“တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာဖို့ လူတိုင်းမှာ တာဝန်ရှိသလို ကော်သူးလေ ပြည်သူ တိုင်းပါဝင်ဖို့ လိုအပ်ပါတယ်” KNPF ဗဟိုရဲချုပ် ဗိုလ်မှူးချုပ် စောအယ်ကလူဖိုး
KNPF အထိမ်းအမှတ်နေ့ ဗဟိုရဲချုပ်ဗိုလ်မှူးချုပ် စောအယ်ကလူဖိုးနှင့် တွေ့ဆုံမေးမြန်းခြင်း
စက်တင်ဘာ ၁၀ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စက်တင်ဘာလ ၉ ရက်နေ့တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့- KNPF ဖွဲ့စည်းတည်ထောင်ခြင်း (၃၄) နှစ်မြောက်နေ့ဖြစ်သည်။ ကရင်အမျိုးသားရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်၊ နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးလုပ်ဆောင်ချက်၊ စိန်ခေါ်မှု စသည့်အခြေအနေနှင့်ပတ်သက်ပြီး ဗဟိုရဲချုပ် ဗိုလ်မှူးချုပ် စောအယ်ကလူဖိုးနှင့် တွေ့ဆုံ မေးမြန်းထားသည်များကို စုဆည်းဖော်ပြလိုက်ပါသည်။
မေး။ ၃၄ နှစ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့မှာ အမှတ်တရစကား၊ အမှာစကားပြောပေးပါအုံး။
ဖြေ။ အထူးသဖြင့် ပြောကြားချင်တာက လူတိုင်းမှာ ဥပဒေစိုးမိုးရေးနဲ့ ဒေသအေးချမ်းသာယာရေးကို လိုချင်ကြတယ်။ အဲလိုဖြစ်လာဖို့က ရဲလုပ်သားတစ်ခုထဲ မဟုတ်ပဲ လူတိုင်းမှာ တာဝန်ရှိသလို လူတိုင်း ပါဝင်ကြဖို့လည်း ဖိတ်ခေါ်ချင်တယ်။
မေး။ KNPF အနေနဲ့ အဓိက ဘာတွေကို လုပ်ဆောင်နေသလဲဆိုတာကို ရှင်းပြပေးပါအုံး။
ဖြေ။ KNPF ရဲ့ လုပ်ငန်းတာဝန်ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ အချိန်တုန်းက သမိုင်းတွေ ဖော်ပြဖို့လိုမယ်။ KNPF မစခင်က ရဲလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေရတဲ့ လူကကေအဲန်ယူတွေ ဖြစ်တယ်။ တော်လှန်ရေးစပြီး နောက်ပိုင်းပေါ့။ နောက်မှ ဒီအရာက ကြီးလေးတဲ့တာဝန်တွေ ဖြစ်နေတဲ့ အတွက်ကြောင့် ၁၉၉၀ ခုနှစ် ကွန်ဂရက်မှာ ဆွေးနွေးကြပြီးတော့ KNPF ကို ဖွဲ့စည်းခဲ့တယ်။ ဖွဲ့စည်းတော့ အဲဒီထဲမှာပဲ တာဝန်ယူရတဲ့ လူတွေက KNDO ကလူတွေ တပ်ဘက်ကလည်း ပါလာတယ်။ အဲဒီလို ပုံစံနဲ့ စဖွဲ့စည်းပြီးတော့ စပြီး တာဝန်ယူတယ်။
ဖွဲ့စည်းတုန်းက လူအယောက် ၉၀ နဲ့ တာဝန်ယူလုပ်ဆောင်တယ် ။ ဒါပေမယ့် အခြေအနေအရ ၁၉၉၄၊ ၁၉၉၅ မှာ မာနယ်ပလော ကျရှုံးသွားတယ်။ KNPF တာဝန်တွေဟာလည်း အပြောင်းအရွှေ့တွေကြောင့် ကစဥ့်ကလျားတွေ ဖြစ်ကုန်တယ်။ တရားဥပဒေစိုးမိုးရေးအတွက် အခု ခရိုင်နဲ့ တပ်မဟာတိုင်းမှာကတော့ KNPF ရှိတယ်။ တရားသူကြီးလုပ်ငန်းကို ပံ့ပိုးနိုင်အောင် KNU ကနေ KNPF က တာဝန်ယူ ဆောင်ရွက်ရတယ်။ လက်ရှိတော်လှန်ရေးကာလလည်း ဖြစ်သလို နယ်မြေကလည်း တည်ငြိမ် အေးချမ်းတာ မရှိတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ကိစ္စတွေကို ဖြစ်သလိုပဲ ဆောင်ရွက်ရတာ များတယ်။
