ဧပြီ ၂၅ ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း ပန်းတနော်မြို့နယ်ရှိ ကရင်လူမျိုးအများစု အခြေစိုက်နေထိုင် သည့် ကျေးရွာအုပ်စု ၅ဝ ခန့်တွင် ကရင့်ရိုးရာဓလေ့ထုံးတမ်းတစ်ခုဖြစ်သော အရိုးကောက်ပွဲများကို နှစ်စဉ် နွေရာသီ ဧပြီလရောက်တိုင်း ရှေးယခင်နည်းကဲ့သို့ စုပေါင်းအရိုးကောက် ပြုလုပ်မှုနည်းပါးလာသည်ဟု ဒေသခံများက ပြောဆိုသည်။
အရိုးကောက်ပွဲပြုလုပ်မှု နည်းလာရခြင်းအပေါ် ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ခြင်းတွင် ကြိုးပမ်းလုပ်ဆောင် နေသူ ပန်းတနော်မြို့နယ်၊ သလပ်ခွါကျေးရွာမှ မန်းထွန်းရွှေက “ဘာသာရေး အယူအဆအရ ခေတ်နောက်ကျ ပြီး အပို အလုပ်လို့ မြင်လာတာကြောင့် သာသနာဘောင်က တချို့ရဟန်းသံဃာတော်တွေက လက်မခံတာ ရယ်၊ နောက်ပြီး ရိုးရာဓလေ့ထုံးတမ်းကို အခြေခံပြီး ကိုယ်ရေးကိုယ်တာ စီးပွားရေးအမြတ်ထုတ်မှုပုံစံတွေကြောင့် တဖြည်းဖြည်းနည်းပါးလာတာ”ဟု ကေအိုင်စီသို့ ပြောသည်။
ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည့် ကရင်လူမျိုးအများစုပြုလုပ်သည့် အဆိုပါ စုပေါင်းအရိုးကောက်ပွဲများ တွင် ဒေသကိုလိုက်၍ အနည်းဆုံး(၃)နှစ် တစ်ကြိမ်နှင့် အများဆုံး(၅)နှစ် တစ်ကြိမ်ဖြင့် ပြုလုပ်ခဲ့ကြသော်လည်း လက်ရှိ ဒေသအချို့၌ ရိုးရာထုံးတမ်းအစဉ်အလာအတိုင်း ပြုလုပ်မှုမှာ ၂၀၀ဝ ခုနှစ် နောက်ပိုင်း တဖြည်းဖြည်း နည်းပါးလာသည်ဟု သက်ကြီးရွယ်အို အဘိုးအဘွားများ၏ ပြောဆိုမှုအရ သိရသည်။
ပန်းတနော်မြို့နယ်ရှိ စုပေါင်းအရိုးကောက်ပွဲများတွင် ဦးဆောင်အရိုးကောက်သူတစ်ဦးဖြစ်သည့် မန်းလန်ဟွေး က “အခုလူတွေက သက်သက်သာသာ အလွယ်လိုက်ကြတယ်။ ရှုပ်ရှုပ်ယှက်ယှက် မလုပ်ချင်ကြတော့ဘူး။ အခုပဲ သၤဂြိုလ်၊ အခုပဲ အရိုးကောက်လိုက် ပြီးရင် ပြီးရောဆိုပြီး ထင်ကြတယ်။ ဒါကြောင့် ဆင်းသက်လာတဲ့ ရိုးရာအခြေအနေအတိုင်း မလုပ်ချင်ကြတော့ဘူး။ ရှုပ်တယ်ပေါ့လေ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယခုလို ကရင်လူမျိုးများအနေဖြင့် ရိုးရာနည်းအတိုင်း စုပေါင်းအရိုးကောက်ပွဲများပြုလုပ်လာမှုနည်းပါး လာခြင်းကြောင့် နှစ်ကြာလာသည်နှင့်အမျှ ဆိတ်သုဉ်းပျောက်ကွယ်သွားမည်ဖြစ်ပြီး ကရင်လူမျိုးများအနေဖြင့် ပြန်လည်စုစည်းကာ ဘိုးဘွားမိဘများ၏ လက်ရာခြေရာမပျက်ပြန်လည်ဖော်ထုတ်ကြရန်လည်း စိတ်ဆန္ဒ ဖြစ်မိသည်ဟု မန်းလန်ဟွေးက ဖြည့်စွက်ပြောသည်။
ကရင့်ထုံးထမ်းအစဉ်အလာအရ ၎င်းစုပေါင်းအရိုးကောက်ရာ၌ သေဆုံးသူများ၏ အရိုးစုများကို ကောက်ယူ၍ အုန်းရည်၊ အမွှေးနံ့သာများဖြင့် ဆေးကြောပြီး ငှက်ပျောပင်နှင့် ကြံပင်များစိုက်ထူခြင်း၊ ရာဇမတ်ကာရံပြီး သဲဖြူခင်းသည့်နေရာ၌ အရိုးများကို ဝါးပလိုင်းများတွင် ထည့်ကာ ငွေတောင်ပြည်သို့ ပို့ဆောင်သည့် ပုံစံဖြင့် သရုပ်ဖော်ခြင်းတို့ ပြုလုပ်ကြသည်။
အရိုးကောက်ပွဲ ပြုလုပ်သည့် ဒေသရှိ ကရင်လူမျိုးများသည် နတ်မျိုးနတ်နွယ်များအဖြစ် မိမိကိုယ်မိမိ ယုံကြည် ကြပြီး ရာဇမတ်ကာ သဲဖြူခင်းအရိုးကောက်ခြင်းကို ၎င်းတို့သာ ပြုလုပ်ကြကြောင်း၊ အခြားသော လူမျိုးများ ပြုလုပ်ပါက လေထန်မိုးကြိုးပစ်နိုင်ကြောင်းနှင့် အဆိုပါ အရိုးကောက်ခြင်းဓလေ့သည် သုဓနုမင်းသားနှင့် ဒွေးမယ်တော်တို့မှ ဆင်းသက်လာခဲ့သည့် အယူအဆတစ်ခုဖြစ်ကြောင်း သိရသည်။



















