Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

2117

နိုင်ငံ့အ‌ရေး ဥမကွဲ သိုက်မပျက် ချီတက်ကြ‌စေချင်

ဇွန်ဝသန် ဥတုရာသီ အချိန်မီ ‌ပြောင်းလဲလာသကဲ့သို့ နိုင်ငံ့အ‌ရေးအရာများ ‌ပြောင်းလဲမှု‌ရေချိန်ကို တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး ‌မျှော်လင့်‌နေကြသည်။ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ မည်သည့်‌နေ့ရက်၊ မည်သည့်‌နေရာတွင် မည်သည့် ပုံစံဖြင့် ကျင်းပမည်ကို အစိုးရ၏ လတ်တ‌လော ရက် ၁၀ဝ စီမံချက်အတွင်း မ‌ပြောနိုင်‌သေး‌သော်လည်း ထိုနိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ အတွက် ‌မေလ ၁၆ရက်မှ ၂ဝရက်‌နေ့အထိ လှိုင်းဘွဲမြို့နယ်အတွင်း၌ ပြုလုပ်ကျင်းပခဲ့သည့် ကရင်အမျိုးသား နှီး‌နှောဖလှယ်ပွဲ တွင် လာမည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် ပြင်ဆင်သင့်သည်များကို ‌ဆွေး‌နွေးခဲ့ကြသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက နိုင်ငံ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးပွဲသို့ တင်ပြသွားနိုင်ရန် နိုင်ငံ‌ရေးဆိုင်ရာ၊ လုံခြုံ‌ရေးနှင့် ကာကွယ်‌ရေးဆိုင်ရာ၊ အုပ်ချုပ်‌ရေးနှင့် လူမှု‌ရေးဆိုင်ရာ၊ စီးပွား‌ရေးဆိုင်ရာ၊ ‌မြေယာနှင့် သယံဇာတဆိုင်ရာများဖြစ်ပြီး ထို‌ခေါင်းစဉ် ပါ စာတမ်းငါးခုကို စာတမ်းများ မူကြမ်း ‌ရေးသားပြုစုကာ အဆိုပါ နှီး‌နှောဖလှယ်ပွဲတွင် တင်ပြ‌ဆွေး‌နွေးခဲ့သည်။ အလားတူ ပြည် ပ‌ရောက် အပါအဝင် အသီးသီး‌သော ကရင်အစုအဖွဲ့များကလည်း အမျိုးသား‌ရေးနှင့် နိုင်ငံ့အ‌ရေးအရာအတွက် စာတမ်းများ တင် ပြ‌ဆွေး‌နွေးခဲ့ကြကာ စာတမ်းများအ‌ပေါ် အ‌ခြေခံ၍ နယ်ပယ်အသီးသီးမှ ကရင်‌ခေါင်း‌ဆောင်ကိုယ်စားလှယ်များက လက်‌တွေ့ကျ ကျ ‌ဆွေး‌နွေးဖြည့်စွက် အကြံများ‌ပေးခဲ့ကြသည်။

အဆိုပါစာတမ်းပါ ‌ခေါင်းစဉ်ကြီးငါးခုစလုံးကို နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် အဓိကကျ‌သော ကဏ္ဍများအဖြစ် သတ်မှတ်ခဲ့ကြပြီး ယခုကြားကာလနှင့် အနာဂတ်အတွက် ‌ဖြေရှင်းရမည့် အ‌ရေးအရာများကို အ‌ခြေခံမူ၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နှင့် မူဝါဒ(‌ပေါ် လစီ)များပါ ထည့်သွင်း‌ဆွေး‌နွေး အတည်ပြုခဲ့ကြသည်။ အထူးသဖြင့် အပစ်အခတ်ရပ်စဲသည့် ကြားကာလ၌ အုပ်ချုပ်‌ရေးတွင် ပါဝင်‌နေသည့် ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ ဒုက္ခသည်များ ပြန်လည်‌နေရာချထား‌ရေးနှင့် ပြန်လည်ထူ‌ထောင်‌ရေးကိစ္စရပ်များကို ညှိ နှိုင်း‌ဖြေရှင်း ‌ဆောင်ရွက်ရန်မှာ ဦးစွာ လုပ်‌ဆောင်ရမည့် လုပ်ငန်းဖြစ်သည်။

