Home သတင်း လောင်းလုံးတွင် စစ်ကောင်စီတပ်သားများ ကင်းလှည့်စဉ် တိုက်ခိုက်ခံရ၊ ၄ ဦးသေဆုံး

လောင်းလုံးတွင် စစ်ကောင်စီတပ်သားများ ကင်းလှည့်စဉ် တိုက်ခိုက်ခံရ၊ ၄ ဦးသေဆုံး

565
Photo: LLPDF

ဧပြီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးသွားသည်ဟု လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

လောင်းလုံးမြို့ပေါ်တွင် ဧပြီလ ၂၉ ရက်၊ နေ့လည် ၁ နာရီ ဝန်းကျင်အချိန်တွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးခန့်ကို ဒေသအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု လောင်းလုံး ပကဖ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ရှဲဒိုးက အတည်ပြုပြောသည်။

“ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး။ သူတို့ကင်းလှည့်ထွက်လာတဲ့အချိန်မှာ ကြိုတင်သတင်းရထားလို့ ကြားဖြတ် တိုက်ခိုက်နိုင်ခဲ့တာပါ။ ဖြစ်တဲ့နေရာကတော့ လောင်းလုံးမြို့ပေါ်က အထက-၁ စာသင်ကျောင်းနားမှာ ဖြစ်ခဲ့တာပါ။ ၄ ဦးသေပြီးတော့ နောက်တစ်ယောက်ကတော့ ထွက်ပြေးသွားတယ်။ နောက်ထက် တစ်ယောက် က သေနတ်ဒဏ်ရာတွေတော့ ရသွားတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများနှင့် စစ်ကောင်စီ တပ်သားများ လိုက်ပါ လာသည့်ကားကို လက်နက်ကြီး RPG ထိမှန်၍ ဓာတ်တိုင်သို့ ဝင်တိုက်ကာ ကားတစ်စီးလုံး ပျက်စီးခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်ဟု ရဲဘော်ရှဲဒိုးက ဖြည့်စွက်ပြောသည်။

ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားနေချိန်တွင်လည်း စမ်းလှန်းရွာ အနောက်ဘက် ပင်လယ်မှ ၅၆၅ စစ်သင်္ဘော တစ်စီး သည်လည်း စမ်းလှန်းရွာ ကမ်းဖက်ကို ကပ်လာကြောင်း၊ လောင်းလုံးရဲစခန်းနှင့် စရဖ ရုံးမှ စစ်ကောင်စီ တပ်သား များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မြို့ပေါ်ရှိ ပြည်သူပိုင် နေအိမ်များပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၃ လုံး ခေါင်မိုး ထိမှန်ခဲ့ပြီး ပြည်သူများ ထိခိုက်မှု မရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အပေါ် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာခြင်းမရှိသေးကြောင်း သိရသည်။