Home သတင်း ကျိုက်ထို၊ ဇီးပြောင်း မူလတန်းကျောင်းနား လက်နက်ကြီးကျမှု သေဆုံးသူ (၃)ဦး အထိရှိလာ

ကျိုက်ထို၊ ဇီးပြောင်း မူလတန်းကျောင်းနား လက်နက်ကြီးကျမှု သေဆုံးသူ (၃)ဦး အထိရှိလာ

13
Photo: မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်း

ဩဂုတ် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးရွာအုပ်စု၊ ဇီးပြောင်း(၅)ရွာ စာသင်ကျောင်းဘေးရှိ ဘောလုံးကွင်းအနီး ယမန်နေ့ ဩဂုတ်လ(၁၉)ရက်နေ့က စစ်အုပ်စုပစ်ခတ်သည့်လက်နက်ကြီးထိမှန် သေဆုံးသူ (၃)ဦးအထိ တိုးလာကြောင်း ကေအဲန်ယူ-သထုံခရိုင်ထံမှ သိရသည်။

စစ်အုပ်စု၏သိမ်ဇရပ်မြို့အခြေစိုက် အမြှောက်တပ် အမတ(၃၁၀) မှ ၁၂၀ မမ ပြင်းအားရှိ လက်နက်ကြီး(၂)လုံးကို ယမန်နေ့က ဇီးပြောင်းကျေးရွာအုပ်စုအတွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဇီးပြောင်း(၅)ကျေးရွာနှင့် ဇီးပြောင်း(၆)ကျေးရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့သည်။

ဇီးပြောင်း(၅)ရွာ၊ မူလတန်းကျောင်း ဘောလုံးကွင်းအနီးသို့ ပေါက်ကွဲသည့်လက်နက်ကြီးကြောင့် အသက်(၅)နှစ်အရွယ် ယောင်္ကျားလေး(၁)ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။

ထို့အတူ ထိခိုက်ဒဏ်ရာရရှိသူများတွင် ဒဏ်ရာပြင်းထန်သူ(၂)ဦး ထပ်မံသေဆုံးခဲ့ရာ စုစုပေါင်းသေဆုံးသူ (၃)ဦးရှိလာကြောင်း ကေအဲန်ယူ-သထုံခရိုင်ဘက်က ပြောသည်။

ကျောင်းသားများ ဘောလုံးကစားနေရာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သည့်လက်နက်ကြီးကြောင့် အသက်(၁၀)အရွယ် ကလေးအပါအဝင် အမျိုးသမီး၊ အမျိုးသား စုစုပေါင်း(၁၁)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း မွန်လူ့အခွင့်အရေးအဖွဲ့က ၎င်းတို့လှုမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည်။

Photo: မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်း

ထို့အပြင် ဒေသခံများပြောပြချက်အရ လက်ရှိတွင် ထိခိုက်ဒဏ်ရာပြင်းထန်သူများကို ပဲခူးဘက်ရှိဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

“ဒီဘက်က ဘာတိုက်ပွဲမှမရှိဘဲ အမြဲ လက်နက်ကြီးပစ်တယ်။ လေယာဥ်လည်း ဘာတိုက်ပွဲမှမရှိဘဲ ကြဲတာ။ ၅ နှစ် ကလေးက ပွဲချင်းပြီးပေါ့။ စိုးရိမ်ရတဲ့သူတွေရှိတာ ပဲခူးဘက်ပို့ထားတယ်။ အမေတွေရင်ကျိုးပြီ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဇီးပြောင်း(၅) စာသင်ကျောင်းနားရှိနေသည့် နေအိမ်တစ်အိမ်မှာလည်း လက်နက်ကြီးကျည်စများ ထိမှန်ပျက်စီးသွားသည်။ ကျန်ရှိ လက်နက်ကြီးတစ်လုံးမှာ ဇီးပြောင်း(၆)ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ကေအဲန်ယူက ဆိုသည်။

ထို့အတူ ပြီးခဲ့သည့် ဇွန်နှင့်ဇူလိုင်လအတွင်း စစ်အုပ်စုက တပ်မဟာ(၁)နယ်မြေအတွင်းသို့ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း(၁၈)ကြိမ်လုပ်ဆောင်ခဲ့ရာ အရပ်သား(၅)ဦးသေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ၏မှတ်တမ်းအရ သိရသည်။