မေး။ နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးရှိဖို့ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ဘယ်လို ပုံစံလုပ်ဆောင် ပေးသလဲဆိုတာလည်း သိပါရစေ။
ဖြေ။ အထူးသဖြင့် ကိုယ်တာဝန်စယူတဲ့အချိန်ဆိုရင် လိုအပ်တာက KNPF ရဲ့အဖွဲ့အစည်းကို ပိုပြီးတော့ ကျစ်လစ်ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်အောင် အလေးအနက်ထားပြီး ဆောင်ရွက်ဖို့ လိုတယ်။ ပြီးတော့ အသိတရားတွေ နားလည်မှုတွေ အပါအဝင် အသိပညာတွေပေါ့။ KNPF ရဲ့ လုပ်ငန်းစဥ်တွေနဲ့ ပတ်သက်တဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်ရတယ်ဆိုတာ အသိတရားတွေ ရှိလာအောင် ပိုပြီးဆောင်ရွက်ဖို့ လိုတယ်။ အဲဒီလို ဖြစ်လာမှသာလျှင် လိုအပ်တဲ့ ဆောင်ရွက်မှုတွေကို တဆင့်ချင်းစီ သွားလို့ရမယ်။
ထိုနည်းလည်းကောင်းပဲ ပညာပေးတဲ့နေရာမှာလည်း KNPF တစ်ခုထဲ မဟုတ်ဘဲ တခြားအဖွဲ့ အစည်းတွေလည်း ဥပဒေစိုးမိုးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး သူတို့နားလည်ဖို့ လိုတယ်။ ပြည်သူတွေ ကြားထဲမှာလည်း ဥပဒေစိုးမိုးရေးဆိုတာ ဘာလဲ။ ဘာအတွက်ကြောင့် ဥပဒေစိုးမိုးရေး ရှိဖို့ လိုလဲဆိုတာ အသိပညာပေးဖို့ လိုတယ်။ အဲဒီအသိပညာပေးနိုင်အောင်လည်း ရဲလုပ်ငန်းမှာ တာဝန်ယူရတဲ့လူတိုင်းက ဥပဒေစိုးမိုးရေးလုပ်ငန်းကို အသိပညာပေးနိုင်အောင် အသိတရားပိုရှိလာအောင် ကျစ်လစ်ခိုင်မာတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်လာအောင် အများကြီးဆောင်ရွက်ဖို့ လိုသေးတယ်လို့ မြင်တယ်။ အခု လောလောဆယ်လည်း အခြေအနေတစ်ခုမှာ ဆောင်ရွက်နေတုန်း ဖြစ်တယ်။
မေး။ ကျစ်လစ်ခိုင်မာတဲ့ အဖွဲ့အစည်း လုပ်ဆောင်ဖို့ဆိုတဲ့နေရာမှာ လိုအပ်ချက်တွေက ဘာတွေ ဖြစ်မလဲ။
ဖြေ။ အဓိကက စည်းကမ်းပိုင်းဆိုင်ရာ ဥပဒပိုင်းဆိုင်ရာ အသိတရားပိုင်းဆိုင်ရာ အများကြီး လိုအပ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ရဲလုပ်ငန်းနဲ့ ပတ်သက်လာတဲ့လူတွေဟာ စိတ်ဝင်စားမှု အားနည်းတယ်။ ဒါပေမယ့် ရဲလုပ်ငန်းဟာ ဘယ်လောက်အရေးကြီးလဲဆိုတာ တချို့လူတွေက သိတယ် ၊ နားလည်တယ် ဆိုပေမယ့် စိတ်ဝင်စားမှုက အားနည်းတော့ ရဲလုပ်ငန်းကို ဥပဒေစိုးမိုးရေးလုပ်ငန်းနဲ့ ပတ်သက်လို့ ဆောင်ရွက်တဲ့နေရာမှာ စိန်ခေါ်မှုတွေ အများကြီး ရှိတယ်။