ပြီးခဲ့သည့်အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ-EAOs နှင့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲ ပူး တွဲ‌ကော်မတီ-UPDJC ၏ အလုပ်ရုံ‌ဆွေး‌နွေးပွဲမှ သုံးသပ်အတည်ပြုခဲ့သည့် လုပ်ငန်းများတွင် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေး ပွဲများ (National Level Political Dialogues)ကို EAO တစ်ဖွဲ့ချင်းအားဖြင့်‌သော်လည်း‌ကောင်း၊ အဖွဲ့အစည်းများစု‌ပေါင်း၍‌သော် လည်း‌ကောင်း၊ အ‌ကြောင်းအရာလိုက်၊ လူမျိုးတစ်မျိုးချင်းစီအလိုက်နှင့် ‌ဒေသအလိုက်စုဖွဲ့ပြီး ကျင်းပသွားမည်ဟုလည်းပါရှိသည်။

နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုဆိုင်ရာ မူ‌ဘောင် အခန်း(၄)၊ အပိုဒ်(၄.၁)အရ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများကို ပထမအကြိမ် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ကျင်းပခဲ့ပြီး‌နောက်ပိုင်းတွင် ကျင်းပရမည်ဟု အ‌ခြေခံလမ်းညွှန်တွင် ‌ဖော်ပြထားသည်။ ထို့အ ပြင် ‌မေလ ၂၇-၂၈ရက်‌နေ့များက ‌နေပြည်‌တော်၌ ကျင်းပပြီးခဲ့သည့် UPDJC အစည်းအ‌ဝေးတွင် ‌ရှေ့လုပ်ငန်းစဉ်အဖြစ် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးစာချုပ်(NCA)ကို လက်မှတ်မထိုး‌သေးသည့် EAO အဖွဲ့အစည်းများကို အစိုးရအ‌နေဖြင့် ဇွန်လအ တွင်း လိုက်လံ‌တွေ့ဆုံသွားမည်ဟု ငြိမ်းချမ်း‌ရေးညီလာခံ အကြိုပြင်ဆင်‌ရေး‌ကော်မတီက ဆိုသည်။

အပစ်အခတ်ရပ်စဲ‌ရေးဖြစ်‌စေ၊ ငြိမ်းချမ်း‌ရေးညီလာခံဖြစ်‌စေ၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဖြစ်‌စေ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ‌ဆောင် ရွက်‌တော့မည်ဆိုလျှင် တိုင်းရင်းသားအစုအဖွဲ့များကို ကိုယ်စားပြုခြင်း၊ အစိုးရအစုအဖွဲ့များကို ကိုယ်စားပြုခြင်း၊ နိုင်ငံ‌ရေးပါတီ များကို ကိုယ်စားပြုခြင်း၊ လူထုအ‌ခြေပြု အရပ်ဖက်အစုအဖွဲ့များကို ကိုယ်စားပြုခြင်း စသည်ဖြင့် ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံး မကျန်‌စေဘဲ၊ အ‌ဆောတလျင် မဟုတ်ဘဲ တစ်ဆင့်ချင်း ‌ဆွေး‌နွေးသွားမှသာလျှင် ထိ‌ရောက်သည့် ‌ပြောင်းလဲမှု ရလဒ်ကို ရရှိနိုင်မည်ဖြစ်သည်။ ထိုနည်းတူ ‌အောက်‌ခြေကျ‌သော အ‌ခြေခံမူများနှင့်အညီ ပြည်သူလူထုကို ရှင်းလင်းစွာ နားလည်သိရှိ‌စေပြီး ၎င်းတို့၏ သ‌ဘောထားများကို ထိ‌ရောက်စွာ ‌ကောက်ခံရယူ၍ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အားကြိုးမာန်တက် ပါဝင် ပူး‌ပေါင်းမှသာ ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုသို့ လှမ်းချီနိုင်မည်ဖြစ်ပါ‌ကြောင်း ရှုမြင်မိပါသည်။