာ သပိတ်စခန်းတွေကို ဖြုတ်ပြီးတော့ ကျနော်လည်း နယ်စပ် တပ်မဟာ(၇)နယ်မြေကို ထွက်လာခဲ့တယ်။
အဓိက ၈၈အရေးအခင်း မအောင်မြင်ခဲ့တာက စစ်အစိုးရ ကြိုတင်ပြင်ဆင်ပြီးတော့ကို နှိမ်နင်းခဲ့လို့ပဲ။ ဒီအောင်မြင်ဖို့အတွက်က တော့ ပြည်သူလူထုတစ်ရပ်လုံးသာမကဘူး။ ဒီမိုကရေစီလိုလားတဲ့ တပ်မတော်သားတွေကပါ ပါဝင်လာမှ အောင်မြင်မယ်လို့ ကျနော် ထင်တယ်။ အဲဒီကာလတုန်းက ပါဝင်ခဲ့တဲ့ တပ်မတော်သားတွေရဲ့ အခန်းကဏ္ဍဟာ တအား နည်းတယ်လေ။ ဥပမာ လေ တပ်တို့ ပါဝင်တဲ့ အရှိန်အဟုန်က အနည်းအကျဉ်းလောက် အစပဲ ရှိသေးတယ်။ အထူးသဖြင့် ကြည်းတပ်ထဲက တပ်မတော်သား တွေ ပိုပြီးတော့ ပါဝင်လာနိုင်မယ်ဆိုရင်တော့ အောင်မြင်မယ်လို့ ကျနော်က မြင်တယ်လေ။
ကျနော်တို့ကတော့ ၈လေးလုံး အရေးတော်ပုံကို အခြေခံလာခဲ့ပြီး ကျနော်တို့ခံခဲ့ရတာတွေက ရာဇဝတ်မှုကြီးတစ် ခုလို ဖြစ်နေတော့ ကျူးလွန်တဲ့ စစ်အစိုးရက တနေ့နေ့ တချိန်ချိန်မှာ ပြန်ပေးဆပ်ရမှာပေါ့။ ကျနော့်အနေနဲ့က မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်း ရေးကို အကြမ်းမဖက်စေချင်ဘူး။ ပြည်သူလူထုနဲ့ စစ်အစိုးရနဲ့ အားလုံး တွေ့ဆုံဆွေးနွေးပြီးတော့ အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်မဲ့ နည်းလမ်းတခုခု လုပ်သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။
မအေးမာ (ဒဂုံ အထက-၂ ဆယ်တန်းကျောင်းသူ)
၈၈အရေးအခင်းတုန်းက ကျမက ဒဂုံ အထက(၂)က ဆယ်တန်းကျောင်းသူပါ။ ကျောင်းသူကျောင်းသားတွေက မြန်မာနိုင်ငံမှာ အုပ် ချုပ်နေတဲ့ တပါတီစနစ် ပြုတ်ကျရေးနဲ့ ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာရေးအတွက် တောင်းဆိုခဲ့ကြတယ်။ အဲဒီတုန်းက ဘဲဥတလုံး တစ်ကျပ်ခွဲ၊ ဆန်တပြည် ၁၆ကျပ်ပေါ့။ လူတယောက်က တလဝင်ငွေကျပ် ၅၀ဝဆိုရင် စားလို့လောက်တယ်။ ဒါပေမဲ့ ကျမတို့က ပြည်သူလူထု စားဝတ်နေရေး ကြပ်တည်းတယ်ဆိုပြီးတော့ ကျောင်းသူကျောင်းသားရော၊ လူထုတွေပါ အုံကြွပြီးတော့ ဆန္ဒပြခဲ့ကြ တယ်။ အဓိက ရည်မှန်းချက်ကတော့ တပါတီ အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့ ဒီမိုကရေစီစနစ် ရရှိရေးအတွက် ဆန္ဒပြခဲ့ကြတယ်။