အထူးသဖြင့် ရဲလုပ်သားတွေဟာ ပညာပိုင်းဆိုင်ရာမှာ အားနည်းတော့ အဲ့ဒီလို စိန်ခေါ်မှုတွေ ရှိလာတယ်။ ဒါကြောင့်မို့လို့ ကျစ်လစ်ခိုင်မာတယ်ဆိုတာ ပိုပြီးတော့ ပညာတတ်တဲ့သူတွေ အသိ တရားနားလည်တဲ့လူတွေ ပိုပြီးပါဝင်လာအောင် လိုတယ်ဆိုတဲ့ သဘောပါ ။ အဲဒါမှသာလျှင် သင်တန်းပေးတဲ့အပိုင်းရော အသိတရားပေးတဲ့အပိုင်းရော နားလည်သွားပြီး သူများကို ချပြနိုင်မယ်။ အဲဒါတွေက အများကြီး လိုအပ်နေပါတယ်။
မေး။ ခေါင်းဆောင်ပိုင်းတွေအနေနဲ့ လူငယ်တွေ ပါဝင်လာပြီး ကျစ်လစ်ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်အောင် ဘာတွေ ပံ့ပိုးပေးဖို့ လိုအပ်သလဲ။
ဖြေ။ လက်ရှိမှာတော့ ပံ့ပိုးမှုပိုင်းတွေကလည်း လိုအပ်ချက် ရှိတယ်။ ပစ္စည်းတွေရော အသိပညာတွေရော လိုအပ်တယ်ဆိုတာ ပြောနေကြတာပဲ။ ဒါပေမယ့် တော်လှန်ရေးကာလကို ကျော်လွှားနေရတာ ဖြစ်နေတော့ အရာရာတိုင်းမှာ ပြီးပြည့်စုံတာ မရှိသေးဘူး။ အဲဒါတွေက လောဆယ် လိုအပ်ချက် များနေတဲ့ အခြေအနေမှန်းလည်း သိတယ်။ အတတ်နိုင်ဆုံးလည်း ကြိုးစားနေတယ်။ ဒါပေမယ့် ခုထိ အားလုံးကို အကောင်အထည် မဖော်နိုင်သေးဘူး။
မေး။ အခုလို အာဏာသိမ်းထားတဲ့ကာလမှာ ရဲလုပ်ငန်းတွေကို အကောင်အထည်ဖော်လုပ် ဆောင်တဲ့နေရာမှာ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။
ဖြေ။ ပြောရမယ်ဆိုရင် ရဲလုပ်ငန်းက မှုခင်းတွေနဲ့ ပိုပြီးသက်ဆိုင်မယ်။ အဲဒါနဲ့ ပတ်သက်လာရင် ပြီးပြည့်စုံတာ လိုအပ်တာတွေ အများကြီး ရှိတယ်။ ဒီလို ပဋိပက္ခတွေ ဖြစ်နေတဲ့အပြင် အာဏာလည်း သိမ်းလိုက်တဲ့အခါကျတော့ တိုက်ပွဲတွေ ဖြစ်လာပြီး နယ်မြေလည်း အေးချမ်းမှု မရှိတော့ တစ်ခု မလိုရင် တစ်ခု လိုမယ်။ ဥပမာပြောရရင် သက်သေတို့ တရားလိုတို့ တရားခံတို့ ဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးမှာ ပြီးပြည့်စုံအောင် ဆောင်ရွက်ဖို့ တော်တော်လေး ခက်ခဲတယ်။ ဒါတွေက စိန်ခေါ်မှုတွေပဲ။ နောက်တစ်ခုက အချို့ဒေသမှာ အထူးသဖြင့် တပ်မဟာ (၇) နဲ့ (၆) မှာ ဆိုရင် တခြား လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတယ်။
