ဇွန်လ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့တွင် စစ်ကောင်စီက လိုင်စင်မဲ့ကား/ဆိုင်ကယ် ဆက်လက်ဖမ်းဆီးနေဆဲအချိန်တွင် မြို့ပြင်ပတ်လမ်းအတိုင်း ဈေးများသို့ သွားလာနိုင်ရန် လိုင်းကားလမ်းကြောင်း နှစ်ခု ဇွန်လ ၂၃ ရက်မှ စီစဉ်ပြေးဆွဲမည်ဟုကြေငြာပြီးစတင်လုပ်ဆောင်သော်လည်း စီးနင်းသွားလာမှုမရှိသလောက်နည်းပါးကြောင်း မြို့ခံများက ပြောသည်။
ထိုသို့ မြိုပြင်ပတ်လမ်းနှင့် ဈေးများသို့ လှည့်လည်မောင်းနှင် ပြေးဆွဲပေးသည့် အစီအစဉ်မှာ မြို့ပြင် ထောင်ဝိ ရပ်ကွက်မှ မြို့တွင်းရေပေါ်ဈေး၊ မြို့မဈေးသို့ခရီးစဉ်တစ်ကြောင်း၊ မြို့ပြင်လှာကမြင် ရပ်ကွက်မှမြို့တွင်း ဈေးများဘက်သို့ လှည့်လည်ပြေးဆွဲသည့် ခရီးစဉ်ယာဉ်လမ်းကြောင်း ၂ ခုပြေးဆွဲပေးနေခြင်းဖြစ်သည်။
မြို့ပတ်ယာဉ်စီးနှင့်သူမရှိဖြစ်နေနေသည့်အခြေအနေနှင့်ပတ်သက်၍ မြို့ခံတစ်ဦးက “ငွေတစ်ထောင်ဆိုပေမယ့် အချိန်အကြာကြီးမှ တစ်စီးထွက်ပေးတာလေ၊ မီနီအိုးဝေ၊ သုံးဘီးတို့၊ ဆိုင်ကယ်တက္ကစီတို့ပဲစီးကြတယ်။ နှစ်ထောင်၊ သုံးထောင်မြို့တွင်းကြိုက်သလို သွားကြတာများတယ်။ သူတို့လိုင်းဆွဲတဲ့ကားကသွားတာ သိပ်မတွေ့ဘူး။ မြို့တွင်းရပ်ကွက်တွေဆိုတော့ သူတို့ကားလိုင်းဆွဲတာ မသိကြတာများတယ်”ဟု ဖားအံမြို့ အမှတ်(၁) ရပ်ကွက် နေထိုင်သူက ကေအိုင်စီသို့ ပြောသည်။
လတ်တလော ဖားအံမြို့တွင်း မြို့ပြင်နေရာများတွင် စစ်ကောင်စီတပ်ဌာနဆိုင်ရာများမှ လိုင်စင်မဲ့ ယာဉ်နှင့်ဆိုင်ကယ်များ ဆက်လက်စစ်ဆေးဖမ်းဆီးနေသည့်အတွက် ကျေးရွာများမှ ဈေးရောင်း ဈေးဝယ်၊ ကျန်းမာရေး၊ ပညာရေးကိစ္စများသွားလာရာတွင် ကျေးရွာဘုန်းကြီးကျာင်းကားများ၊ ကရင်နယ်ခြားစောင့်-BGF တပ်မိသားစုဝင်ကားများကိုသာ အကူအညီရယူပြီးစုပေါင်းကာ မြို့ပေါ်သို့ လာရောက်ကြသည့် အခြေအနေရှိနေကြောင်း သိရသည်။

“ကျနော်တို့က မြို့ထဲနေတာဆိုတော့ လိုင်းကားဖြတ်သွားတာမသိဘူး၊ သူတို့က ကမ်းနားလမ်းပတ်ပြီးဈေး တွေကို ပတ်မောင်းပေးတဲ့ဟာမျိုးပဲ ထင်ပါတယ်။ အခုက ဝစ်သောက်(လိုင်စင်မဲ့) ဆက်ဖမ်းနေတုန်းဆိုတော့ လိုင်စင်ရှိတဲ့ သူတွေကတော့ အေးဆေးပေါ့ သွားရလာရတာ၊ ရွာတွေကတော့ ဘုန်းကြီးကား၊ BGF ကားနဲ့ ပဲတက်လာကြတော့တယ်”ဟု နောက်ထပ်ဖားအံမြို့ခံ တစ်ဦးက ပြောသည်။
ထိုသို့ ဖားအံ စစ်ကောင်စီ မော်တော်ယာဉ်စည်းကမ်းထိမ်းသိမ်းရေးကော်မတီ (မထသ)က ယာဉ်လမ်းကြောင်း ၂ခု ပြေးဆွဲပေး နေမှုနှင့်ပတ်သက်ပြီး (မထသ)ကော်မတီထံသို့ ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ် မေးမြန်းသော်လည်း အဆက်အသွယ်မရရှိသေးပါ။
ယခု ဇွန်လ ၁ရက်မှ ၂၀ ရက်နေ့တွင်း ဖားအံမြို့တွင် စစ်ကောင်စီဖမ်းဆီးထားသည့် ကား/ဆိုင်ကယ် အစီးရေ ၅၀၀ ကျော်ရှိနေပြီဟု နီးစပ်သူများက ပြောသည်။ စစ်ကောင်စီက မြို့နေရပ်ကွက် သားများအတွက် ဈေးသွားဈေး ပြန်လွယ်ကူရန် ယာဉ်လိုင်း ၂ ခု ပြေးဆွဲပေးမည့်အစား၊ သာသနာရေးသုံး၊ လူမှုကူညီရေးသုံး၊ အဖွဲ့အစည်း သုံးကားများသကဲ့သို့ ဒေသသုံးယာဉ်လိုင်စင်(သို့မဟုတ်) ထောက်ခံချက် ပြုလုပ်ပေးရေးကိုသာ ဆန္ဒရှိနေကြကြောင်း မြို့ခံ၊ ဒေသခံများပြောဆိုကြသည်။



















