ဧပြီ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြို့နယ်ခွဲအတွင်း အခြေချသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့် ဝေါလေအခြေစိုက် အစိုးရတပ်တို့အကြား ဧပြီ ၂၃ရက်၊ နေ့လည် ၂နာရီအချိန်ခန့်က ပစ်ခတ်လုနီးပါး တင်းမာမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
KNDO ဌာနချုပ်နယ်မြေဖြစ်သည့် အူးကရေ့ခီးနေရာအတွင်း ဝေါလေအခြေစိုက် အစိုးရ၏ စစ်ဆင်ကွပ်ကဲမှု ဋ္ဌာနချုပ်-စကခ(၁၉)လက်အောက်ခံ ဗျုဟာ(၂)ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးကျော်သူဦးဆောင်သည့် အင်အား ၂ဝ ခန့်မှာ တားမြစ်သည့်ကြားက သတ်မှတ်နယ်မြေအတွင်း ဝင်ရောက်လာမှုကြောင့် ပစ်ခတ်မှုဖြစ်လုနီးပါး ဖြစ်ပွားရခြင်းဖြစ်ကြောင်း KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ပြောသည်။
၎င်းက “အစိုးရတပ်က လာမယ်လို့ အကြောင်းကြားတယ်။ သူတို့ကလည်း တာဝန်အရ လာတာပါလို့ ပြောတယ်။ ကျနော်တို့က ခွင့်မပြုဘူး။ လာရင် ပစ်ခတ်မှုဖြစ်မယ်လို့ ပြောထားတယ်။ တားတဲ့ ကြားက သူတို့က လူထုကို ဓားစာခံ သဘောလုပ်ပြီး ဝင်လာတော့ လူထုအသက်ကို ငဲ့လို့ ကျနော်တို့လည်း မပစ်တော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးကျော်သူ ကိုယ်တိုင်ဦးဆောင်ပြီး လက်နက်အပြည့်အစုံပါသည့် တပ်ဖွဲ့ဝင်များမှာ ကား ၂စီးဖြင့် ရွာသား အနည်းဆုံး ၄ဦးကို ကားပေါ် တင်ခေါ်ဆောင်လာခဲ့ပြီး အူးကရေ့ခီးရွာအတွင်း လှည့်လည်ကာ မိနစ် ၃ဝ ခန့် ဓာတ်ပုံရိုက်ခြင်းများ လုပ်ဆောင်ကာ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
အထက်ပါ ကိစ္စနှင့်ပတ်သက်၍ JMC-U ဒုဥက္ကဌ KNLA စစ်ထောက်ချုပ်ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးထံ တင်ပြ အကြောင်းထားသလို ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့်ကာလအတွင်း အစိုးရတပ်အနေဖြင့် နှစ်ဖက် လေးစားသောအားဖြင့် နောက်နောင်ယင်းအပြုအမူမျိုး မပြုလုပ်သင့်ကြောင်းလည်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ဆက်ပြောသည်။
NCA စာချုပ်ပါ သဘောတူညီမှုအရ အကောင်အထည်ဖော်ရမည့် နှစ်ဖက်လေးစားလိုက်နာရမည့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဖက်ဆိုင်ရာကျင့်ဝတ်များတွင် လုံခြုံရေး ကန့်သတ် နေရာများမှအပ မည်သည့်နေရာမဆို လက်နက်မပါဘဲ အရပ်ဝတ်ဖြင့် လွတ်လပ်စွာ သွားလာခွင့် ပြုရန်၊ ထိန်းချုပ်နယ်မြေများအတွင်း လက်နက်ဖြင့် သွားလာရန်လိုအပ်ပါက နှစ်ဖက်ညှိနှိုင်း သဘောတူညီချက်ဖြင့် သွားလာရန် စသည့် အချက်များ ပါဝင်သည်။
ယင်းဖြစ်စဉ်အပေါ် KNU မှ JMC နည်းပညာအထောက်အကူပြုအဖွဲ့ဝင် ပဒိုစောအယ်ကလူစေးက “နှစ်ဖက်တပ်နေရာချထားရေးကိစ္စတွေ နှစ်ဖက်စောင့်ကြည့်လေ့လာရေးလုပ်ငန်းတွေကို ပီပြင် မလုပ် ဆောင်နိုင်သေးတဲ့ အချိန်မှာ ဒီလိုကိစ္စတွေအနည်းနဲ့ အများတော့ဖြစ်မှာ ဖြစ်ပါတယ်။ အဲဒါတွေကို အဆင့်ဆင့် ဖော်ဆောင်နိုင်မယ်ဆိုရင်တော့ တဖြည်းဖြည်း ပြေလည်သွားမှာပါ”ဟု ပြောသည်။
KNU လက်အောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO စသည့်လက်နက်ကိုင်တပ်ဖွဲ့များရှိပြီး KNU ၏ တပ်မဟာ ၇ ခုတွင် တပ်ရင်း အလိုက် KNDO တပ်ဖွဲ့ဝင်များရှိကြောင်း သိရသည်။



















