Home သတင်း လေးကေကော်၊ ရဲကုန်းအရှေ့ဘက်တိုက်ပွဲအတွင်း စစ်အုပ်စုအထိနာထား၍ လေယာဉ်ဆက်တိုက်ဗုံးကြဲ

လေးကေကော်၊ ရဲကုန်းအရှေ့ဘက်တိုက်ပွဲအတွင်း စစ်အုပ်စုအထိနာထား၍ လေယာဉ်ဆက်တိုက်ဗုံးကြဲ

19
Photo: CJ (ပုံဟောင်း)

ဩဂုတ် (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ မြဝတီမြို့တောင်ပိုင်း၊ လေးကေကော်မြို့သစ်၊ ရဲကုန်းအရှေ့ဘက်တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ အထိနာခဲ့ပြီးနောက် ယမန်နေ့ ဩဂုတ်လ(၁၁)ရက်နေ့အထိ လေယာဉ်အပါအဝင် အသေခံဒရုန်းများနှင့် နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၉)ရက်နေ့တွင် ရဲကုန်းအရှေ့ဘက်၊ ညောင်ပင်ကုန်းအနီး၌ စစ်အုပ်စု အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာချိန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများသဖြင့် တပ်ပြန်ဆုတ်ခဲ့ရသည့်စစ်အုပ်စုမှာ ထိုနေ့မှစ၍ ယမန်နေ့အထိ Y-12၊ တိုက်လေယာဉ်နှင့် ကာမီကာဇေ(အသေခံဒရုန်း)များအသုံးပြု နေ့ညမပြတ် ဆက်တိုက် ဗုံးကြဲနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“(၉)ရက်နေ့က ရဲကုန်းအရှေ့ဘက်မှာစစ်ကြောင်းထိုးတယ်။ အဲဒီမှာ ရန်သူအသေအဆုံးများတယ်။ အထိနာပြီးတော့ ပြန်ဆုတ်သွားတာ။ နောက်ပိုင်းတော့ ‌ဝေဟင်နဲ့အဆက်မပြတ်လာကြဲတာပဲ” ဟု အမည်မဖော်လိုသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လေးကေကော်အနီးရှိ KNLA ၏ ကာကင်းရဲကုန်းစခန်းသို့ ပြီးခဲ့သည့် ဇူလိုင်လဒုတိယအပတ်မှစတင်ကာ စစ်အုပ်စုက လေကြောင်းနှင့်လက်နက်ကြီးသုံး ဖိအားပေးတိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်မှလည်း စစ်ကြောင်းများခြေလျင်တက်လာခြင်း ရှိခဲ့သည်။

ထိုစဥ်ကလည်း KNLA နှင့်ပူးပေါင်းတပ်ဖွဲ့၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကြောင်းအထိနာခဲ့ပြီး အဆိုပါစခန်းအနီးဝန်းကျင်တစ်ဝိုက် လေတပ်အကူအညီဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စစ်အုပ်စုသည် ဝေါလေ- ဖလူးဒေသကို ပြန်လည်ထိန်းချုပ်ရန် ၂၀၂၆ ခုနှစ် ဧပြီလဆန်းပိုင်းမှစတင်၍ ‌အင်အားထောင်နှင့်ချီအသုံးပြု၍ ပြန်လည်စစ်ကြောင်းထိုးလာခဲ့ပြီးနောက် တိုက်ပွဲများ တကျော့ပြန်ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။