
ဇွန်၂၆၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် မေလအတွင်း ပြည်သူ ၂၀၃ ဦး သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
ပြီးခဲ့သည့် မေလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ကချင်ပြည်နယ်တွင် (၇)ကြိမ်၊ စစ်ကိုင်းတိုင်း တွင်(၅၄) ကြိမ်၊ ချင်းပြည်နယ်တွင်(၆)ကြိမ်၊ ရခိုင်ပြည်နယ်တွင် (၁၀)ကြိမ်၊ မကွေးတိုင်းတွင်(၄၂)ကြိမ်၊ မန္တလေး တိုင်းတွင်(၇၁) ကြိမ်၊ ရှမ်းပြည်နယ်တွင်(၁၅)ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင်(၁၃) ကြိမ်၊ ဧရာဝတီ တိုင်းတွင်(၅) ကြိမ် ၊ မွန်ပြည်နယ်တွင်(၁၃)ကြိမ်၊ ကရင်ပြည်နယ်တွင်(၁၂)ကြိမ် နှင့်တနင်္သာရီတိုင်းတွင် (၆)ကြိမ် စသဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်ဟု အဆိုပါဝန်ကြီး ဌာနထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယခုလို ဗုံးကြဲခံရမှုကြောင့် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဒေသခံပြည်သူ(၂၀၃)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
အဆိုပါသေဆုံးသူများထဲတွင် အသက် (၁၈) နှစ် အောက် ကလေးသူငယ် (၄၇) ဦး၊ အသက်(၁၈)နှစ်အထက် (၈၃)ဦး နှင့် ခွဲခြား၍မရသောသူ (၇၃)ဦးတို့ ပါဝင်သလို ထိခိုက်ဒဏ်ရာရရှိသူမှာလည်း ဒေသအသီးသီးတွင် (၄၀၃)ဦး အထိရှိနေပြီး အသက်(၁၈)နှစ်အောက် ကလေးသူငယ်အရွယ်(၁၃၆)ဦး၊ အသက်(၁၈)နှစ်နှင့်အထက် (၉၄)ဦးနှင့် ခွဲခြား၍မရသောသူ (၁၇၃) ဦးတို့မှာ ထပ်မံပါဝင်သည်ဟု သိရသည်။
ထို့အပြင် စစ်ကောင်စီလက်ချက်ကြောင့် ပြီးခဲ့သည့်မေလအတွင်း မြန်မာနိုင်ငံအတွင်းရှိ ပြည်သူပိုင် နေအိမ် (၃၄၁) လုံး၊ စာသင်ကျောင်းပေါင်း (၁၇) ကျောင်း၊ ဘာသာရေးအဆောင်အအုံ (၁၂) လုံး ကျန်းမာရေးအဆောက်အအုံ (၆) ခု တိုသည်လည်း ထိခိုက်ပျက်စီးခဲ့ရသည်။
အမျိုးသား ညီညွှတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ပြီးခဲ့သည့်မေလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း ၆၀၆ မှု ကို ကောက်ယူ၊ မှတ်တမ်းတင်ထား နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံး ဖြစ်ပွားခဲ့ပြီး ၁၂၈ မှုထိ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။


