မြန်မာပြည်ပြောင်းလဲရေးအတွက် တိုက်ပွဲဝင်ပြီး မအောင်မြင်ခဲ့တာက အဲဒီအချိန်မှာ စုစည်းညီညွှတ်တဲ့ တပ်ပေါင်းစု မရှိသေးဘူး။ ကျောင်းသားပြည်သူတွေအတွက် ခေါင်းဆောင်ကောင်းတွေ မပေါ်ထွက်ခဲ့ဘူး။ အဲဒီကြောင့် အပြောင်းအလဲ မဖြစ်ခဲ့ဘူး။ အခု ၂၂ နှစ်ကြာလာတော့လည်း ဘာတွေ ထပ်ကြုံရပြန်လဲဆိုတော့ မြန်မာပြည်ထဲမှာ လူထုတွေကတော့ အပြောင်းအလဲတွေ လိုချင်ကြ တယ်။ အဲဒီအတွက် တိုက်ပွဲဝင်မှုတွေ ရှိနေပေမယ့် အမြဲတမ်း အဖိနှိပ်ခံနေရတော့ သူတို့ကို ဦးဆောင်မယ့် ခေါင်းဆောင်ကောင်း တွေသော်လည်းကောင်း၊ ပါတီတစ်ရပ်သော် လည်းကောင်း ပေါ်မထွက်လာခဲ့ဘူး။ လူထုတွေကပဲ လမ်းပေါ်ထွက်နေရတယ်။ ဆန္ဒ ပြ တောင်းဆိုနေရတယ်။ ၈၈ ကနဲ့စာရင် အခု အခက်အခဲက ပိုကြီးလာတယ်။ လူထုအတွက် ဦးဆောင်မဲ့ ခေါင်းဆောင်၊ ပါတီမရှိတဲ့ အတွက် ခုချိန်ထိ မပြောင်းလဲသေးတာပဲ။ ပြောင်းလဲမှုတွေ ရှိလာဖို့က ကျမတို့ ညီညီညွှတ်ညွှတ် လှုပ်ရှားရမယ်။ ၂၀၀၇ ခုနှစ် စက် တင်ဘာ အရေးအခင်းကို ကြည့်မယ်ဆိုရင် သံဃာတော်တွေ ထွက်လာတယ်။ လူထုတွေလည်း ပါလာတယ်။ သူတို့တွေက အမြဲ တမ်း အဖိနှိပ်ခံနေရတော့ သူတို့ထွက်လာပေမယ့် ရှေ့က မားမားမတ်မတ် ရပ်တည်ပြီး ဦးဆောင်တဲ့သူ ပေါ်မထွက်လာခဲ့ဘူး။ သူတို့ရဲ့ လှုပ်ရှားမှုတွေ၊ တောင်းဆိုမှုတွေက ဖိနှိပ်မှု၊ ဖြိုခွင်းမှုတွေနဲ့ အဆုံးသတ်ခဲ့ရတယ်။
အခုခေတ် ကျောင်းသားလူငယ်တွေက ကျမတို့ခေတ်နဲ့ စာရင် ခေတ်မီတိုးတက်လာတယ်။ သတင်းတွေ၊ ဝက်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေကနေတဆင့် မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းတွေကို သိရှိခွင့်ရလာတော့ သူတို့တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အပြောင်း အလဲအတွက် လုပ်နိုင်ဖို့ အခွင့်အရေးတွေ ပိုပြီးများတယ်လို့ ကျမ ယူဆတယ်။ လက်ရှိမှာလည်း တဖက်က ပိတ်ဆို့မှု၊ ဖိနှိပ်မှုတွေ ရင်ဆိုင်နေရသည့်တိုင် သူတို့နိုင်သလောက်၊ တတ်စွမ်းသလောက် လုပ်နေကြတော့ ရှေ့ဆက်ပြီး ကြိုးစားလုပ်ဆောင်ကြပါလိုု့ ပြော ချင်တယ်။ ကျမတို့လည်း ၁၉၈၈ခုနှစ် အရေးတော်ပုံမှာ ပါဝင်ခဲ့ကြပေမယ့် ၂၂နှစ်ကြာသည်အထိ တိုင်းပြည်မှာ မပြောင်းလဲသေး ဘူး။ အဲဒီအတွက် ကျမတို့အနေနဲ့ တာဝန်မကျေသေးဘူးလို့ ခံစားရတယ်။
ခိုင်လင်းအောင် (စစ်တွေ အထက ၄ – ကျောင်းသား)
