Home သတင်း Forum 2000 ဖောင်ဒေးရှင်း၏ ရဲရင့်မူနှင့်တာဝန်ယူမှုဆိုင်ရာဆု မြန်မာသပိတ်အင်အားစု GSCB နှင့် တက်ကြွလှုပ်ရှားသူ (၃) ဦး ရရှိ

Forum 2000 ဖောင်ဒေးရှင်း၏ ရဲရင့်မူနှင့်တာဝန်ယူမှုဆိုင်ရာဆု မြန်မာသပိတ်အင်အားစု GSCB နှင့် တက်ကြွလှုပ်ရှားသူ (၃) ဦး ရရှိ

21
Photo: Forum 2000

အောက်တိုဘာ (၁၃) ရက်နေ့၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ချက်သမ္မတနိုင်ငံအခြေစိုက်၊ Forum 2000 ဖောင်ဒေးရှင်း၏ ရဲရင့်မူနှင့် တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆု(International Award for Courage and Responsibility)ကို အထွေထွေသပိတ်ပေါင်းစပ် ညှိနှိုင်းရေးအင်အားစု(GSCB) နှင့် လူထုလှုပ်ရှားမှုဦးဆောင်သူ ကိုတေဇာစန်း၊ ကိုနန်းလင်း နှင့် ကိုထက်မြက်အောင်တို့က ရရှိခဲ့ကြောင်း ဖောင်ဒေးရှင်း၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

အောက်တိုဘာလ (၁၁) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ချက်နိုင်ငံ၊ ပရာ့ဂ်မြို့ရှိ Forum 2000 ဖောင်ဒေးရှင်း ညီလာခံတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် နိုင်ငံသားလွတ်လပ်ခွင့်ကိုကာကွယ်ရန် ရဲရင့်စွာဆောင်ရွက်သူများကို ဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၆ ခုနှစ်အတွက် ပေးအပ်သည့်အဆိုပါဆုကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

“သူတို့ဟာ တစ်ဦးချင်းစီအနေနဲ့တင်မက ပြင်းထန်တဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ဖမ်းဆီးခံရမှု၊ ညှင်းပန်းနှိပ်စက်ခံရမှုနဲ့ ထောင်ဒဏ်ကျခံရနိုင်ခြေ အန္တရာယ်တွေကြားကနေ ဆက်လက်လည်ပတ်၊ အလိုက်သင့်ပြောင်းလဲပြီး သမိုင်းဝင်အမွေအနှစ်တစ်ခုကို ချန်ထားရစ်ခဲ့တာ ဖြစ်ပါတယ်” ဟု Forum 2000 Foundation ၏ အမှုဆောင်ဒါရိုက်တာ Jakub Klepal က ဆုရရှိသူများအား ဂုဏ်ပြုစကား ပြောသည်။

အဆိုပါဆုကို ချက်သမ္မတနိုင်ငံ ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ မှ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် လက်ရှိကာလအခြေအနေအရ ဆုရရှိသူများကိုယ်တိုင် ဆုလက်ခံယူနိုင်မှုမရှိသဖြင့် ကိုယ်စားပြုပုဂ္ဂိုလ်များမှ ဆုပေးပွဲသို့တက်ရောက် လက်ခံပေးခဲ့ကြကြောင်း ဖောင်ဒေးရှင်း၏တရားဝင်စာမျက်နှာက ဖော်ပြသည်။

ယင်းကြောင့် မြန်မာအမျိုးသမီးမဟာမိတ်အဖွဲ့(WAB) မှ မချမ်းက GSCB ကိုယ်စား လက်ခံရယူခဲ့ပြီး တက်ကြွလှုပ်ရှားသူ(၃)ဦးကို ကိုယ်စားပြု၍ GSCB အဖွဲ့ဝင်များ မန္တလေးစစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(AFCC) မှ ကိုစတန် နှင့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂများ အင်အားစု(USUAF) မှ ကိုဘုန်းသစ် တို့က အသီးသီး ဆုလက်ခံခဲ့ကြသည်။

Photo: Forum 2000

ဆုရရှိသည့်အပေါ် GSCB အနေဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်နေကြသည့် မြန်မာပြည်သူတရပ်လုံး၏ ညီညွတ်မှုဖြင့်ကြိုးပမ်းဆောင်ရွက်မှုများကြောင့်ဖြစ်သည်ဟု ယမန်နေ့၊ အောက်တိုဘာ(၁၂)ရက်နေ့က ထုတ်ပြန်ပြောဆိုထားသည်။

“လူထုလှုပ်ရှားမှုကို ဆက်လက်ပြီး အရှိန်မြင့်တင်နိုင်အောင် ကြိုးစားအားထုတ်သွားမယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း တရားမဝင် စစ်အုပ်စုနဲ့ သူတို့ရဲ့ အတုအယောင်အစိုးရကို နိုင်ငံရေးရ တရားဝင်မှုပေးအပ်နိုင်တဲ့ ဘယ်လိုဆောင်ရွက်ချက်မျိုးကိုမဆို ဆန့်ကျင်ဆောင်ရွက်သွားဖို့ပါ” ဟု GSCB တွင် အတွင်းရေးမှူးအဖွဲ့ဝင် တာဝန်ယူထားသူ ကိုဘုန်းသစ်က ပြောသည်။

ထို့အပြင် Forum 2000 ဖောင်ဒေးရှင်းက ပေးအပ်သည့်အဆိုပါဆုရရှိခြင်းမှာ မြန်မာပြည်သူများ၏ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးကြိုးပမ််းမှုများကို ကမ္ဘာက ဆက်လက်အလေးထား အသိအမှတ်ပြုနေစေရန် သတိပေးမှုတစ်ခုလည်း ဖြစ်ကြောင်း GSCB က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုသွားသည်။

Forum 2000 ဖောင်ဒေးရှင်းသည် ၁၉၉၇ ခုနှစ်မှ စတင်ကာ ညီလာခံနှစ်စဉ်ကျင်းလာခြင်းဖြစ်သလို ညီလာခံတွင် လူမှုအသိုင်းအဝိုင်းအကျိုးဆောင်ရွက်နေသူများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် အများပြည်သူ၏ အကျိုးစီးပွားကို ဦးစားပေးပြီး ထူးခြားပြောင်မြောက်သော သတ္တိကိုပြသ သည့် ပုဂ္ဂိုလ်တဦးချင်း သို့မဟုတ် အဖွဲ့အစည်းများအား ရွေးချယ်ကာ ဂုဏ်ပြုဆု ချီးမြှင့်လေ့ရှိသည်။

ထို့အတူ ယခုနှစ် ဆုပေးပွဲပြုလုပ်သည့် ညီလာခံသို့ ချက်နိုင်ငံအစိုးရအဖွဲ့အပါအဝင် ကမ္ဘာတစ်ဝှမ်းမှပညာရှင်များ၊ အထင်ကရခေါင်းဆောင်များနှင့် ကျော်ကြားသော နိုင်ငံရေးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်းလည်း ဖောင်ဒေးရှင်း၏တရားဝင်စာမျက်နှာမှ သိရသည်။

Photo: Forum 2000