စက်တင်ဘာ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ ပေါ်ရှိ မြို့မရဲစခန်းဘေးလမ်းနေရာနှင့် မြေနီကုန်းလမ်းဆုံ ယာဥ်ထိန်းရုံးနေရာတို့တွင် ယနေ့၊ စက်တင်ဘာ(၁၃)ရက်နေ့ မနက်(၁)နာရီဝန်းကျင်က မော်တော်ယာဥ်ဗုံးပေါက်ကွဲမှု (၂) ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြို့နယ်စစ်အုပ်စုနှင့်နီးစပ်ရာသတင်းအရင်းအမြစ်မှ သိရသည်။
စစ်အုပ်စုမှ ဖြတ်သန်းသွားလာခွင့် စစ်ဆေးကန့်သတ်ထားသည့် ဌာနဆိုင်ရာနေရာများအနီးတဝိုက် ရပ်ထားသည့် မော်တော်ယာဥ် (၂) စီးမှ အင်အားပြင်းထန်သော ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပေါက်ကွဲမှုကြောင့် ယာဥ်နှစ်စီးလုံး တစ်စဆီပျက်စီးသွားသည့်အပြင် ဌာနဆိုင်ရာအဆောက်အအုံအချို့လည်း ပျက်စီးမှုရှိသည်ဟု မျက်မြင်တွေ့ရှိသူ မြဝတီမြို့ခံက ပြောသည်။
“တစ်စီးက ရေပူ၊ တံတား(၂)လမ်းဆုံက ယာဉ်ထိန်းရုံးနားမှာပေါက်တာ၊ ယာဉ်ထိန်းရုံးပါမီးလောင်သွားတယ်။ နောက်တစ်စီးက ရဲစခန်း အနောက်ဘက် ပြန်/ဆက်ရုံး နဲ့ စာတိုက်ရုံးလမ်းဘေးနားမှာ ပေါက်တာ။ တမြို့လုံးကြားရတယ် မီးတွေပါထလောင်နေတာ။ ဘာကားအမျိုးအစားမှန်းတောင်မသိတော့ဘူး စုတ်ပြတ်သွားတာပဲ” ဟု အဆိုပါမြို့ခံက ပြောသည်။
ထို့နောက် ယနေ့မနက်ပိုင်းတွင် စစ်အုပ်စုက ယာဥ်ပေါက်ကွဲမှုအပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိရာ ဂတ်စ်အိုးနှင့်အတူတွဲထောင်ပြီး ဗုံးဖောက်ခွဲခြင်းဖြစ်ကြောင်း မြဝတီစစ်အုပ်စုနှင့်နီးစပ်ရာ ကေအိုင်စီ သတင်းအရင်းအမြစ်မှတဆင့် စုံစမ်းသိရသည်။

အမည်မဖော်လိုသူ သတင်းအရင်းအမြစ်က “ညကဗုံးက ပေါက်ကွဲအားပြင်းတယ်၊ ဗုံး ဒါမှမဟုတ် မိုင်းနဲ့ ဂတ်စ်အိုးတွေတွဲထောင်သွားတာမျိုးလို့ စစ်တပ်က စစ်ဆေးပြီးသုံးသပ်တာမျိုးရှိတယ်” ဟု ကေအိုင်စီကို ပြောသည်။
လက်ရှိ ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့်နေရာများသည် စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းကာလအတွင်း ဗုံးထောင် မှု၊ မိုင်းပေါက်ကွဲမှု နှစ်ကြိမ်ထက်မနည်း ဖြစ်ပွားဖူးသည့်နေရာများဖြစ်ကြောင်း မြဝတီမြို့ခံများက ပြောသည်။
ယခုတစ်ကြိမ် ပေါက်ကွဲအားပြင်းထန်မှုကြောင့် မြဝတီမြို့တွင်သာမက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်အထိ အသံကျယ်လောင်စွာ ကြားလိုက်ရပြီး လူထုထိတ်လန့်မှုရှိခဲ့သည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလပိုင်းကလည်း မြဝတီမြို့၊ အမှတ်(၁)တံတားအနီးနှင့် အမှတ်(၂)ရပ်ကွက်တို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ချိန် ယာဥ်(၃)စီးမီးလောင်ပျက်စီးကာ လူနေအိမ်အချို့လည်း ဗုံးစထိမှန်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။


















