မောင်ကျော်စွာ
(၂၀၁၅ခုနှစ်၊ မေလ ၇ရက်)
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေး အောင်မြင် စွာ ကျင်းပပြီးစီး၍ အချက် ၁၂ချက်ပါရှိသော ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြပါတယ်။
အကြောင်းကြောင်းကြောင့် မဆုံဖြစ်နိုင်ကြသူတွေ၊ အဖွဲ့အစည်းတွေ ပထမအကြိမ်ဆုံးအကြိမ်ဆုံဖြစ်ကြတာ၊ အတွေ့အကြုံတွေ၊ သဘောထားအမြင်တွေ အပြန်အလှန်ဖလှယ်နိုင်ကြတာဟာ ကျေနပ်စရာကောင်းပါတယ်။ ခြုံငုံကြည့်လျှင် ပထမအကြိမ်အဖြစ် စုဆုံဖြစ်ကြရာမှ အချက် ၁၂ချက်ပါတဲ့ ကြေညာချက်ကို ထုတ်ပြန်နိုင်တာဟာလည်း ကြိုဆိုဖို့ကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ယခုထက် ပိုမိုပြီး စည်းနှောင်အားရှိမယ့် လုပ်ငန်းစဉ်တစ်ရပ်ရရှိရေးအတွက် အလုပ်ဖြစ်နိုင်တဲ့ အခြေခံကောင်းတစ်ခု/အဆင့်သစ် တစ်ခုလို့မြင်ပါတယ်။
လတ်တလောရှင်းရမယ့် ပြဿနာမှာ ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲပြီး၊ နောက်တဆင့်မှာ နိုင်ငံရေးဆွေးနွေးဖို့ဖြစ်ပါတယ်။ တန်းတူရည်တူ နိုင်ငံရေးဆွေးနွေးနိုင်သောအခါ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး များ အပြည့်အဝရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်၏ပုံစံပြာ(blue print)ကို ညှိနှိုင်းရေးဆွဲသတ်မှတ်နိုင်ကြပါလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ယခု ထိုအဆင့်သို့ မရောက်နိုင်သေး။ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကိုပင် ပီပီပြင်ပြင် မလုပ်ဆောင်နိုင်သေးချေ။ (NCA) မူကြမ်းကို စာရွက်ပေါ်၌ လက်မှတ်ထိုးထားကြသော်လည်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ဗုံးသံ၊ အမြောက်သံတွေ မြည်ဟီးပေါ်ထွက်လာနေဆဲဖြစ်ပါတယ်။
ထုတ်ပြန်ကြေညာချက်၏ အချက်အမှတ် ၁မှာ ဖော်ပြထားသလို “နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် သဘောထား ကွဲလွဲမှု များကို လက်နက်ဖြင့် ခြိမ်းခြောက်ဖိအားပေး ဖြေရှင်းသည့်နည်းလမ်းအား ဆန့်ကျင်ကန့်ကွက်သည်”ဟုဆိုသကဲ့သို့ပင် ၂၀၀၈ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို အတင်းအဓမ္မ နာခံခိုင်းနေသည့်နည်းဖြင့်လည်း ဖြေရှင်း၍ ရနိုင်မည်မဟုတ်ပါ။
“အရင်းစစ်တော့ အမြစ်မြေက” ဆိုတဲ့ စကားလိုပါပဲ။
ဒီမိုကရေစီ စစ်မှန်ပြည့်ဝရေး၊ ပြည်တွင်းစစ်ရပ်စဲပြီး စစ်မှန်ပြီး ရေရှည်အာမခံချက်ရှိတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဖက်ဒ ရယ်ပြည်ထောင်စုတည်ဆောက်ရေး စတဲ့ပြဿနာရပ်တွေဟာ “အခြေခံဥပဒေဆိုင်ရာပြဿနာ” မဟုတ်ဘဲ နိုင်ငံရေးပြဿနာ များသာ ဖြစ်ပါတယ်။ အဆိုပါပြဿနာ ၃ခုကို အဆက်ဆက်သော အုပ်စိုးသူများက ပြီးပြတ်ပြေလည်အောင် ဖြေရှင်းခြင်းမပြုဘဲ ပုံစံမျိုးစုံနဲ့ ထိန်းသိမ်းထားပြီး သူတို့အုပ်စိုးမှုကို ခိုင်မြဲရှည်ကြာစေခဲ့ပါတယ်။
