မေ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
ကရင်နိုင်ငံရေးပါတီများ ပေါင်းစည်းခြင်းလုပ်ငန်းတွင် ပါဝင်သွားမည်ဖြစ်သလို ပါတီစည်းရုံးရေး လုပ်ငန်းများကိုလည်း တိုးလုပ် သွားမည်ဟု မေလ ၂၈ရက်နေ့တွင် အင်းစိန်မြို့နယ်၊ ဟိုက်ပတ်လမ်းရှိ၊ မာယနသန်ခန်းမ၌ ပြုလုပ်သည့် ကရင်ပြည်သူ့ပါတီ (KPP)၏ ဆဌမအကြိမ် ပါတီနှစ်ပတ်လည်ညီလာခံတွင် ဆွေးနွေးဆုံးဖြတ်ထားကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး စော စေးဝါးက ကေအိုင်စီသို့ ပြောသည်။
“အခုပါတီညီလာခံမှာ ဆွေးနွေးဆုံးဖြတ်လိုက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေကတော့ ကရင်ပါတီတွေပေါင်းစည်းရေးကို မူအရ သဘော တူထားတဲ့အတွက် ဆက်လုပ်ဆောင်သွားမယ်။ နောက် ကရင်တစ်ပါတီထဲဖြစ်ရေး မလုပ်နိုင်ခင် ကြားကာလမှာ ကိုယ့်ပါတီ အင်အားတောင့်တင်းအောင် စည်းရုံးရေးလုပ်ငန်းတွေ တိုးလုပ်သွားမယ်။ နောက် ပါတီ နှစ်စဉ်ကြေး လစဉ်ကြေးကို ပါတီဝင်တွေ ဆီက ကောက်ခံသွားဖို ့ဆွေးနွေးဆုံးဖြတ်ခဲ့တယ်”ဟု စောစေးဝါးက မေလ ၂၈ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
တစ်နေ့တာ ပြုလုပ်သည့် ပါတီညီလာခံသို့ မနက်ပိုင်းသို ့ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူ တူးစေးဖိုး၊ ဥက္ကဌ အကြံပေးအရာရှိ စောထူးထူးလေးနှင့် ဥက္ကဌရုံးအဖွဲ့မှူး စောတာမူလားတို ့ တက်ရောက်ခဲ့ကြပြီး လက်ရှိအစိုးရ နှင့် လုပ်ဆောင်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေ၊ ကရင်ပါတီများ စုစည်းညီညွတ်ရေး၊ လက်ရှိနိုင်ငံရေး အခင်းအ ကျင်းတို့ကို အမြင်ဖလှယ်ပြောဆို ဆွေးနွေးခဲ့ကြသည်။
ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက “အခု ကရင်ပါတီတွေ သုံးလေးပါတီရှိကြပါတယ်။ ပါတီတိုင်းဟာ သူ့မူဝါဒနဲ့ အဆုံး သတ် ရည်မှန်းချက်ရှိကြမှာပါ။ ပါတီတိုင်းဟာ ကိုယ့်အမျိုးသားအရေးကို ပါလီမန်အတွင်းကနေပြီးတော့ ကိုယ့်အမျိုးသားရေးကို တိုက်ပွဲဝင် လုပ်ကိုင်သွားကြမယ်လို့ ကျနော်ဒီလိုပဲ ခန့်မှန်းပါတယ်။ အခု ကရင်ပါတီတွေ ပြန်စုစည်းပေါင်းစည်းဖို ့လုပ်နေတာ ကောင်းပါတယ်။ အခု အမျိုးသားရေးအတွက် ကျနော်တို ့ ကိုယ့်နည်းကိုယ့်ဟန်နဲ ့တိုက်ပွဲဝင်နေတယ်။ ကရင်အမျိုးသားပါတီ တွေလည်း သူ့ပုံစံနဲ့သူ တိုက်ပွဲဝင်မယ်လို့ ကျနော်ဒီလိုပဲ မျှော်လင့်ပါတယ်”ဟု အဖွင့်အမှာစကားတွင် ထည့်သွင်းပြောဆိုခဲ့သည်။
KPP ပါတီညီလာခံသို ့ ကရင်နှင့် မွန်ပြည်နယ်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့မှ ပါတီကိုယ်စားလှယ် ၁၅ဝဦးကျော် တက် ရောက်ခဲ့ပြီး ဆိုင်ရာပြည်နယ်၊ တိုင်းအလိုက် အကြံပြုစာတမ်းများကို တင်သွင်းခြင်း၊ တခြားပါတီသို့ ပြောင်းသွားသည့် စောအဲလ် ဘတ်နှင့် စောမိုးမြင့်တို့အား နှုတ်ထွက်ခွင့်ပြုခြင်း ပါတီဒုဥက္ကဌတစ်ဦး ဖြည့်စွက်ခန့်ထားခြင်းတို့ကို အတည်ပြုခဲ့ကြသည်။
ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်မရခဲ့ခြင်းမှာ ပါတီဝင်များအနေဖြင့် ရွေးကောက်ပွဲနီးမှသာ စည်းရုံးရေးလုပ်နိုင်ပြီး ငွေကြေးလိုအပ်ချက်များရှိခြင်း၊ ကရင်ပါတီအချင်းချင်း ဝေဖန်တိုက်ခိုက် ပြောဆိုခံရခြင်း၊ အထူးသဖြင့် ပါတီခေါင်းဆောင်ပိုင်းကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်း ကရင်ပြည်သူများအနေဖြင့် ပါတီအားအစိုးရဖွဲ့နိုင်သည့် အနေအထားမရှိဟု သုံးသပ်ကာ ပြောင်း လဲလိုသည့် နိုင်ငံရေးအမြင်တို့ကြောင့် ဖြစ်သည်ဟု ပါတီသို ့တင်သွင်းသည့် အကြံပြုစာတမ်းတွင် ဖော်ပြထားသည်။
ကရင်ပြည်သူ့ပါတီကို ၂၀၁ဝပြည့်နှစ်၊ မေလ ၂၁ရက်နေ့တွင် တရားဝင် စတင် တည်ထောင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ၌ လွှတ် တော်ကိုယ်စားလှယ် ၁၁၇ဦး အရွေးခံခဲ့ရာ ကရင်ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ်တစ်ဦး အနိုင်ရရှိခဲ့သည်။ လက်ရှိ KPP တွင် ပါတီဝင်ပေါင်း တစ်သိန်းနှစ်သောင်းကျော်ရှိကြောင်း ပါတီနှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။