ဧပြီ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကပိုင်ကျေးရွာ၌ လာမည့် မေလ ၈ရက်နေ့တွင် ကျင်းပမည့် ပန်းတနော်မြို့နယ်လုံးဆိုင်ရာ နွေရာသီကရင်စာပေသင်တန်းဆင်းပွဲသို့ ကရင်လက်နက်ကိုင် အချို့ကို ပထမဦးဆုံးအကြိမ် ဖိတ်ကြားသွားမည်ဟု ပွဲစီစဉ်သူများက ဧပြီ ၂၁ ရက်နေ့က ကေအိုင်စီသို့ ပြောသည်။
ပန်းတနော် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး မန်းဝင်းမောင်က “ကျနော်တို့ရဲ့KNU ထဲက မျိုးချစ်ပုဂ္ဂိုလ်တွေနဲ့ BGF ထဲက ပုဂ္ဂိုလ်ရေးအရရင်းနီးတဲ့သူတွေကို ဒီနှစ်စာပေဆင်းပွဲမှာ ဖိတ်ခေါ်သွားဖို့ စီစဉ် ထားတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကပဲ ပုဒ်မ ၁၇/၁ ကို ရုပ်သိမ်းလိုက်တယ်ဆိုတော့ ဒီနှစ်မှာပဲ သူတို့ လွတ်လပ်သွားတဲ့ သဘောပေါ့။ ကျနော်တို့နဲ့ တွေ့ဖို့ အခွင့်အလမ်းရှိသွားတဲ့ သဘောမျိုးဖြစ်တာကြောင့် ဒီနှစ်မှာပဲ ကျနော်တို့ ဖိတ်ရဲတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ သင်တန်းကို မတ်လ ၂၅ ရက်မှ ဧပြီ ၂၄ရက်နေ့အထိ ပြုလုပ်ပြီးဖြစ်သော်လည်း သင်တန်းဆင်းပွဲကို မေလ ၈ရက်နေ့၌ ကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်သည်။ ပန်းတနော် စာ/ယဉ်သည် ယခင်အစိုးရ သက်တမ်း အတွင်း ၎င်းတို့အား ကူညီမှုပေးခဲ့သည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးများကို ယခုသင်တန်းဆင်းပွဲတွင် ဂုဏ်ပြုနှုတ်ဆက်မည်ဖြစ်သလို အသစ်တက်လာသည့် ကရင်ရေးရာဝန်ကြီးများနှင့် အမတ်များကိုလည်း ကြိုဆိုသည့်အနေဖြင့် ဖိတ်ခေါ်သွားမည်ဟု မန်းဝင်းမောင်က ဆိုသည်။
သင်တန်းဆင်းပွဲအခမ်းအနားကို ပန်းတနော်မြို့နယ် အပါအဝင် ကျုံပျော်၊ ဝါးခယ်မ၊ မအူပင်၊ ကျောင်းကုန်း၊ ငပုတော၊ ညောင်တုန်း၊ ကန်ကြီးထောင့်မြို့နယ်နှင့် ရန်ကုန်တိုင်း တွံတေးမြို့နယ် စသည့် မြို့နယ်ပေါင်း (၉)မြို့နယ်မှ ပူးပေါင်းကျင်းပသွားမည်ဟု သိရသည်။
ထို့အပြင် ယင်းသင်တန်းဆင်းပွဲ၌ ကရင်ရိုးရာ ဒုံးအကအလှများကို ဖျော်ဖြေခြင်း၊ ပြိုင်ဆိုင်ခြင်းများ၊ စာစီစာကုံး ရေးသားခြင်းပြိုင်ပွဲများ ပါဝင်သွားမည့်အပြင် နှစ်စဉ်နွေရာသီ ကရင်စာပေများ သင်ကြားပေးသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းချိန်ပြင်ပ ကရင်စာပေသင်ကြားပေးသည့် ဆရာ၊ ဆရာမပေါင်း (၃၀၀) ခန့်ကိုပါ ဂုဏ်ပြုဆုချီးမြှင့်သွားမည်ဖြစ်သည်။
ကပိုင်ဒေသခံ မန်းအောင်ချောက “ကျနော်တို့ရဲ့ ကပိုင်ကျေးရွာမှာ လာလုပ်မှာ ဒီတစ်ကြိမ်နဲ့ဆို သုံးခါရှိပြီးပေါ့။ ဒီလိုစာပေဆင်းပွဲလာရောက်ကျင်းပခြင်းဖြင့် ကိုယ့်ဆီမှာရှိတဲ့ ကရင်တိုင်းရင်းသားတွေလည်း ကိုယ့်ရဲ့ စာပေယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်တဲ့နေရာမှာ ပိုမိုပြီးတော့ အားတက်သရော ဖြစ်လာတယ်။ ဒီလိုကျနော်တို့ကျေးရွာမှာ စည်စည်ကားကားနဲ့ လာရောက် ကျင်းပမည့်အပေါ်မှာတော့ အားရဝမ်းသာ ဖြစ်ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယခင်နှစ်က ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်လုုံးဆိုင်ရာ နွေရာသီကရင်စာပေသင်တန်းဆင်းပွဲကို သလပ်ခွာ ကျေးရွာတွင် ပြုလုပ်ကျင်းပခဲ့သည်။



