“အခြေခံဥပဒေ” ဆိုတာ အနိုင်ရအုပ်စိုးသူများက နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စသဖြင့် ဘက်ပေါင်းစုံ လွှမ်းမိုးချုပ်ကိုင်စေ စားနိုင်ရန် စိတ်ကြိုက်ရေးဆွဲထားတဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းတွေသာ ဖြစ်နေပါတယ်။
အဆက်ဆက်သော အုပ်စိုးသူများဟာ သူတို့အာဏာ ရေရှည်တည်မြဲခိုင်မာစေဖို့ ခေတ်ကာလ အခြေအနေကိုလိုက်ပြီး သူတို့ အုပ်စိုးမှုရဲ့ အပေါ်ယံပုံစံကို “ပြောင်းလဲ”ခဲ့ကြတယ်။ ဒီလိုအပေါ်ယံ “အပြောင်းအလဲ” ဆိုတဲ့ လှည့်စားမှုဝဲဂယက်မှာ အချို့နစ်မြုပ် သွားကြတယ်။ အချို့နစ်မျောနေကြတယ်။
အုပ်စိုးသူများဟာ
– အခြေခံဥပဒေနဲ့ အုပ်စိုးမှု
– အခြေခံဥပဒေမဲ့ အုပ်စိုးမှု (စစ်အာဏာရှင်စနစ် အုပ်စိုးမှု)
ဆိုတဲ့ပုံစံတွေနဲ့ အုပ်စိုးခဲ့ကြပြီး ခေတ်ကာလရဲ့ နိုင်ငံရေးရေပန်းစားမှုအရ “အတုအယောင်ဆိုရှယ်လစ်”မျက်နှာဖုံး၊ “အတုအ ယောင် ဒီမိုကရေစီ” မျက်နှာဖုံးများကို ခေတ်နဲ့အညီ ပြောင်းလဲ တပ်ဆင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ မြန်မာ့နည်း မြန်မာ့ဆိုရှယ်လစ်၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီတွေ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။ အပေါ်ယံပုံစံအရ ဘယ်လိုပင်“ပြောင်းလဲ”ကြခဲ့ပေမယ့် အာဏာနဲ့အုပ်စိုးမှုကတော့ သူတို့လက်ထဲမှာပဲရှိခဲ့တာပါ။ ပြည်သူတွေရဲ့လက်ဝယ် အာဏာတခါမျှ ယောင်မှား၍ပင် ရောက်မလာ ခဲ့ဖူးပါဘူး။ ဒီမိုကရေစီဆိုတာ ပြည်သူတွေက အုပ်ချုပ်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုကြတယ် မဟုတ်ပါလား။
ဒီလို အပေါ်ယံ အတုအယောင် လှည့်စားမှုတွေနဲ့ ပြောင်းလဲအုပ်စိုးခဲ့ရာမှာ အထင်အရှား တွေ့မြင်နိုင်တဲ့ အကျိုးဆက်ရလဒ်က တော့ အုပ်စိုးသူတွေ ကျိကျိတက် ကြွယ်ဝချမ်းသာလာကြတာနဲ့ အုပ်စိုးခံပြည်သူတွေ ဆင်းရဲမွဲပြာကျသွားတဲ့ ဖြစ်ရပ်ပဲဖြစ်ပါ တယ်။ ဒီမိုကရေစီစစ်စစ်၊ ပြည်ထောင်စုစစ်ဆိုတာ ၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ခုအနက် ဘယ်အခြေခံ ဥပ ဒေဘောင်ထဲမှာမှ မပါရှိခဲ့ပါဘူး။ ပြည်သူတွေ မခံစားခဲ့ရပါဘူး။ ခံစားခဲ့ရတာ ပြည်တွင်းစစ်ဆိုတဲ့ အရသာပါပဲ။ ဒီအရသာကို ပြည် သူတွေဟာ အသက်တွေ၊ သွေးတွေ၊ မျက်ရည်တွေရင်းပြီး ခံစားခဲ့ရတာ ယနေ့အထိပါပဲ။ ပြည်တွင်းစစ်ဆိုတာ တန်းတူမှုနဲ့ ဒီမို ကရေစီကင်းမဲ့မှုရဲ့ ဖော်ပြချက် မဟုတ်ပါလား။
