အောက်တိုဘာ (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြိုု့၊ အုတ်ကျွတ်တန်း(၁၀)ရပ်ကွက်တွင် မူးယစ်ဆေးသုံးစွဲထားသည့် အသက် (၂၂) နှစ်အရွယ် သားဖြစ်သူက မိခင်ကို နေအိမ်အတွင်း၌ပင် ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့သည့် ဖြစ်စဉ်၊ ယမန်နေ့ (စက်တင်ဘာလ ၃၀ ရက်) မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့အခြေစိုက် လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
မုန့်ဖတ်ဖို လုပ်ငန်းလုပ်ကိုင်သည့် မိသားစုနေအိမ်၌ ဖခင်ဖြစ်သူ အပြင်သွားနေစဥ် မနက်(၇)နာရီဝန်းကျင်တွင် မူးယစ်ဆေးကြောင်ပြီး သားဖြစ်သူက အသက် (၅၀) နှစ်အရွယ်ရှိ မိခင်ဖြစ်သူကို ဓားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဆေးကြောင်ပြီး သူ့အမေကို ဓားနဲ့ခုတ်သတ်လိုက်တာ။ ခေါင်း၊ နောက်စေ့တွေ ကွဲပြဲပြီး လက်ချောင်းတွေ၊ လက်ကောက်ဝတ်တွေ ပြတ်ထွက်သွားတဲ့အထိ ရက်ရက်စက်စက် ခုတ်ထားတာ။ အခုတော့ သူ့ကို လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ ဖမ်းသွားပြီ” ဟု အမှုဖြစ်ပွားရာနေရာသို့ သွားရောက်ကူညီပေးခဲ့သည့် ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူ က ပြောသည်။
အခင်းဖြစ်ပွားချိန်တွင် နေအိမ်အတွင်း သေဆုံးသူ၏သမီးဖြစ်သူ ရှိနေသော်လည်း ပိုလီယိုရောဂါကြောင့် ခြေ၊ လက်အားနည်းသဖြင့် တားဆီးနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် တောင်ငူမြို့တွင် မူးယစ်ဆေးရောင်းဝယ်ဖြန့်ဖြူးသူ များပြားနေပြီး မြို့အုပ်ချုပ်မှုတာဝန်ရှိသူများက ထိထိရောက်ရောက်ဖမ်းဆီး အရေးယူခြင်းမရှိဟုလည်း မြို့ခံများက ပြောသည်။
မြို့ခံတစ်ဦးက “မူးယစ်ဆေး ရောင်းတဲ့သူတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူရမှာ။ တောင်ငူမှာ မူးယစ်ဆေးရောင်းတဲ့သူတွေမှ အများကြီးပဲ၊ ဘာမီတွန်ဆေးလောက်တောင် ဝယ်ရမခက်တဲ့ မူးယစ်ဆေးတွေမှ အများကြီးလေ” ဟု ကေအိုင်စီကို ပြောသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးထိန်းချုပ်ရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေး၊ ဥပဒေစိုးမိုးရေးအပေါ် ကုလသမဂ္ဂ မူဝါဒနှင့်အညီဆောင်ရွက်နေသည့် UNODC Myanmar ၏ အစီရင်ခံထုတ်ပြန်ချက်များအရ နိုင်ငံရေး မတည်ငြိမ်မှု၊ ပြည်တွင်းစစ်နှင့် စီးပွားရေးအခက်အခဲများကြောင့် မြန်မာတွင် ဘိန်းစိုက်ပျိုး၊ ထုတ်လုပ်မှုနှင့် သုံးစွဲမှု သိသိသာသာမြင့်တက်လျက်ရှိသည်။
ထို့အတူ ၂၀၂၃ ခုနှစ်တွင် အာဖဂန်နစ္စတန်ကို ကျော်ဖြတ်၍ ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်မှုနိုင်ငံ အဖြစ် မြန်မာက မှတ်တမ်းတင်ခံရခြင်း ရှိခဲ့ကြောင်းလည်း သိရသည်။


















