မောင်ကျော်စွာ
(၁၄- ၃ -၂၀၁၄)
တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး အဘယ့်ကြောင့် နှောင့်နှေးကြန့်ကြာနေရသနည်း။ ယင်း အတွက် မည်သူ့တွင် တာဝန်ရှိသနည်း။ မူမမှန်သဖြင့် ယခုကဲ့သု့ိ ကြန့်ကြာနေရခြင်းဖြစ်ပြီး အစိုးရတွင် တာဝန်ရှိပါသည်။
ယခုအခါ စာချုပ်(မူကြမ်း) ရေးဆွဲရေးအတွက် ကိုယ်စားလှယ်အရေအတွက် အညီအမျှ ပါဝင်သော “ပူးတွဲရေးသားပြုစုရေး လုပ် ငန်းအဖွဲ့”ကို ဖွဲ့စည်းခဲ့ကြပြီဖြစ်သည်။ စာချုပ်(မူကြမ်း)ကို အခန်း ၇ခန်းဖြင့် ရေးဆွဲသွားမည်ဟု ဆိုသည်။ အပစ်အခတ် ရပ်စဲရေး စာချုပ်(မူကြမ်း)ကိုပင် ဤမျှ အကြိမ်ကြိမ် ရွှေ့ဆိုင်း၊ အချိန်ယူနေကြသဖြင့် “နိုင်ငံရေးဆွေးနွေးပွဲ”သည် ထိုထက်မက အချိန်ကြာ ဇာတ်မျောနေပေတော့မည်။
အခြေခံအားဖြင့် တိုင်းရင်းသားအင်အားစုများဘက်မှ “တိုင်းပြည်မှ ခွဲထွက်ခြင်းမပြု” ဟူသည့်စကားကို ပြောကြားထားခဲ့ပြီးဖြစ် သည်။ အချို့ဆိုလျှင် ပြည်ထောင်စုအဆင့်စာချုပ် ချုပ်ဆိုရာ၌ ထိုအချက်ကို ထည့်သွင်းလက်မှတ်ထိုးခဲ့ကြပြီးလည်း ဖြစ်သည်။
သို့သော်လည်း “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော ပြည်ထောင်စု (ဝါ) ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ပါမည်ဟု↔ဆိုသည့်စကားကိုု ယနေ့အထိ အစိုးရဘက်မှ တိတိကျကျ ထုတ်ဖော်မပြောခြင်းပင် ဖြစ်သည်။
ဤအချက်ကပင် အပေးအယူ မညီမျှမှု ဖြစ်နေသည်။ ခွဲထွက်ခြင်းမပြုပါဟု တစ်ဖက်က အာမခံစကား ပြောကြားနေသော်လည်း၊ အခြားတစ်ဖက်က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပါမည်ဟု မပြောခြင်းသည် အယူသာရှိပြီး ဘာမှမပေးချင်သည့် သဘော ဖြစ်နေသည်။
အပစ်အခတ်ရပ်စဲရေးဆိုသည်မှာ နိုင်ငံရေးဆွေးနွေးပွဲနှင့် နှိုင်းယှဉ်လိုက်လျှင် သာမန်ကိစ္စကလေးမျှပင် ဖြစ်သည်။ ဤသည်ကို ပင် အစိုးရက တွက်ကပ်နေသည်။ ပြာလဲ့၊ ဇာချဲ့နေသည်။ အစိုးရတွင် အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာလို သည့် ဆန္ဒသဘောထား တကယ်တမ်းရှိနေသည်ဆိုလျှင် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲကြောင်း တစ်ဖက်သတ် ကြေညာ လိုက်ရန်သာ ရှိသည်။ ယခုတော့ မလာလို၍ တမင် ခရီးဝေးနေခြင်းဖြစ်ပါသည်။
အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ ကြံ့ဖွံ့ပါတီတို့သည် (နအဖ)စစ်အစိုးရ၏ အာဏာအမွေခံများသည်ဖြစ်သည်ကို လူမျိုးစုံပြည်သူများ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိနားလည်သဘောပေါက်ပြီး ဖြစ်ပါသည်။
သို့သော်လည်း အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ ကြံ့ဖွံ့ပါတီတို့အကြား သဘောထားကွဲပြားနေသယောင်၊ သဘောထားတင်းမာသူ များနှင့် သဘောထားပျော့ပြောင်းသူများအကြား “ပွတ်တိုက်မှု” ဖြစ်နေလေဟန်ဖြင့် အကွက်ရိုက်လှည့်စားနေသည်။ သမ္မတက ခေါ်တွေ့လိုက်၊ ကာချုပ်က ခေါ်တွေ့လိုက်ဖြင့် အချိုသပ်လှည့်ဖျားနေသည်။ ယင်းသို့တွေ့သည့် အကြိမ်အရေအတွက်တွေသာ စိပ်လာသော်လည်း သမ္မတထံမှဖြစ်စေ၊ ကာချုပ်ထံမှဖြစ်စေ ရေရာတိကျသည့် သဘောထားနှင့် အာမခံချက်ရရှိခြင်း မရှိခဲ့ချေ။
