Home သတင်း ဆီအကြပ်အတည်းနှင့်အပြိုင် ပြည်တွင်း အခြေခံစားသောက်ကုန်ဈေး လိုက်ပါမြင့်တက်

ဆီအကြပ်အတည်းနှင့်အပြိုင် ပြည်တွင်း အခြေခံစားသောက်ကုန်ဈေး လိုက်ပါမြင့်တက်

473
Photo: AFP

ဧပြီ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

လတ်တလောဖြစ်ပေါ်နေသည့် စက်သုံးဆီအကြပ်အတည်းနှင့်အတူ ဆန်၊ ဆီ၊ ဆား အစရှိသည့် စားသောက်ကုန်ဈေးနှုန်းများ လိုက်ပါမြင့်တက်နေ၍ ရန်ကုန်၊ ပဲခူး ကဲ့သို့မြို့ကြီးများနှင့် ကျေးရွာနေ အခြေခံလူတန်းစားများ စားဝတ်နေရေးပိုမိုခက်ခဲလာကြောင်း သိရသည်။

မတ်လအစောပိုင်းကစ၍ မြန်မာပြည်တွင်း စက်သုံးဆီဝယ်ယူမှုအခက်အခဲကြောင့် လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ လုပ်ငန်းလည်ပတ်ရေး စသည့်တို့အထိ ဂယက်ရိုက်လာသည်။ ယင်းနှင့်အပြိုင် ဆန်မှ အသီးအနှံအထိ ကုန်ဈေးနှုန်းမြင့်တက်လျက်ရှိသည်ဟု ပဲခူးမြို့ခံ အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။

“ဒီဇယ်ဆီ ၆ ဂါလံတစ်ပုံးကို ၂ သိန်းခွဲ၊ တစ်လအတွင်း နှစ်ဆထိုးတက်လာတယ်။ စပါးကတော့ ဈေးမရှိပေမယ့် ဆန်ကျတော့ဈေးတက်တယ်။ စပါးစိုက်တဲ့သူတွေရှုံးတာပေါ့။ အသီးအရွက်ဆို ဟိုးနေ့က ရှောက်ရွက်ဝယ်တာ တစ်စီး ၈၀၀၊ ဈေးတက်လို့ မဝယ်စားနိုင်တော့ ဘူး” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

လတ်တလော ဒေသအပေါ်မူတည်ကာ ပြည်တွင်းဆန်ဈေးကွက်မှာ ဆန်ကြမ်းတစ်ပြည်လျှင် ယခင် ငွေကျပ်(၄,၀၀၀)မှ ယခု (၄,၆၀၀)ကျပ်၊ ဆန်ချောတစ်ပြည်လျှင် ယခင်က (၅,၆၀၀)ကျပ်မှ ယခု (၆,၅၀၀) ကျပ်အထိ ဈေးတစ်ရိပ်ရိပ်တက်နေကြောင်း သိရသည်။

ရန်ကုန်မြို့တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက “စားအုန်းဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဈေးတွေအကုန်တက်တယ်။ ဟင်းရွက်ဆိုရင် ကန်ဇွန်းရွက်တစ်စီး ၁,၀၀၀ အနည်းဆုံး၊ ကြက်ဥတောင် တစ်လုံး ၅၀၀ ဖြစ်နေပြီ” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် ဆီရှားပါးမှု၊ ဈေးနှုန်းမြင့်တက်မှု၊ ကန့်သတ်ချက်များပြားမှုတို့ကြောင့် ကျေးလက်ဒေသများ၌ စိုက်ပျိုးရေးလုပ်ကိုင်ရန် စက်သုံးဆီမသုံးနိုင်တော့သည့် အခက်အခဲအမျိုးမျိုးလည်း တွေ့ကြုံနေရသည်။

ယင်းကြောင့် အချို့စိုက်ပျိုးရေးလုပ်ငန်းများရပ်နားလိုက်ရပြီး လူမှုစီးပွားထိခိုက်သည်အထိ ဖြစ်ပေါ်လျက်ရှိကြောင်း ဆန်စပါးစိုက်ပျိုးမှုအများဆုံး ဧရာဝတီနှင့်ပဲခူးကဲ့သို့ တိုင်းဒေသကြီးသတင်းအရင်းအမြစ်များမှ သိရသည်။

စစ်အုပ်စုအာဏာသိမ်းပြီးနောက် ပြည်တွင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအချို့ ပြန်လည်ထွက်ခွာသွားမှု၊ တိုက်ပွဲများဖြစ်ပွားပြီး နယ်စပ်ကုန်သွယ်ရေးများ ရပ်ဆိုင်းခြင်း စသည်တို့ကြောင့် တိုင်းပြည်စီးပွားရေး ဆိုးရွားစွာ ကျဆင်းလာကြောင်း ကမ္ဘာ့ဘဏ်၏ ၆ လတစ်ကြိမ် အစီရင်ခံစာတွင် ဖော်ပြသည်။

ထိုအစီရင်ခံစာက ယခုနှစ်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မှု ၃ ရာခိုင်နှုန်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံနှင့်စက်သုံးဆီတင်ပို့မှု အခက်အခဲတွင် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများအပေါ် ရိုက်ခက်မှုရှိခဲ့သည်။