Home သတင်း ရွှေကုက္ကိုတွင် ဖမ်းဆီးရမိသည့် ကျပ် ၁၀ ဘီလျံတန်ဘိုးရှိ မူးယစ်ဆေးဝါးများ BGF မီးရှို့ဖျက်ဆီးပြ

ရွှေကုက္ကိုတွင် ဖမ်းဆီးရမိသည့် ကျပ် ၁၀ ဘီလျံတန်ဘိုးရှိ မူးယစ်ဆေးဝါးများ BGF မီးရှို့ဖျက်ဆီးပြ

510
Photo: BGF

ဇွန်လ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုဒေသမှာ ဖမ်းဆီးရမိထားသည့် ၁၀ ဘီလျံ(ကျပ်သိန်း ပေါင်း တစ်သိန်း)ရှိ မူးယစ်ဆေးဝါးများအား ပြည်နယ်၊နယ်ခြားစောင့်တပ်-BGF က ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း BGF သတင်းအရင်းထံမှ သိရသည်။

ရွှေကုက္ကိုဒေသတွင် တစ်နှစ်အတွင်း BGF ဖမ်းဆီးရမိထားသည့် ဆေးခြောက်၊ ရေခဲ(ICE)၊ မြင်းဆေး၊ ဘိန်းဖြူ၊ ဘိန်းမဲနှင့် ခါခူးစသည့်မူးယစ်ဆေးအမျိုးအစားများအား BGF တာဝန်ရှိသူတစ်ဦးက ဦးဆောင်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ကရင်တိုင်းရင်းသားတို့၏ အနာဂတ်ကိုပျက်စီးစေသော မူးယစ်ဆေးဝါးများအား အသုံးမပြုကြရန်နှင့် ပိုမိုအဆင့်မြင့်လာသည့် မူးယစ်ဆေးများကို မသုံးစွဲနိုင်ရန် မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့သားသမီး၊ လူငယ်များအား ထိန်းသိမ်းကြရန် ဦးဆောင်ရာတွင်ပါဝင်သည့် BGF တာဝန်ရှိသူပုဂ္ဂိုလ်က ပြောသည်။

ရှေ့လျှောက်တွင်လည်း BGF အနေဖြင့် ရွှေကုက္ကိုဒေသအတွင်း စိတ်ကြွမူးယစ်ဆေး ရောင်းဝယ် ဖောက်ကား သုံးစွဲမှု ကင်းစင်သည်အထိ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

Photo: BGF

ကရင်ပြည်နယ်ရှိ လက်နက်ကိုင်များထိန်းချုပ်သည့်နယ်မြေများတွင် မူးယစ်ဆေးသုံးစွဲမှု အများ အပြားရှိနေသော်လည်း သုံးစွဲသူများသာ အရေးယူခံရပြီး ဖြန့်ဖြူးရောင်းချသူများမှာ လက်နက်ကိုင် အဖွဲ့အစည်းနှင့် ဆက်စပ်မှုရှိနေ၍ ဖမ်းဆီးဖော်ထုတ်ခြင်းမရှိကြောင်း နယ်ခံများက ဝေဖန်ထောက်ပြကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက မြဝတီနယ်စပ်ကို အဓိကထိန်းချုပ်ထားသည့် BGF နှင့် ဒီမိုကရေ စီအကျိုးပြုကရင့်တပ်မတော်-DKBA တို့ပူးပေါင်းပြီး မြဝတီအနီးတဝိုက်ဖွင့်ထားသည့် ဂိမ်းဆိုင်နှင့် လောင်းကစားရုံများတွင် မူးယစ်ဆေးသုံးစွဲမှုမရှိစေရေးအတွက် လိုက်လံပိတ်သိမ်းခိုင်းသည့် လုပ်ဆောင်ချက်ရှိခဲ့သည်။

ထို့အတူ ကျားဖြန့်အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းကိစ္စနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့က မြဝတီမှာပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကလည်း ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ ကျားဖြန့်နှင့် မူးယစ်ဆေးများကိစ္စများကို အပြီး သတ်ရှင်းလင်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Photo: BGF