အဓိကပြဿနာမှာ တိုင်းရင်းသားတွေ တောင်းဆိုနေသည့် “ဖက်ဒရယ်ပြည်ထောင်စု” ဖွဲ့စည်းရေးကို အစိုးရ၊ လွှတ်တော်၊ စစ် တပ်၊ ကြံ့ဖွံ့ပါတီတို့က လက်မခံနိုင်ခြင်း ဖြစ်သည်။ ဤအချက်သည် ရာစုနှစ်ဝက်ကျော် ပြည်တွင်းစစ်၏ နိုင်ငံရေးပြဿနာများ ထဲမှ အရေးကြီးသည့် ပြဿနာတစ်ရပ်ပင်ဖြစ်သည်။ ယင်းအချက်နှင့်ပတ်သက်၍ အုပ်စိုးသူအစိုးရအဆက်ဆက်က နိုင်ငံရေးပြ ဿနာအဖြစ် အသိအမှတ်မပြုဘဲ၊ ခွဲထွက်ရေးပြဿနာ၊ ဆူပူသောင်းကျန်းမှုပြဿနာအဖြစ် သရုပ်ဖျက်ခဲ့ပြီး အဓိကအားဖြင့် စစ် ရေးအရ ချေမှုန်းခဲ့ပြီး၊ နိုင်ငံရေးပရိယာယ်အရ (အတုအယောင် ဆွေးနွေးပွဲများဖြင့်) လက်နက်ချစေခဲ့သည်။
ယခုလည်း ကြံ့ဖွံ့အစိုးရသည် “ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး” ဆိုသည့်အချက်ကို တိတိကျကျ အာမခံပြောခြင်းမရှိ၊ ယင်း အချက်ကို အစိုးရဘက်မှ လက်ခံလိုက်လျှင် “၂၀၀၈အခြေခံဥပဒေ”ကို အသစ် ပြန်လည်ရေးဆွဲရမည်။ သို့အတွက် လက်နက် ကိုင် တိုင်းရင်းသားအင်အားစုများအား လက်နက်ဖြုတ်/တပ်ဖျက်ပြီး “၂၀၀၈အခြေခံဥပဒေ” ဘောင်ထဲ ဇွတ်အတင်း သွတ်သွင်း နေခြင်းဖြစ်သည်။ ယင်းအချက်ကို မြစ်ကြီးနားဆွေးနွေးပွဲ၌ အစိုးရဘက်မှ တိုင်းရင်းသားများထံ ပေးအပ်ခဲ့သော အပစ်အခတ် ရပ်စဲရေးစာချုပ်(မူကြမ်း)ထဲတွင် ဗြောင်အတိအလင်း ပါရှိနေပြီးဖြစ်သည်။
သို့ပါ၍ အရင်းအချက်ဖြစ်သည့် “ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး” ဆိုသည့်အချက်ကို ကြံ့ဖွံ့အစိုးရဘက်မှ တိတိကျကျ အာမ ခံပြောကြားခြင်း မရှိသေးသ၍ တိုင်းရင်းသားပြဿနာပြေလည်ရေးသည် ယခုကဲ့သို့ ဝေးနေမြဲ ဝေးနေဦးမည်သာ ဖြစ်သည်။
အစိုးရက တကယ်တမ်း လိုချင်သည်မှာ ငြိမ်းချမ်းရေးမဟုတ်။ လက်နက်ကိုင်တိုင်းရင်းသားတွေ ကိုင်စွဲထားသည့် လက်နက်များ ကို ဖြုတ်သိမ်းရေးနှင့် တပ်ဖျက်သိမ်းပစ်ရေးသာ ဖြစ်သည်။
တစ်ပြည်လုံး ငြိမ်းချမ်းရေးကိစ္စသည် “ကားပါမစ်ပေးသူ/ယူသူများကဲ့သို့” ဟိုအကြောင်းပြ/ဒီအကြောင်းပြပြီး တစ်ဖွဲ့ချင်း၊ တစ်ဦး ချင်း အပေးအယူလုပ်ရသည့်ကိစ္စ မဟုတ်ချေ။ တစ်ပြည်လုံး ငြိမ်းချမ်းရေးသည် တန်းတူရည်တူ၊ အပြန်အလှန် အပေးအယူရှိရှိ နိုင်ငံရေးဆွေးနွေးနိုင်မှသာ ခိုင်ခိုင်မာမာ ရရှိနိုင်မည့်ရလဒ်ဖြစ်သည်။ အစိုးရနဲ့ ယင်းသို့ဆွေးနွေးလိုသည့် စိတ်သဘောထား မတွေ့ရသေး။
“စာချုပ်” ဆိုသည်ကို တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ချည်နှောင်ချုပ်ကိုင်ပြီး လက်နက်ဖြုတ်နိုင်ရန် “ကိရိယာတစ်ခုအဖြစ်” သဘောထားကာ လုပ်ဆောင်နေကြသဖြင့် ယခုကဲ့သို့ နှောင့်နှေးကြန့်ကြာနေရခြင်းဖြစ်သည်ဟု ယူဆပါသည်။ အစိုးရဘက်၌ ပို၍ တာဝန်ရှိပါသည်။
ပုံမှန်၊ မူမှန် ဒီမိုကရေစီ အစိုးရတစ်ရပ်သာဆိုလျှင် ပထမအဆင့်အားဖြင့် အာဏာရပါတီ၏ သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ်သည် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲမည့် အစီအစဉ် (လုပ်ငန်းစဉ်နှင့်အဖွဲ့)ကို လွှတ်တော်သို့ တင်ပြသဘောထားရယူပေလိမ့်မည်။
