မတ်လ ၁၃ရက်။ ကေအိုင်စီ
ယနေ့ကျရောက်သည့် ၂၂နှစ်မြောက် ကိုဖုန်းမော် ကျဆုံးသည့်နေ့ အခမ်းအနားကို ၁၉၈၈ခုနှစ်က ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းအချို့ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အစီအစဉ်အရ မနက်ပိုင်းတွင် ၁၉၈၈ ခုနှစ်၊ ကျောင်းသားအရေးအခင်းတွင် အသက်ပေးလှူသွားကြသည့် စက်မှုကျောင်းသား ကိုဖုန်းမော် အပါအဝင် ကျောင်းသူကျောင်းသားများအား ရည်စူး၍ သံဃာတော် (၇)ပါးကို ဆွမ်းခဲဘွယ် ဆက်ကပ်လှူဒါန်းကာ တရားနာ ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
မွန်းလွဲပိုင်းတွင် ရွေးကောက်ပွဲနှင့် လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအပေါ် ဆွေးနွေးပွဲ စကားဝိုင်းပြုလုပ်ခဲ့ကြရာ အခမ်း အနား တက်ရောက်လာကြသည့် အတိုက်အခံနှင့် တပ်ပေါင်းစု အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များက ၎င်းတို့၏ အမြင်သဘော ထားနှင့် တိုက်ပွဲသဏ္ဍာန်များကို လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့ကြသည်။
၎င်းအပြင် စကားဝိုင်းတွင် မြန်မာပြည်တွင်း၌ လက်ရှိဖြစ်ပွားနေသည့် အလုပ်သမား ဆန္ဒပြမှုများမှ အထွေထွေ လူထုသပိတ် ကြီးဖြစ်စေရေး၊ အတိုက်အခံအဖွဲ့များ၏ ပြည်တွင်းပြည်ပ ချိတ်ဆက်လုပ်ဆောင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည့် အဲန်အယ်လ်ဒီ၏ ဦးဆောင်မှုအခန်းကဏ္ဍမှာ အဓိကဖြစ်ကြောင်း ဆွေးနွေးဖလှယ်ခဲ့ကြသည်။
၁၉၈၈ခုနှစ်က စက်မှုတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားဖြစ်ခဲ့သူ မန်းစိန်ဟန်က “ကျနော်တို့ ပါဝင်ဆက်စပ်တဲ့ အရာအားလုံး ဟာ နိုင်ငံရေးနဲ့ ဆက်စပ်တဲ့အရာ ဖြစ်နေတဲ့အတွက်ကြောင့်မို့ ကျောင်းသားအမြင်နဲ့ပဲ ပြောချင်ပါတယ်။ ကျောင်းသားဆိုတဲ့အ တွက် ပါတီအာဏာရဖို့၊ ပုဂ္ဂိုလ်ရေးအာဏာရဖို့ လုပ်ဖို့တော့ မရှိဘူး။ သို့သော်လည်း လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးသည် ပြည် သူတရပ်လုံးနဲ့ ပတ်သက်နေတဲ့အတွက်ကြောင့်မို့ လွန်ခဲ့တဲ့ အနှစ် ၂၀ကျော်က ကျောင်းသားစိတ်ဓာတ်အရ နအဖကို နည်းမျိုးစုံ နဲ့ ဆန့်ကျင်တိုက်ဖျက်သွားဖို့ ကျနော် ပြောချင်ပါတယ်။ လက်ရှိ နိုင်ငံရေးတိုက်ပွဲကို ကိုဖုန်းမော် စိတ်ဓာတ်နဲ့ ဆင်နွဲသွားမယ် ဆိုရင် နအဖကို ဖြုတ်ပစ်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။
“ဖုန်းမော်မသေ ရှင်သန်နေ”ဟူသော ဆောင်ပုဒ်ဖြင့် နောက်ခံထားသည့် အဆိုပါအခမ်းအနား စကားဝိုင်းကို အဖွဲ့အစည်း အ သီးသီးမှ လူပုဂ္ဂိုလ် ၅ဝ ဝန်းကျင် တက်ရောက်ဆင်နွဲခဲ့ကြသည်။