ဖေဖော်ဝါရီ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
မြန်မာနိုင်ငံတွင် တက်လာမည့် အစိုးရသစ်အနေဖြင့် ဒုက္ခသည်အရေးကိစ္စများကို ထည့်သွင်းစဉ်းစားပေးရန် ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် ဖေဖော်ဝါရီ ၁၈ရက်(ယမန်နေ့)က ကျင်းပပြီးစီးခဲ့သည့် ကရင်ဒုက္ခသည်ကော်မတီ KRC အမှုဆောင် အဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ပွဲအပြီးတွင် KRC က တောင်းဆိုလိုက်သည်။
KRC ဥက္ကဌအဖြစ် ပြန်လည်ရွေးချယ်ခံရသည့် စောရောဘတ်ထွေးက “အစိုးရသစ်အနေနဲ့ ဒုက္ခသည်ကိစ္စတွေကို အရေးတယူ လုပ်ဆောင်ပေးဖို့ တောင်းဆိုလိုပါတယ်။ လတ်တလော ပြန်လည်အခြေချဖို့ မဖြစ်နိုင်သေးပေမယ့် တကယ်လို့ နေရပ်ပြန်ရမယ် ဆိုရင် ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ဖို့အပြင် နိုင်ငံသားတစ်ဦးလို ပြန်လည်ထူထောင်နိုင်ဖို့ အခွင့်အရေးတွေ ဖန်တီးပေးဖို့လည်း တောင်းဆိုလိုပါတယ်”ဟု ပြောသည်။
ဒုက္ခသည်စခန်းများကို ရိက္ခာအပြင် အခြားသော နိုင်ငံတကာအကူအညီများ တဖြည်းဖြည်း လျော့ချလာသည့်အတွက် ဒုက္ခ သည်များ ဆက်လက်ရပ်တည်ရန် အခက်အခဲများရှိလာသလို နေရပ်ပြန်လည် ပို့ဆောင်မည့်သတင်းများ ထွက်ပေါ်ခြင်းကြောင့် ဒုက္ခသည်များအကြား စိုးရိမ်မှုဖြစ်ပေါ်နေဆဲ ဖြစ်သည်။
ကရင်အမျိုးသမီးအစည်းအရုံး KWO ဗဟိုလူမှုရေးတာဝန်ခံ ဆရာမနော်ဒါးဒါးက “လောလောဆယ် အခြေအနေအရ ပြန်မပို့ သေးဘူးလို့ ပြောနေကြမယ့် အခုစခန်းတွေမှာ ကျန်းမာရေး၊ ပညာရေးအကူညီ စတာတွေမှာ ဝန်ထမ်းတွေ တဖြည်းဖြည်း လျှော့ ချတာမျိုးတွေ ဖြစ်လာပါတယ်။ ဒီလို ဖြစ်လာတာ ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ ဖိအားပေးတာတစ်ခုပဲလို့ ကျမတို့ မြင်ပါတယ်” ဟု ပြောသည်။
ယခင်မြန်မာအစိုးရမှ ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုများရှိသော်လည်း ဒုက္ခသည်များ၏ လုံခြုံရေး နှင့် ဘဝအာမခံချက်များ ရရှိရေး အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခြင်း မရှိသည့်အတွက် မကြာမီတက်လာမည့် အစိုးရ သစ်အပေါ် ဒုက္ခသည်များက မျှော်လင့်လျှက်ရှိသည်။
“မြန်မာပြည်မှာတော့ ပြောင်းလဲမှုတွေဖြစ်နေပြီ။ အခုတက်လာမယ့်အစိုးရက အရင်အစိုးရလို မဖြစ်ပါစေနဲ့လို့ မျှော်လင့်တယ်။ အစိုးရအသစ်အနေနဲ့ ဒုက္ခသည်တွေရဲ့ လိုလားချက် သဘောထားတွေကို ထည့်သွင်း မစဉ်းစားဘူးဆိုရင် အခုအခြေအနေနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး”ဟု မယ်ရာမိုစခန်း ဒုဥက္ကဋ္ဌ စောယွာဘောက ပြောသည်။
လက်ရှိတွင် ကရင်ဒုက္ခသည်ကော်မတီအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီမံခန့်ခွဲရေးနှင့် အသက်မွေးဝမ်းကျောင်း စသည့်ဌာနများထားရှိကာ လုပ်ဆောင်နေပြီး ကြိုတင်ပြင်ဆင်မှုတစ်ခုအဖြစ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာ သင်ကြားရေးကို ပိုမို လုပ်ဆောင်လာကြောင်း သိရသည်။
၎င်းအပြင် ဒုက္ခသည်များအရေးကိစ္စများကို တာဝန်ယူဖြေရှင်းပေးနိုင်ရေးအတွက် သုံးနှစ်တစ်ကြိမ် ရွေးကောက်ပွဲပြုလုပ်ကာ ကော်မတီဝင်များကို ပြန်လည်ရွေးချယ်လေ့ရှိပြီး ယမန်နေ့က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင်လည်း ယခင် ကော်မတီ ဝင်ဟောင်း အများစု ပြန်လည် ရွေးကောက်ခံခဲ့ရသည်။
KRC ရွေးကောက်ပွဲတွင် ဥက္ကဋ္ဌ စောရောဘတ်ထွေး၊ ဒုဥက္ကဌ စောဂျော့၊ အတွင်းရေးမှူး စောပွယ်စေး၊ တွဲဖက်အတွင်းရေးမှူး စော အယ်ကလူ၊ ဘဏ္ဍာရေးအကြံပေး နော်ဘလူးမင်းနိုက်ဇန်တို့ကို အလုပ်အမှုဆောင်များအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက် ခဲ့ပြီး ၎င်းတို့အနေဖြင့် အားလျော့လာသော ဒုက္ခသည်အရေးကိစ္စများကို နည်းလမ်းရှာ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင်ရှိသည့် ကရင်ဒုက္ခသည်စခန်း ၇ခုကို စီမံခန့်ခွဲသည့် ကရင်ဒုက္ခသည်ကော်မတီ KRC ကို ၁၉၈၄ခုနှစ်တွင် မာနယ်ပလော၌ စတင် ဖွဲ့စည်းခဲ့သည်။



