တချို့က တည်ရှိခဲ့၊ တည်ရှိဆဲ အခြေခံဥပဒေတွေကို နှိုင်းယှဉ်ပြီး ဟိုအခြေခံဥပဒေက ဒီအခြေခံဥပဒေထက် ဒီမိုကရေစီပိုရှိသ ယောင်ယောင် ပြောတတ်ကြပါတယ်။ တကယ်တော့ အခြေခံဥပဒေ ၃ခုဟာ အကျည်းတန်အရုပ်ဆိုးပြီး အကျင့်တန်လှတဲ့ မကောင်းဆိုးဝါး ၃ကောင်အနက် ဘယ်သူအလှဆုံးလဲလို့ ရွေးခိုင်းတာမျိုးပါပဲ။ ဆိုးတဲ့ကောင်၊ ပိုဆိုးတဲ့ကောင်၊ အဆိုးဆုံးကောင် ရယ်လို့သာ ခြားနားပါလိမ့်မယ်။ ဆိုးတာ/မကောင်းတာမှာတော့ ရှင်ဆိုးတကာ့ကြီး ရှင်မထီးဆိုသလိုပါပဲ။ တကယ့်တာတေလန် တွေချည်း ဖြစ်ပါတယ်။
ဒါကြောင့် အခြေခံဥပဒေဘောင်ထဲမှာ အဖြေရှာနိုင်ကြလိမ့်မယ်။ အခြေခံဥပဒေဘောင်ထဲဝင်မှ ဖြစ်မယ်။ အခြေခံဥပဒေဘောင် ထဲဝင်ကြ၊ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာကြလို့ ပြောဆိုနေပါတယ်။ အခြေခံဥပဒေဘောင်ထဲ ဖြေရှင်းလို့ရမယ်လို့ထင် ရင် ဒီလိုထင်တာဟာ ထင်ယောင်ထင်မှားဖြစ်မှုသာ ဖြစ်ပါတယ်။ တဆင့်တက်လို့ ယုံကြည်တယ်လို့ ပြောလာရင် ပြောတဲ့သူဟာ ယုံမှတ်မှားနေသူသာ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် ၂၀၀၈ အခြေခံဥပဒေဘက်က အလံရှူးဖြစ်ပါလိမ့်မယ်။
လက်တွေ့ကို ပြန်ကြည့်တဲ့အခါ ၁၉၄၇ အခြေခံဥပဒေဘောင်ထဲမှာ ပြည်ထောင်စုပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းကြည့်တဲ့အခါ ဖက်ဒရယ်မူနဲ့ ခွဲထွက်ရေးလို့ အကြောင်းပြပြီး အကွက်ကောင်းစောင့်နေတဲ့ စစ်အုပ်စုအာဏာသိမ်းတာ ခံခဲ့ကြရတယ် မဟုတ်ပါ လား။ ယခုလည်း “၂၀၀၈ အခြေခံဥပဒေ”ကို လွှတ်တော်ထဲကပြင်ဆင်ဖို့ ကြိုးပမ်းနေတဲ့ (NLD)ပါတီရဲ့ လက်တွေ့လှုပ်ရှားမှုကိုပဲ ကြည့်ပါ။ အချိန်ဆွဲလှည့်စားမှု၊ အကောက်ကြံမှုတွေချည်း ကြုံနေရပါတယ်။ လွှတ်တော်ပြင်ပလှုပ်ရှားမှုနဲ့ ရယူထားတဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး လက်မှတ် ၅သန်းနီးပါးကို (ပြည်သူ့အသံလွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒဆိုတဲ့) လွှတ်တော်က အသိအမှတ်ပြုခြင်း မရှိပါဘူး။
၂၀၀၈ အခြေခံဥပဒေကိုလက်ခံစေခြင်း၊ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကို ဝင်စေခြင်း၊ တည်ဆဲဥပဒေများကိုလိုက်နာစေခြင်း ဖြင့် ဒီမိုကရေစီအပြည့်အဝ မရနိုင်ပါ၊ ဖက်ဒရယ်ပြည်ထောင်စုလည်း မည်သို့မျှ၊ မည်သည့်အခါမျှ တည်ဆောက် အကောင်အ ထည်ဖော်နိုင်လိမ့်မည်မဟုတ်ပါ။
သို့ပါ၍ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်လာရေးမှာ အတိုက်အခံနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်သူများ မည်မျှမြန်မြန် စုစည်းညွတ်နိုင်ကြသလဲ ဆိုတဲ့အချက်အပေါ်မှာ တည်မှီနေသည်ဟု ယုံကြည်ယူဆ ပါကြောင်း ရေးသားတပ်ပြအပ်ပါတယ်။