မေလ ၃ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည်များကို လာမည့် ဇွန်လ ၂ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံမည်ဟု သူမ၏ ထိုင်းခရီးစဉ်၌ ကူညီဆောင်ရွက်ပေးနေသူ KNU/KNLA ငြိမ်းချမ်း ရေးကောင်စီမှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဒေါက်တာတီမသီက ယနေ့ အတည်ပြု ပြောကြားလိုက်သည်။
“(မယ်လ)ဒုက္ခသည်မှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ အရင်သွားတွေ့မယ်။ ဒုက္ခသည်တွေရဲ့ ပြဿနာတွေကို သူ(ဒေါ်စု) သိအောင်လုပ် မယ်။ အဓိကတော့ လူထုတွေရဲ့ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံနေရတာကို သူ့အနေနဲ့ လက်တွေ့ကျကျသိဖို့ သူသွားမှာပေါ့။”ဟု သူက ပြောသည်။
KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် ထိုင်းအစိုးရနှင့် ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့်နေရာများနှင့် တွေ့ဆုံလို သည့်အဖွဲ့အစည်းများကို လိုက်လံဆက်သွယ်ကာ ကူညီလုပ်ဆောင်ပေးနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ဇွန်လ ၂ရက်နေ့ နံနက် ၉နာရီခွဲအချိန်တွင် လေကြောင်းလိုင်းဖြင့် မဲဆောက်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ထိုမှတဆင့် မယ်လဒုက္ခသည် စခန်းသို့ သွားရောက်ပြီးမှသာလျှင် မယ်တော်ဆေးခန်း တည်ထောင်သူ ဆရာမ ဒေါက်တာစင်သီယာမောင် အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် မဲဆောက်တွင် ဆက်လက် တွေ့ဆုံသွားမည်ဟု ဒေါက်တာတီမသီက ကေအိုင်စီသို့ ပြောသည်။
ဒေါက်တာတီမသေက “ကျနော်တို့အဖွဲ့အတွက်ပဲ မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးရဲ့ လိုလားမှုအားလုံး အပေါ်မှာလည်း ကျနော်တို့အနေနဲ့ ဆောင်ရွက်ပေးတာပါ”ဟု ဆိုသည်။
အလားတူ ကရင်ဒုက္ခသည်များကော်မတီ(KRC)၏ အတွင်းရေးမှူးစောဂျော့က “ဒေါ်စု မယ်လစခန်းကို ဇွန်လ ၂ရက်နေ့မှာ လာမယ့်အ ကြောင်း မယ်လစခန်းက ပလာ(ထိုင်းအာဏာပိုင်)က ကျနော်တို့ကို ဒီနေ့ပဲ ဆက်သွယ်ပြောပြလာတယ်။ အဓိကတော့ စခန်းကော်မတီ တွေကို ဒီရက်ပိုင်း ဘယ်မှမသွားသေးဖို့တော့ ပလာက ပြောထားတယ်”ဟု ကေအိုင်စီသို့ ယနေ့ညနေက အတည်ပြု ပြောဆိုခဲ့သည်။
သို့သော် မဲဆောက်တွင် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံမည်ကို ကြားသိထားမှုသာရှိပြီး အချိန်အတိအကျ မသိရသေးကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၃ဝရက်မှ ဇွန်လ ၁ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်မည့် ကမ္ဘာ့စီးပွားရေးနှီးနှော ဖလှယ်ပွဲ-WEF တွင် တက်ရောက်ရန် ပြည်ပခရီးစဉ်အဖြစ် ယမန်နေ့ည ၉နာရီကျော်က ထိုင်းလေကြောင်းလိုင်းဖြင့် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘုံမိလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။
၁၉၈၈ခုနှစ်နောက်ပိုင်းမှစ၍ နေအိမ်အကျယ်ချုပ်ဖြင့် အကြိမ်ကြိမ် ဖမ်းဆီးခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁ဝခုနှစ်၊ ရွေး ကောက်ပွဲအပြီးတွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်၍ တနှစ်ကျော်အကြာ ပထမဆုံး ပြည်ပခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ် သည်။


















