Home သတင်း အာရှလမ်းမတိုက်ပွဲတွင် စစ်အုပ်စုကို ကူညီခြင်းမရှိဟု BGF ငြင်း

အာရှလမ်းမတိုက်ပွဲတွင် စစ်အုပ်စုကို ကူညီခြင်းမရှိဟု BGF ငြင်း

1099
Photo: KIC-CJ

စက်တင်ဘာ ၁၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး တိုက်ပွဲများတွင် အာဏာသိမ်းစစ်တပ်ကို အများပြောဆိုနေသလို ကူညီ ပေးခြင်းမရှိဟု ကရင်နယ်ခြားစောင့်တပ် (BGF)၊ အမှတ် (၂) စစ်ဒေသ၊ စစ်ဆင်ရေးမှူးဗိုလ်မှူးချုပ် စောတင်ဝင်း က ကေအိုင်စီသို့ ပြောသည်။

သင်္ဃန်းညီနောင် ဒေသကို စစ်အုပ်စုက ပြန်ကြီးစိုးပြီး၊ မြဝတီ မြို့ထဲသို့ စစ်တပ်စစ်ကြောင်းများ ပြန်ဝင်ရောက်လာ နိုင်ခြင်းသည် စစ်တပ်က သာလွန်အင်အား အသုံးပြုခြင်းနှင့် တော်လှန်ရေးတပ်များဘက်က လက်နက်အင်အား လျော့နည်းလာ၍ ဆုတ်ခဲ့ရခြင်းမျိုးသာ ဖြစ်ပြီး BGF က စစ်တပ်ကို ကူညီခဲ့ခြင်းမရှိဟု ဗိုလ်မှူးချုပ်စောတင်ဝင်းက ယခုလို ငြင်းဆို ပြောသည်။

“စစ်တပ်က သူတို့အလွယ်တကူ ပြန်တက်နိုင်တာက ကျနော်တို့ BGF တွေ ကူညီလို့ဆိုပြီး ပြောနေတယ်။ အမှန် တော့မဟုတ်ဘူး။ စစ်တပ်က အဲဒီတောင်ပေါ်မှာ သူတို့နေရာယူ တက်လာတာ ကြာပြီး။ နောက်ပိုင်း သူတို့က အင်အားအများအပြားနဲ့ ထပ်တက်လာတယ်။ ပြီးတော့ လက်နက်ကြီးတွေ အများအပြားသုံးတဲ့အခါ ဒီဘက်က တော့ လက်နက်အင်အားမပြည့်စုံတာ လူအင်အားလည်း နည်းလာတော့ အဲဒါတွေလည်းပါတယ်။ ကျနော်တို့ ကြောင့်တော့ ဘယ်ဟုတ်မလဲ”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်အုပ်စုသည် ၎င်းတို့ စစ်ရှုံး၍ လက်လွတ်လိုက်ရသည့် နယ်မြေများကို အင်အားအလုံးအရင်း သုံးကာ ခေတ်မှီ နည်းပညာကို အသုံးချကာ ပြန်လည်ရယူခြင်းဖြစ်ပြီး ထူးဆန်းသည့် အရာမဟုတ်ကြောင်း ၎င်းက ဖြည့်စွက် ပြောသည်။

လက်ရှိအချိန်တွင် စစ်တပ်က မြဝတီ-သင်္ဃန်းညီနောင်နှင့် လက်ခတ်တောင် နေရာကို ပြန်လည်နေရာယူ ထား သလို တစ်ဖက်နှင့်တစ်ဖက် ရန်သူဟု ဆက်သတ်မှတ်ပါက အနီးဝန်းကျင်ကျေးရွာရှိ ဒေသခံပြည်သူများ ငြိမ်းချမ်း စွာမနေရဘဲ စစ်ရှောင်ရဦးမည်ဟု ၎င်းက မှတ်ချက်ပြု ပြောသည်။

Photo: KIC-CJ

စစ်အာဏာရှင်သည် အာဏာရှင် အလုပ်ကို ဆက်လုပ်နေခြင်း ဖြစ်ပြီး BGF နှင့် မသက်ဆိုင် ကြောင်းလည်း BGF က ငြင်းဆို ထားသည်။

“စီးပွားရေးအတွက် ကျနော်တို့က စစ်တပ်ကိုကူညီတယ်လို့ ပြောကြတယ်။ စစ်အာဏာရှင်က သူတို့အလုပ် သူတို့ လုပ်မှာဘဲ ကျနော်တို့ စီးပွားရေးနဲ့လဲ ဘာမှမဆိုင်ဘူး။ ကျနော်တို့ အဖွဲ့အစည်းနဲ့လည်း ဘာမှမဆိုင်ဘူး။ ကျနော်တို့ စီးပွားရေးတွေက အခုမှရှိတာမဟုတ်ဘူး။ ရှိထားတာကြာပြီး။ အရှေ့ကပြောသလိုဘဲ စစ်တပ်က သူတို့ အဆင့်မြင့် နည်းပညာလက်နက်တွေ သုံးလာတဲ့အချိန်မှာ ဒီဘက်က လက်နည်အင်အား အားနည်းတော့ နောက်ဆုတ်ရတာ အဲလိုတွေ ဖြစ်တယ်” ဟု ဗိုလ်မှူးချုပ်စောတင်ဝင်းက ပြောသည်။

နယ်ခြားစောင့်တပ် BGF သည် စစ်အုပ်စုက ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို မဲပေးသူများ ဘေးအန္တရာယ် ကင်းရေးအတွက် ကူညီဆောင်ရွက်မည်ဟု စက်တင်ဘာ ၃ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။

အလားတူ မြဝတီမြို့ကို စစ်အုပ်စု လက်လွတ်ထားရသည့်အချိန်တွင် BGF က မြို့လုံခြုံရေးကို တာဝန်ယူ ပေးခဲ့ဘူးသည်။

ထို့အပြင် တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူခဲ့သည့် နေရာအချို့ကို စစ်အုပ်စု ပြန်စိုးမိုး နိုင်ခြင်း သည် စစ်တပ်တပ်ဖွဲ့ဝင်များကို BGF က ကူညီခေါ်ဆောင် ပေးခြင်းများ ရှိ၍ ဖြစ်သည်ဟု မြေပြင်ရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အပါအဝင် အများစုက ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်နေကြောင်း သိရသည်။