ဩဂုတ် ၂၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် မူးယစ်ဆေးဝါးကုန်ကူး ဖြန့်ဝေခြင်းကို ပူးပေါင်းကာကွယ်တားဆီးရေး ထိုင်း အာဏာ ပိုင်များနှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKAB တို့ ဩဂုတ် ၁၉ ရက်နေ့တွင် ဖုတ်ဖရမြို့နယ်၊ ကျောက်ခတ်၌ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု DKBA ဗျူဟာမှူးက ကေအိုင်စီသို့ ပြောသည်။
အဆိုပါဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေး ဗျူရို(ONCB)မှ Mr. Sarawut Phakdee ဦးဆောင် သည့် တာဝန်ရှိသူများ၊ အဆင့်မြင့် ထိုင်းလုံခြုံရေးအရာရှိများ၊ ဖုတ်ဖရခရိုင်ရှိ နယ်စပ်လုပ်ငန်းရှင်များ တက်ရောက် ခဲ့သလို DKBA ဘက်မှ ဒေါနအရှေ့ခြမ်း အမှတ်(၁) စစ်ဒေသကွပ်ကဲရေးဗျူဟာမှူး၊ ဗိုလ်မှူးကြီး စောသရီးထူး ဦးဆောင်သည့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။
နှစ်ဘက်တွေ့ဆုံပွဲတွင် မူးယစ်ဆေး ကာကွယ်တာဆီးရေး လုပ်ငန်းစဉ်များအပြင် မူးယစ်ဆေး ထုတ်လုပ်ရာ၌ အသုံးပြုလေ့ရှိသည့် Alcohol acid ကုန်ကြမ်းကိုလည်း တာဆီးကာကွယ်သွားရန် ဆွေးနွေးခဲ့သည်ဟု ဗိုလ်မှူးကြီး စောသရီးထူးက ယခုလို ပြောသည်။
“အဓိကတော့ နယ်စပ်မှာ မူးယစ်ဆေးဝါးတွေကို သူတို့ နဲ့ အတူ ကာကွယ်တားဆီးဘို့။ မူးယစ်ဆေးဝါးလို့ ပြောတဲ့ နေရာမှာ အရေးကြီးတာက မြင်းဆေးနဲ့ သူတို့ နိုင်ငံဘက်က ထုတ်တဲ့ acid အဲ့ဒါတွေကို ကျနော်တို့ဘက် ပေးမဝင် ဘို့။ သူတို့ဘက်က ဖမ်းလို့မရတဲ့ ဟာတွေပေါ့။ Alcohol acid လို့ ခေါ် တယ် သူတို့ဘက်ကပဲ ရောင်းတဲ့ဟာ။ အဲ့ဒါ တွေက ဒီဘက်တွေကို ရောက်ရင် အမျိုးမျိုး ပြန်လုပ်လို့ရ တယ်။ ပြီးတော့ မူးယစ်ဆေးဝါး အဲ့ဘက်ကို မရောက်ဖို့ အတူတူ ကာကွယ်တား ဆီးဘို့ပါ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထိုင်းမီဒီယာများပါ လာရောက်သတင်းယူသည့် တစ်နာရီ နီးပါးကြာ နှစ်ဘက်တွေ့ဆုံမှုအတွင်း မူးယစ်ဆေးဝါး ကိစ္စအပြင် လူကုန်ကူးမှု ကိစ္စရပ်များကိုပါ အတူ ကာကွယ်တားဆီးရေး ဆွေးနွေးခဲ့သည်ဟု ဗိုလ်မှူးကြီး စောသရီးထူးက ဆက်ပြောသည်။
ကရင်ပြည်နယ်နှင့် တင်္သာရီတိုင်းအတွင်းရှိ ထိုင်း-မြန်မာ ထိစပ်ရာ နယ်စပ်ဒေသ တစ်လျှောက်လုံးနီးပါးကို ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး၊ အပါအဝင် အခြား ကရင့်လက်နက်ကိုင်များဖြစ်သည့် DKBA၊ BGF နှင့် ငြိမ်းချမ်းရေး ကောင်စီ (PC) တို့က အသီးသီး ထိန်းချုပ်ထားသည်။
အဆိုပါလက်နက်ကိုင်များ ထိန်းချုပ်ရာ နယ်စပ်ဒေသများကို ဖြတ်သန်း၍ ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါး ပို့ဆောင်မှုများ ရှိနေပြီး ထိုင်းနယ်ခြားစောင့်တပ်များကလည်း မကြာခဏ ဖမ်းဆီးရမိသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ဘူးသည်။
ပြီးခဲ့သည့် မတ် ၂၁ ရက်နေ့တွင် တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှ ကုန်တင်ကားဖြင့် သယ်ဆောင်လာသည့် စိတ်ကြွဆေး ပြား ၁၈ သန်းနှင့် (ICE)ဟု ခေါ်သော ရေခဲမူးယစ်ဆေး ၇၅၀ ကီလိုဂရမ်အပြင် Ketamine ၃၀၀ ကီလိုဂရမ်ကို နခွန်စဝမ်မြို့၊ ဟိုက်ဝေးလမ်းမကြီးပေါ်၌ ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်။
ဖမ်းမိ မူးယစ်ဆေးများသည် DKBA စစ်ဦးစီးအရာရှိ ဗိုလ်ချုပ် စောဆန်းအောင်နှင့် ဗိုလ်မှူးချုပ် စိုင်းကျော်လှတို့ ပါဝင် ပတ်သက်မှုရှိသည်ဟု ထိုစဉ်က ထိုင်းမီဒီယာများတွင် ဖော်ပြရေးသားခဲ့ကြသော်လည်း DKBA ဘက်ကမူ ငြင်းဆိုထားသည်။
ထို့အတူ DKBA ၏ ကွယ်လွန်ပြီးဖြစ်သူ ယခင်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်စောလာပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေးကို ၂၀၁၂ ခုနှစ်က ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး ဗျူရို(ONCB)က ထိုင်းဘတ်ငွေ တစ်သန်း ဆုကြေးထုတ် ဖမ်း ဝရမ်း ထုတ်ခဲ့ဖူးသည်။



















