Home သတင်း နှစ်ရက်အတွင်း သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ဟု မိုးဇလထုတ်ပြန်

နှစ်ရက်အတွင်း သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ဟု မိုးဇလထုတ်ပြန်

753
Photo- Social Media

ဇွန်လ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် နောက်လာမည့်(၂)ရက်အတွင်း သံလွင်မြစ်ရေသည် မြို့၏ စိုးရိမ်ရေမှတ်ထက် ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့တွင်ထုတ်ပြန်လိုက်သည်။

ဖားအံမြို့တွင် ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)မိနစ် တိုင်းထွာချက်များအရ သံလွင်မြစ်ရေသည် မြို့၏ စိုးရိမ် ရေမှတ်အောက်(၂)ပေခွဲကျော်တွင် ရောက်ရှိနေသော်လည်း နောက်လာမည့်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ပြီး လက်ရှိတွင်လည်း မိုးရွာသွန်းမှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက် များအရ သိရသည်။

“လက်ရှိမှာတော့ မိုးတွေကတော့ ရွာလိုက်တိတ်လိုက်နဲ့ပဲ။ မိုးထပ်များလာရင်တော့ ရေမြှုပ်နိုင်ခြေရှိပါတယ်။ အမှတ်(၂)ဘက်၊ မြေနိမ့်ပိုင်းနဲ့ ဖားအံကမ်းနားဘက်တွေတော့ သတိထားဖို့ လိုပါတယ်။”ဟု ဖားအံမြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့ကြောင့် ဖားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် မြစ်ရေမြင့်တက်လာပါက ကြိုတင်သတိပြုနိုင်ရန်နှင့် နီးစပ်ရာနေရာများသို့ ရှောင်ရှားကြရန်အတွက်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ်ကလည်း ကရင်ပြည်နယ်အတွင်း မြို့နယ် ၇ ခုတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေ စီးဝင်သည့်သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အထ္ထရံမြစ်၊ ဇမိမြစ်၊ ဟောင်သရောမြစ်၊ လှိုင်းဘွဲချောင်း၊ သောင်ရင်းမြစ်နှင့် ယွန်း စလင်းချောင်းများအတွင်း ရေတိုးဝင်သောကြောင့် ရေကြီးရေလွှမ်းမှုများဖြစ်ပေါ်ပြီး မြို့ပေါ် ရေဘေးရှောင်စခန်း ၁၇ ခုတွင် လူတစ်သောင်းငါးထောင်ခန့် ရေဘေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။