Home သတင်း စစ်ဗျူဟာကျ လက်ခတ်တောင်စခန်းမှ တော်လှန်ရေးတပ်ဖွဲ့များ ပြန်ဆုတ်ရ

စစ်ဗျူဟာကျ လက်ခတ်တောင်စခန်းမှ တော်လှန်ရေးတပ်ဖွဲ့များ ပြန်ဆုတ်ရ

635
Photo: Crd.

စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ၊ မြဝတီမြို့တောင်ဘက်ရှိ စစ်ရေးအရ ဗျူဟာကျသည့် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့က အာဏာသိမ်းစစ်အုပ်စုမှ သာလွန်အင်အားသုံးပြီး ထိုးစစ်ဆင်လာသဖြင့် ဆုတ်ခွာပေးလိုက်ရကြောင်း မြေပြင်ရှိ တော်လှန်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

သာသနိကအဆောက်အဦးများကို အကာအကွယ်ယူပြီး ဘန်ကာများအခိုင်အမာဆောက်လုပ်ထားသည့် စစ်အုပ်စု၏ အဆိုပါစခန်းကုန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လပိုင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရက်ပိုင်းအတွင်း ကော့ကရိတ်-မြဝတီ အာရှလမ်း၊ လမ်းဟောင်း၊ လက်ရှိ မြဝတီတောင်ဘက်ပိုင်းအထိ လေကြောင်းရော မြေပြင်ပါ အင်အားအများအပြားသုံးပြီး ဝင်လာသည့် စစ်ကောင်စီက ယမန်နေ့တွင် လတ်ခတ်တောင်စခန်းကို ဝင်ရောက်တပ်စွဲထားပြီဖြစ်သည်ဟု ရှေ့တန်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“အကုန်ပြန်ဆုတ်လိုက်ရပြီ သူတို့(စစ်အုပ်စု)အင်အားများတယ်။ သာလွန်အင်အားလို့ သတ်မှတ်ထားတယ်။ ထိတွေ့မှုက ဒီလောက်ကြီးဖြစ်တာတော့ မဟုတ်ဘူး။ အဓိကအင်အားများလို့ပါ။” ဟု ၎င်းက ပြောသည်။

လက်ရှိ တိုးဝင်လာသည့် စစ်အုပ်စုစစ်ကြောင်းနှင့် ကော့ကရိတ်ဘက်ခြမ်း အာရှလမ်းမကြောအပါအဝင် လမ်းဟောင်းဘက်တွင် နှစ်ဖက်တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေသလို ကျုံဒိုးဒေသအတွင်းတွင်လည်း လက်နက်ကြီးပစ်ခတ်မှုများ စစ်အုပ်စုလုပ်ဆောင်နေကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်များ နှစ်လနီးပါးတိုက်ခိုက်သိမ်းယူခဲ့ရသည့် လက်ခတ်တောင်စခန်းကုန်းကို လက်ဝယ်ဆုံးရှုံးပြီးနောက်ပိုင်း စစ်အုပ်စုက စခန်းနားတဝိုက် လေကြောင်းဖြင့်ကြဲချတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

လတ်တလောအချိန်ထိ မြဝတီတောင်ဘက်ပိုင်းသို့ စစ်ကောင်စီ စစ်ကြောင်း ဆက်လက်ဝင်ရောက်နေပြီး လေးကေ့ကော်ဒေသတစ်ဝိုက်ကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာသို့ထွက်ပြေးစစ်ရှောင်နေကြရကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။