ကျနော် ပါဝင်လာရတဲ့ အကြောင်းရင်းကတော့ စစ်အစိုးရကို လုံးဝမကျေနပ်မှုအပေါ်မှာ ပါဝင်လာရတယ်လို့ ပြောရမှာပေါ့။ အဲဒီအ ချိန်မှာ ကျနော့်အသက် ၁၉နှစ်အရွယ်။ စစ်တွေ အထက(၄)ကျောင်းကပေါ့နော်။ စစ်တွေမှာဆိုရင် ကျနော်နဲ့ အပေါင်းအဖော်တွေနဲ့ ဆန္ဒပွဲဖြစ်မြောက်ဖို့အတွက် လုပ်တဲ့အပိုင်းတွေလည်းရှိတယ်။ ဆန္ဒပြပွဲ မတိုင်ခင်တရက်နေ့မှာ ရန်ကုန်က ဆန္ဒပြဖို့အတွက်ဆိုပြီး တော့ လွှတ်လိုက်တဲ့လူတွေ ရောက်လာတယ်။ ကျနော့် သူငယ်ချင်းတွေက ရန်ကုန်က ရောက်လာတဲ့ ကျောင်းသားတွေနဲ့ စစ်တွေ ဘောလုံးကွင်းမှာ စုကြတယ်ပေါ့နော်။ စုပြီးတော့ ဆန္ဒပြဖို့ထွက်လာတဲ့အခါမှာ ကျနော်လည်း လမ်းမှာ ကြုံရင်းနဲ့ဝင်တယ်။ ကျနော် တို့ မြို့ကိုပတ်ပြီးတော့ ဆန္ဒပြကြတယ်။ ဘုရားကြီးကွင်းကိုရောက်တော့ ကျနော်တို့ ဟောပြောပွဲတွေလုပ်တယ်။ နောက် ဟောပြော ပွဲအတွက် လိုအပ်တဲ့ပစ္စည်း မှန်သမျှကို ကျနော်တို့ ဝိုင်းဝန်းကူညီတယ်။
ဒီဆန္ဒပြပွဲကို ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျောင်းသားပြည်သူတွေကတော့ ဒီမိုကရေစီ လိုလားတာ မှန်ပါတယ်။ လိုချင်ကြ ပေမယ့် စနစ်တကျ ပုံဖော်ပေးတာမရှိဘူး။ နောက် ဦးဆောင်မှုအပိုင်းမှာလည်း အတွေ့အကြုံရှိပြီးတော့ အကွက်ကျကျ လှုပ်ရှားနိုင် ခဲ့တာ မရှိဘူး။ ဆိုတော့ အဲဒီအပေါ်မှာ အတွေ့အကြုံရှိတဲ့ အာဏာရှင်အစိုးရက လွယ်လွယ်ကူကူနဲ့ ဖြိုခွင်းလို့ရခဲ့တယ်။ ၈၈ အရေး အခင်း မအောင်မြင်ရတဲ့ အကြောင်းရင်းက ကြိုတင်ပြင်ဆင်မှုအပိုင်း အားနည်းတာပေါ့နော်။ အဲဒါကြောင့် မအောင်မြင်ရတာပါ။
နောင်လာမဲ့ ကျောင်းသူကျောင်းသားတွေကို ပြောချင်တာက ဒီ ၈၈အရေးအခင်းကို စံနမူနာယူပြီးတော့ လုပ်သင့်တဲ့ဟာကို လုပ်ရ မယ်။ စစ်အစိုးရအပေါ်မှာ မကျေနပ်တဲ့ စိတ်တခုတည်းနဲ့ စွတ်လုပ်လို့မရဘူးလေ။ အလုပ်လုပ်တဲ့အချိန်မှာ ကိုယ့်အနားမှာ ရန်သူ အမြဲတမ်းရှိတယ်ဆိုတာ သိထားဖို့လိုပါတယ်။ ပိပိရိရိ အလုပ်လုပ်နိုင်ရမယ်။ စိတ်ရှည်ရမယ်။ လျှို့ဝှက်နိုင်ရမယ်။ အဲလိုမှ မဟုတ်ဘဲ ကျောင်းသားတွေအနေနဲ့ စိတ်ဆန္ဒတခုအပေါ်မှာ အလုပ်လုပ်တယ်။ လျှို့ဝှက်မှုမရှိဘူး။ ပိရိမှုမရှိဘူး။ စိတ်ရှည်ပြီးတော့ အလုပ်လုပ် နိုင်မှု မရှိဘူးဆိုရင်တော့ ကျဆုံးမှုတွေ ပိုများနိုင်မယ်လို့ ပြောချင်ပါတယ်။
နိုင်ကဆော့မွန် (ရန်ကုန်၊ စက်မှုတက္ကသိုလ်ကျောင်းသား)
ကျနော်ကတော့ ၈၈၊ ဇွန်လလောက် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းဝင်းထဲမှာ စာသင်တဲ့ကျောင်းသားတွေက ပြီးခဲ့တဲ့ မတ်လ တုန်းက ရန်ကုန်စက်မှုတက္ကသိုလ်က ကိုဘုန်းမော်တို့ သေဆုံးသွားတဲ့ကိစ္စတွေနဲ့ ကျနော်တို့ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ စည်းဝေး တွေ၊ ဟောပြောပွဲတွေရှိကြတယ်။ အဲဒီကနေပြီးတော့မှ ကျနော်က ဒီစစ်ဆင်ရေးထဲမှာ ပါဝင်လာပါတယ်။ အဲဒီအချိန်မှာ အသက် ၂ဝရှိပါပြီ။ အဲဒီတုန်းက ကျနော်တို့ ကျောင်းသားတွေက ငြိမ်းချမ်းစွာနဲ့ပဲ ဆန္ဒပြခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ ပြန်လည် သုံးသပ်ကြည့် တဲ့အခါမှာ စစ်အစိုးရဘက်က တော်တော်လေးကို ရက်ရက်စက်စက်နဲ့ နှိမ်နှင်းဖြိုခွဲလိုက်တယ်။ ဒါကလည်း သမိုင်းကြောင်း အ ဆက်ဆက် ၁၉၆၂တုန်းကလည်း ဖြိုခွဲနှိမ်နှင်းခဲ့တာပဲ။ ကျနော်တို့ ကျောင်းသားတွေအနေနဲ့ကတော့ စစ်အစိုးရကို လူထုနည်းအား ဖြင့် အနိုင်ယူဖို့က ခက်ခဲပါတယ်။
ဒါပေမဲ့ ဒီ ၂၂နှစ်တာ ကာလအတွင်းမှာတော့ မြန်မာနိုင်ငံထဲမှာ စစ်ရေးအုပ်ချုပ်မှုနဲ့ စစ်တပ်လူတန်းစားရဲ့အောက်မှာ လူထုတွေ ဘယ်လိုခံစားနေရတဲ့အကြောင်း ကျနော်တို့ အများကြီး ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ကမ္ဘာကလည်း မြန်မာနိုင်ငံမှာ ဒီဆိုးဝါးတဲ့ အုပ်ချုပ် သူ လူတစ်စုရှိတယ်ဆိုတဲ့အကြောင်း သိသွားတာပေါ့။ လူထုတစ်ရပ်လုံးကလည်း ဒီစစ်အုပ်ချုပ်မှုကို မနှစ်သက်တော့ ကျနော်တို့ ၈၈တုန်းက လှုပ်ရှားခဲ့တာတွေကို သူတို့လည်း အမှတ်တရ ရှိဆဲပဲ။ ဒါကြောင့် ၈၈ရဲ့ စိတ်ဓာတ်တွေ၊ ၈၈ရဲ့ဝိညာဉ်တွေကတော့ ပြည်သူတွေကြားထဲမှာပဲ ရှိနေတယ်။ ဒါပေမဲ့ ၂၂နှစ်ကြာမှာ အောင်မြင်မှု မရသေးတောင် တနေ့နေ့မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲ ရှိရမယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ထွန်းရမယ်ဆိုတာ ကျနော် ယုံကြည်တယ်။ ကျနော်တို့ ကျောင်းသားတွေက လူထုအင်အားကို တအား ယုံကြည်တာမို့ လူထုတွေအနေနဲ့ကလည်း တချိန်မှာ အပြောင်းအလဲအတွက် သူတို့ တိုက်ပွဲဝင်လိမ့်မယ် လို့ ယူဆပါတယ်။
ကျောင်းသားတွေဟာ ၈လေးလုံး အရေးမတိုင်ခင်ထဲကိုက နစ်နာမှုတွေ အများအပြားနဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တယ်။ နောက်လာတက်လာမယ့် ကျောင်းသားတွေကို ပြောချင်တာက ဒီနေ့မှာ ကျောင်းသားအင်အားစုတွေကို စစ်အစိုးရကတော့ နည်း မျိုးစုံသုံးပြီး ဖြိုခွဲနေတာဖြစ်တယ်။ အဲဒါတွေကို ကျောင်းသားတွေက သတိရှိကြဖို့နဲ့ စည်းလုံးညီညွှတ်ကြဖို့ တိုက်တွန်းပါတယ်။ ကျောင်းသားတွေဟာ ပြည်သူလူထုကြားက ပေါက်ဖွားလာပြီး အမှန်တရားကို လိုလားသူတွေဖြစ်တဲ့အတွက် အမှန်တရားအတွက် တိုက်ပွဲဝင်ဖို့ တာဝန်ရှိတယ်လို့ ကျနော် မှာချင်ပါတယ်။