Home သတင်း ထိုင်းဘက် ဆီသွားဝယ်သူ များ၍ မြဝတီ-မဲဆောက် တံတား-၁ ယာဉ်ကြောပိတ်နေ

ထိုင်းဘက် ဆီသွားဝယ်သူ များ၍ မြဝတီ-မဲဆောက် တံတား-၁ ယာဉ်ကြောပိတ်နေ

906
Photo- CJ

ဩဂုတ် ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ ပေါ်နေထိုင်သူများ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ စက်သုံးဆီ သွားဝယ်သူများ၍ မြဝတီ-မဲဆောက် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား-၁ ၌ ယမန်နေ့မှစ၍ ယာဉ်ကြောပိတ်ဆိုစ့်မှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေသည်ဟု မြို့ခံများက ပြောသည်။

ယခင်ကတည်းက ယာဉ်ကြောပိတ်ဆိုစ့်မှု ဖြစ်ပေါ်လေ့ရှိသည့် မြဝတီမြို့ပေါ်တွင် ဩဂုတ် ၁၄ ရက်နေ့မှစ၍ ပြည်တွင်းမှ စက်သုံးဆီ တင်ပို့မှု စစ်တပ်က ကန့်သတ်ထားခြင်းကြောင့် ဆီပြတ်လပ်နေပြီး မြို့ခံများ မဲဆောက် မြို့တွင် ဆီသွားဝယ်ရန် တံတားကူးခွင့်ရရေး ကားများ အစီး‌ရေ ရာနှင့်ချီ တန်းစီးနေရာမှ ယခုရက်ပိုင်းအတွင်း ဆိုးဆိုးရွားရွား ယာဉ်ကြော ပိတ်ဆိုစ့် နေခြင်းဖြစ်သည်။

“တံတား ၁ မှာ ကားပိတ် နေတာ ၃ ရက်ရှိပြီး။ တစ်ရက်ထက် တစ်ရက် ပိုဆိုးလာတယ်။ ကားတန်းက ဈေးကုန်း ကျော်အထိ ပိတ် နေတယ်။ မဲဆောက်က ဆီဆိုင် တွေမှာလည်း ကားတန်းပိတ် နေတော့ လူမှုကယ်ဆယ်ရေး အဖွဲ့ တွေ တံတား ပေါ် အထိ လမ်းရှင်းပေးနေရတယ်။ မဲဆောက် ရောက်ဖို့ မနက် ၆ နာရီ က တန်းစီတာ နေ့လည် ၁၁ ကျော်မှ တံတားဖြတ်လို့ ရတယ်” ဟု မြဝတီ မြို့ခံ တစ်ဦးက ပြောသည်။

လက်ရှိ ဖားအံနှင့် မော်လမြိုင်မြို့ဘက်မှ မြဝတီမြို့ရှိ လိုင်စင်ရ စက်သုံးဆီ အရောင်းဆိုင်များအတွက် ဆီခွဲတန်း တင်ပို့ ၊ဖြန့်ဖြူး ရောင်းချခွင့်ကို ယနေ့ ဩဂုတ် ၁၉ ရက်နေ့ထိ ပိတ်ထားဆဲ ဖြစ်ကာ မြဝတီရှိ လိုင်စင်ရ ဆီဆိုင် ၁၀ ဆိုင်ခန့် ပိတ်ထားရသည်ဟု မြို့ခံများက ပြောသည်။

“ဖားအံ၊ မော်လမြိုင်က ဆီခွဲတန်းကားတွေ မြဝတီပေးမတက်တော့ မဲဆောက်ဘက် အိမ်ဆီကားတွေနဲ့ ကားဆီ တိုင်ကီ တစ်လုံးစာ တံတားကူးပြီး သွားဝယ်တယ်။ မြဝတီပြန်ရောက်ရင် ကားဆီဖောက်ချပြီး ပြန်ရောင်းကြမျိုး လုပ်စား ကြတာပေါ့။ အခုက မဲဆောက်ဘက် ခရီးသယ်လူမရ၊ ထိုင်းကုန်လည်း သယ်မရ ဆိုတော့ ဆီသွားဝယ် ပြန်ရောင်း အလုပ်ဘဲ ရှိတော့တယ်” ဟု စီးလုံးငှား ယာဉ်လိုင်း ပြေးဆွဲနေသူ တစ်ဦးက ပြောသည်။

Photo- CJ

ယခုလို နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား-၁ တွင် ယာဉ်ကြောပိတ်ဆိုစ့်နေသည့် အတွက် မြဝတီမှ မဲဆောက်မြို့ရှိ ထိုင်းပညာရေးဌာန ကျောင်းများ၌ ကျောင်းလာတက်သည့် ကျောင်းပို့၊ ကျောင်းကြို ကားများပါ သွားလာရေး အခက်ကြုံနေပြီး ကျောင်းနောက်ကျမှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့သည် နယ်စပ်ကုန်သွယ်ရေး ဒုတိယအကြီးဆုံး မြို့အဖြစ် ယခင်ကတည်းက ရှိခဲ့ဘူးသည့် နည်းတူ စီးပွားရေး အခွင့်အလမ်းကောင်းများလည်း ရှိ၍ အနယ်နယ်အရပ်ရပ်မှ လာရောက်အခြေချ နေထိုင်သူ များပြားသည့် မြို့ဖြစ်သည်။

ထို့အပြင် လိုင်စင်မရှိသည့် တစ်ပတ်ရစ်ယာဉ်ဟောင်း အရောင်းအဝယ် များသည့် မြို့ဖြစ်သလို မြို့ပေါ် အိမ်အများစု၌ တစ်အိမ်လျင် ကားတစ်စီးခန့် ရှိကြကာ ဆိုင်ကယ်စီးနင်းသူ အလွန်များပြားသည့် မြို့ဖြစ်သည်။ ထို့ကြောင့် ယာဉ်များအတွက် စက်သုံးဆီ လိုအပ်ချက်ကြီးမားနေပြီး ဆီမရ၍ မြို့ခံများ အခက်ကြုံတွေ့နေခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်တပ်က ကေအဲန်ယူ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် PDF များ ထိန်းချုပ်ထားသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းကို ပြန်တိုက်ခိုက်မည်ဟု ပြီးခဲ့သည့် ဇူလိုင်လကုန် ပိုင်းတွင် ပြောဆိုပြီးနောက် လက်ရှိ မြဝတီမြို့သို့ စက်သုံးဆီ ဖြတ်တောက်မှု စတင်ပြု လုပ်လာခြင်း ဖြစ်သည်။