ဒါကြောင့်မို့လို့ ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ မှုခင်းဆိုင်ရာတွေကို စနစ်တကျဆောင်ရွက်နိုင်ဖို့က အခက်အခဲတွေ အမျိုးမျိုး ကြုံတွေ့နေရတာပဲ။ ဒါတွေက ရှိရှိနေတဲ့ ပကတိအခြေအနေပေါ့။ တခြားခရိုင်တွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါပေမယ့် တချို့နေရာမှာတွေက မစိုးမိုးနိုင် သေးတဲ့တိုင်အောင် ဝင်ထွက်သွားလာလို့ ရလာတဲ့ အခြေအနေဆိုရင် ပြည်သူတွေကလည်း ဒီဘက်ကို ပိုပြီးတော့ အမှီပြုလာတာ တွေ့ရသလို လိုအပ်တဲ့ ဥပဒေလုပ်ငန်းတွေကိုလည်း ကူညီလာတယ်။ ပံ့ပိုးလာတယ်။ အဲဒီလို ပြည်သူလူထုတွေနဲ့ လှည့်ပြီး လုပ်ငန်းဆောင်ရွက်လာခဲ့တာတွေ ရှိတယ်။ တချို့ဒေသမှာတော့ မှုခင်းတွေ တော်တော်များများ ရှိပါသေးတယ်။
မေး။ စစ်အုပ်စုတပ်အပြင် လက်နက်ကိုင်အဖွဲ့အစည်း အစုံရှိနေတဲ့ နေရာတွေမှာ တရားဥပဒေစိုးမိုးရေးနဲ့ ရဲလုပ်ငန်းတွေအတွက် ဘယ်လိုဆောင်ရွက်နေသလဲ။
ဖြေ။ တချို့အပိုင်းမှာ ကိုယ့်လက်နက်ကိုင်အဖွဲ့အစည်းရှိတဲ့ ဝင်ထွက်သွားလာ လွယ်ကူတဲ့ နေရာဆိုရင် အသိပေးနားလည်မှုနဲ့ လုပ်ထားတာရှိတယ်။ ဒါပေမယ့် ပြီးပြည့်စုံမှု ရှိပြီလားဆိုတော့ မရှိသေးဘူး။ ရန်သူတွေနဲ့ ထိပ်တိုက်ဖြစ်တဲ့နေရာတွေမှာကျတော့လည်း လုပ်လို့ဘယ်ရမလဲ။ အဲ့လိုနေရာမျိုးတွေကျတော့ လစ်ဟာမှုတွေ အများကြီး ရှိနေသေးတာပေါ့။
မေး။ လာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာ စစ်အုပ်စုက ရွေးကောက်ပွဲလုပ်သွားမယ်လို့ ပြောထားတယ်။ ဆိုတော့ KNPF အနေနဲ့ ကိုယ့်နယ်မြေဧရိယာမှာ ရွေးကောက်ပွဲဖြစ်လာရင် အဲဒီအခင်းအကျင်းအတွက် ဘယ်လို ရှုမြင်သုံးသပ်သလဲ။
ဖြေ။ KNPF ကတော့ ကိုယ့်ရဲ့ကရင်လူမျိုးနဲ့ လက်ရှိ ဒေသမှာ ရှိနေတဲ့ ပြည်သူတွေအတွက် အေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အထူးတာဝန်ထမ်းဆောင်နေတာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီအပြင် လက်ရှိ ရှိထားပြီးသားဖြစ်တဲ့ KNU အဖွဲ့အစည်းရဲ့ ဥပဒေ ရဲ့ လုပ်ဆောင်မှုအပေါ်မှာ ဆောင်ရွက်တာ ဖြစ်တယ်။ ဒီလိုအခြေအနေအပေါ်မှာ တကယ်လို့ ရန်သူက ရွေးကောက်ပွဲကို လုပ်ဆောင်သွားမယ်ဆိုရင် မှန်ကန်တဲ့ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲတစ်ခုလို့တောင် သတ်မှတ်လို့ ရနိုင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နေရာတွေက တည်ငြိမ်အေးချမ်းတဲ့ နေရာတွေ မဟုတ်တဲ့အတွက်ကြောင့် လို့ပဲ မြင်တယ်။ တကယ် ဖြစ်လာမယ်ဆိုရင်လည်း လူထုရဲ့ ဆန္ဒအလျောက် ဖြစ်လာတဲ့ ရွေးကောက်ပွဲလို့ သတ်မှတ်လို့ ရနိုင်မှာလည်း မဟုတ်ပါဘူး။
မေး။ လက်ရှိ KNU က ကော်သူးလေဖွဲ့စည်းဖို့ ပြင်ဆင်မှုဟာ တော်တော်လေး ပြီးမြောက်တဲ့အနေအ ထားမှာရှိတယ်လို့ သိရတယ်။ ဒီနေရာမှာ KNPF အနေနဲ့ ပါဝင်ချင်တဲ့ ကဏ္ဍတွေနဲ့ ရဲတပ်ဖွဲ့ပုံစံမျိုးက ဘယ်လိုဖြစ်မလဲ။
