Home သတင်း ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်စခန်း ၉ခုကို KNLA နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်

ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်စခန်း ၉ခုကို KNLA နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်

685
Photo: Crd.

ဇွန် ၂၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ၊ ခလယ်လွီထူးခရိုင်၊ ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါး၊ ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန် လမ်းဟောင်း ပေါ်ရှိ စစ်ကောင်စီ စခန်း ၉ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက ဇွန် ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု တောင်းပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ က သတင်းထုတ်ပြန် ထားသည်။

အဆိုပါ လမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်း (၉)ခုကို တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ ဝင်(၂၀) ဦး ထက်မနည်းသေဆုံးခဲ့ရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အမှတ်-၂ စစ်ဒေသခွဲ၏ တိုက်ပွဲ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယခုတိုက်ခိုက်ခဲ့မှုအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူးခရိုင် တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း သတင်းများကို စိစစ်မှု ပြုလုပ်နေသည်ဟု ကေအိုင်စီသို့‌ ပြောသည်။

Photo: Crd.

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ ရဲအုပ်တစ်ဦးအပါအဝင် စစ်သုံ့ပန်း(၃)ဦးကို ဖမ်းဆီးရရှိခဲ့ပြီး လက်နက်ကြီး များအပါအဝင်၊ လက်နက်ငယ်မျိုးစုံ(၁၆)လက်နှင့် ခဲယမ်းများ၊ စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ဆင်ရေးကိုဖော်ဆောင်ရာတွင် အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ အာဠာဝကတပ်ရင်း၊ အမှတ်(၃၅၀၃) တပ်ရင်း၊ နဂါးနီစစ်ကြောင်း၊ ဖြူး(ပကဖ)၊ ဗျူဟာ(၂၅)၊ အမှတ်(၃၇၀၂) တပ်ရင်း၊ Spring Warriors Column၊ KNLA တပ်ရင်း(၉)၊ ဗျူဟာ(၂၆)၊ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်း တပ်ရင်း တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။

ကေအဲန်ယူ၊ ခလယ်လွီထူး ခရိုင်နှင့် ထိစပ်မှုရှိသည့် ဒေသများကို ကေအဲန်ယူနှင့် တော်လှန်ရေးတပ်များ သွားလာ လှုပ်ရှားမှုများ ပြုလုပ်နေနိုင်သည့် အခြေအနေမျိုးရှိသည်ဟု ပြောရေးဆိုခွင့်ရှိသူ ပဒိုတောနီးက မီဒီယာများသို့ ပြောဆိုထားသည်။