ဒုတိယအဆင့်အားဖြင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ရရှိလာသော သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ်သည် စစ်တပ်ကို ကာ ကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးမှတဆင့်အမိန့်ပေးပြီး တစ်ပြည်လုံး(တစ်ဖက်သတ်) အပစ်အခတ်ရပ်စဲလိုက်ကြောင်း တိုင်းပြည်သို့ ကြေညာရမည်။
၎င်းကြေညာချက်တွင်လည်း အောက်ပါအချက်များ အခြေခံအားဖြင့် ပါဝင်ရပေလိမ့်မည်။
လူမျိုးစုံပြည်သူများ နှစ်ပေါင်းများစွာ လိုလားတောင့်တနေကြသော အရှည်တည်တံ့ခိုင်မြဲမည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဦးတည်၍ ပဏာမအဆင့်အနေဖြင့် မိမိတို့အစိုးရသည် တစ်ပြည်လုံးအတိုင်းအတာဖြင့် စစ်ရေးလှုပ်ရှားမှုအားလုံးကို တစ်ဖက် သတ် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ ထိုသို့ တစ်ဖက်သတ်ရပ်ဆိုင်းထားသည့် အချိန်ကာလကို (ယာယီအားဖြင့်) မည်မျှသတ် မှတ်ထားကြောင်း၊ ထိုသို့သတ်မှတ်ထားသည့် အချိန်ကာလအတွင်း သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေး ဆွေးနွေးပွဲများကို မည်သို့ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း၊ နှစ်ဖက်ဆွေးနွေးမှုများအပေါ် မူတည်ပြီး ယာယီအားဖြင့် သတ်မှတ် ထားသည့် အချိန်ကာလကို မည်သို့ပြောင်းလဲပြင်ဆင် သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့တစ်ဖက်သတ် ရပ်ဆိုင်းထားသည့် အချိန်ကာလအတွင်း လက်နက်ကိုင်အင်အားစုများနှင့် ကြိုတင်စည်းကမ်းသတ်မှတ်ချက် တစ်စုံတစ်ရာမျှ မထားရှိဘဲ တန်းတူ ရည်တူ ဆွေးနွေးညှိနှိုင်းအဖြေရှာကြမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆွေးနွေးမှုကို မိမိတို့အာဏာရပါတီတစ်ခုတည်းသာ လက်ဝါးကြီး အုပ်ဆောင်ရွက်ခြင်းမပြုဘဲ ပါတီစုံညှိနှိုင်းဆောင်ရွက်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်ဖက်ညှိ နှိုင်းရရှိချက်များနှင့်ပတ်သက်၍ ပြည်သူများ သိရှိအကဲဖြတ်၊ ဝေဖန်၊ အကြံပြုနိုင်ကြစေရန် မီဒီယာများမှတဆင့် အချိန်နှင့်တပြေး ညီ တင်ပြသွားမည်ဖြစ်ပါကြောင်း စသည့်အချက်များ ပါဝင်သင့်ပေသည်။
ယင်းသို့သာ အစိုးရအနေဖြင့် သဘောထားကြီးမှုကို ဖော်ပြပြီး တကယ်တမ်း အလုပ်ဖြစ်နိုင်မည့် လုပ်ငန်းစဉ်ကိုသာ တိုင်းပြည် သို့ ကြေညာလိုက်လျှင် မလိုအပ်ဘဲ အကြိမ်ကြိမ်ဝေဝါးမှုများ၊ ရှည်လျားနေသည့် တစ်တိုင်းတစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး မှာ ရက်သတ္တပတ်ခန့်အတွင်း အကောင်အထည် မုချပေါ်ပေါက်လာမည်ဖြစ်ပြီး တစ်ပြည်လုံးငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက် လှမ်းသွားရေးမှာလည်း ဖြောင့်ဖြူးနေပေလိမ့်မည်။
အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ ကြံ့ဖွံ့ပါတီတို့တွင် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေးကို လက်ခံနိုင်သည့်သဘောထား မရှိသေးသ မျှ၊ တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသမျှ၊ “၂၀၀၈ အခြေခံဥပဒေ”ကို အသေဆုပ်ကိုင်ထားသမျှ တစ်ပြည်လုံး အပစ် အခတ်ရပ်စဲရေး၊ တစ်ပြည်လုံးငြိမ်းချမ်းရေး၊ စံချိန်စံညွန်းကိုက်ညီသော ဒီမိုကရေစီရရှိရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့သည် ဝေးနေမြဲဝေးနေပေလိမ့်ဦးမည် ဖြစ်ပေသည်။