ဖြေ။ ပါဝင်ချင်တယ် ပါဝင်မလဲဆိုတာထက် ဘယ်လိုပါဝင်သင့်လဲဆိုတာ ကျနော်တို့ အဖွဲ့အစည်း အပေါ်မှာ မူတည်တယ်။ ရဲလုပ်ငန်းကို ဘယ်လိုလုပ်ပေးမလဲ။ ရဲကဏ္ဍမှာ ဘယ်လိုတာဝန်ယူရမလဲဆိုတဲ့ စည်းမျဥ်းစည်းကမ်းတွေ ရှိရပါမယ်။ အဲဒီလို ရှိလာနိုင်မှသာလျှင် ကျနော်တို့ လုပ်ငန်း ဆောင်ရွက် တဲ့နေရာမှာလည်း သူ့စည်းကမ်းသူ့နည်းလမ်းအရ ဆောင်ရွက်လို့ ရနိုင်မယ်။ ကိုယ့်ဆန္ဒနဲ့ သွားလို့ ဘယ်လိုမှ မဖြစ်မြောက်နိုင်ဘူး။ ကော်သူးလေအစိုးရဖြစ်လာပြီဆိုရင် အစိုးရက ချမှတ်ထားတဲ့ ကိစ္စ တွေမှာ ရဲက ဘယ်လိုပါဝင်သင့်သလဲဆိုတာက လိုအပ်အရ ကျနော်တို့ ဖွဲ့စည်းတည်ဆောက်တားတဲ့ တာဝန်အရ ဆောင်ရွက်ဖို့ လိုတာပေါ့။
မေး။ KNPF အနေနဲ့ ရှေ့ဆက်လုပ်သွားမယ့် ရှေ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ပြောပြပေးပါအုံး။
ဖြေ။ လောလောဆယ်က ပြီးပြည့်စုံတဲ့ အင်အားလည်း မရှိနေဘူး။ အသိတရားအတွက်လည်း အားနည်းနေသေးတယ်။ အဲဒါတွေကို ပြီးပြည့်စုံအောင် ကျနော်တို့ ဆောင်ရွက်ဖို့ လိုတယ်။ ရှိထားပြီးသား စည်းကမ်းရော ဥပဒေတွေရော တချို့အပိုင်းမှာ လစ်ဟာမှုတွေ ရှိပေမယ့် အဲဒါကို ပိုပြီးပြည့်စုံအောင် ဖြည့်စွက်ရေးဆွဲပြီးတော့ ချမှတ်ဖို့ လိုတယ်။ လုပ်ငန်းဆောင်ရွက်သွားဖို့အတွက် အဲဒီလိုတော့ ဆုံးဖြတ် ချက်ချထားတယ်။ နောက်တစ်ခုအနေနဲ့ လိုအပ်တဲ့ တခြားကိစ္စတွေ တာဝန်ယူရမယ့် အပိုင်းတွေ အတွက်ကတော့ အထူးတာဝန်ပေးခံရမယ့် ရဲအဖွဲ့အစည်းကို ဖွဲ့စည်းနိုင်မယ်ဆိုရင် ပိုပြီးတော့ ကောင်းမယ်။ အဲလို တွေးပြီး မျှော်လင့်ထားတယ်။ ဆောင်လည်း ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။
မေး။ ဘာများ ဖြည့်စွက်ပြောချင်တာများရှိလဲ။
ဖြေ။ KNPF Day အတွက် အထူးတလည် ပြောစရာ တခြားတော့ မရှိတော့ပါဘူး။ ဒါပေမယ့် KNPF လုပ်ငန်းနဲ့ ပတ်သက်ပြီး လိုအပ်ချက် အများကြီး ရှိတာရယ် အထူးသဖြင့် ဥပဒေစိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းသာယာရေးအတွက်ရယ်ပေါ့။ အခုအခြေအနေကလည်း တော်လှန်ရေးကာလ ဖြစ်နေတော့ ဥပဒေစိုးမိုးရေးဆိုတာက ပြောရုံနဲ့ မရဘူး။ ကိုယ်ကိုယ်တိုင်ကလည်း လုပ်ဆောင်မှသာ ရမယ်။
ပြီးတော့ နယ်မြေအေးချမ်းသာယာရေးဆိုတာ ခံယူချက်၊ စိတ်နဲ့ ပတ်သက်တယ်။ လူတိုင်းကလည်း အေးချမ်းစေချင်တဲ့ စိတ်တော့ ပေါ်လာဖို့ လိုတယ်။ အဲဒါမှသာ တဆင့်ချင်းစီ နယ်မြေ အေးချမ်းလာမယ်လို့ မြင်တယ်။ ဒါကြောင့် လူတွေအားလုံး ဒီနေရာကို ပါဝင်ပေးကြဖို့ လိုအပ်တယ်လို့ ပြောချင်တယ်။



















