စက်တင်ဘာ (၂၄ )ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍအပါအဝင် အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်မှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ စိန်ခေါ်မှုများကို “ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်” တွင် ဆွေးနွေးခဲ့ကြကြောင်း ယမန်နေ့ (စက်တင်ဘာလ ၂၃ ရက်)တွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က ထုတ်ပြန်သည်။
WLB က ဦးဆောင်ပြုလုပ်သည့် အဆိုပါ ဖိုရမ်ကို “ငြိမ်းချမ်းရေးအတွက်အတူတကွ၊ အားလုံး တူယှဉ်ပါဝင်ရေး” ဆိုသည့် ဆောင်ပုဒ်ဖြင့် ထိုင်းနိုင်ငံတစ်နေရာတွင် စက်တင်ဘာလ (၁၆) ရက်မှ (၁၈) ရက်နေ့အထိ သုံးရက်ကြာ လူကိုယ်တိုင်နှင့် အွန်လိုင်း ပုံစံနှစ်မျိုးဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဖိုရမ်အတွင်း အမျိုးသမီးများအကြား အတွေ့အကြုံများ ဖလှယ်နိုင်ရန်၊ အမျိုးသမီးများ၏ အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးပါဝင်မှုနှင့် ခေါင်းဆောင်မှုအတွက် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ပြန်လည်သုံးသပ်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအကူးအပြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ဆွေးနွေးနိုင်ရန်အတွက် အားလုံးပါဝင်နိုင်သည့် နေရာတစ်ရပ်ကို ဖန်တီးပေးနိုင်ခဲ့သည်ဟု WLB က ဆိုသည်။
ထို့အတူ ဖိုရမ်တွင် ဂျဲန်ဒါပေါင်းစုံ ပါဝင်နိုင်ရေး ကျင့်ဝတ်ဆိုင်ရာ အကြောင်းအရာများ၊ နိုင်ငံရေးကဏ္ဍတွင် အမျိုးသမီးများ၏ ကိုယ်စားပြုမှုပုံစံနှင့် သက်ဆိုင်သည့် တရားဝင်ဖြစ်မှုများ စသည်တို့ကို နယ်ပယ်စုံမှ ကိုယ်စားလှယ်များက ရှုထောင့်ပေါင်းစုံမှ ရလဒ်ထွက်သည်အထိ ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပါဝင်တက်ရောက်သူများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ နောက်ခံအခြေအနေမှ အမြင်များနှင့် အတွေ့အကြုံများကို မျှဝေနိုင်ခဲ့ကြပြီး ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုနှင့် စုပေါင်းနိုင်ငံရေးပါဝင်ဆောင်ရွက်မှုများအတွက် အလားအလာရှိသည့် နယ်ပယ်များကိုလည်း ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
WLB အနေဖြင့် ဖိုရမ်အတွင်း ဆွေးနွေးခဲ့သည့် အကြောင်းအရာများ၊ ပေါ်ထွက်လာသည့် တွေ့ရှိချက်များနှင့် အကြံပြုချက်များကို စုစည်းမှတ်တမ်းတင်ပြီး အနာဂတ်လုပ်ငန်းစဉ်များတွင် ထည့်သွင်း အကောင်အထည်ဖော်သွားမည်ဟု အသိပေးသည်။
အဆိုပါဖိုရမ်သို့ ဒေသအသီးသီးမှ အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်များ၊ အမျိုးသမီးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အမျိုးသမီးအဖွဲ့ဝင် စုစုပေါင်း (၁၄၄) ဦး ပါဝင်တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
WLB ကို တိုင်းရင်းသားဒေသရှိ အမျိုးသမီးများစုပေါင်း၍ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ငြိမ်းချမ်း၍တရားမျှတသည့် လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရေး၊ အမျိုးသမီးများ အဆင့်အတန်း မြှင့်တင်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စသည့်လုပ်ငန်းများကို အဓိကထားလုပ်ဆောင်နေကြောင်း သိရသည်။


















