Home သတင်း စိတ်ကြွဆေးပြား ၅ သန်း သယ်ဆောင်လာသူများကို အဖွဲ့၏ဥပဒေအရ အရေးယူသွားမည်ဟု KNU ပြော

စိတ်ကြွဆေးပြား ၅ သန်း သယ်ဆောင်လာသူများကို အဖွဲ့၏ဥပဒေအရ အရေးယူသွားမည်ဟု KNU ပြော

1043
Photo: CJ

ဧပြီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၅)နှင့် တပ်မဟာ(၇)အစပ် သူးမွဲထ(မြစ်ဆုံ)နေရာတွင် ယနေ့ ဧပြီလ ၃၀ ရက်နေ့က မူးယစ်စေတတ်သည့် စိတ်ကြွ ဆေးပြား ၅ သန်း သယ်ဆောင်လာသူများကို ကေအဲန်ယူ၏ ဥပဒေအတိုင်းအရေးယူသွားမည်ဖြစ်ကြောင်း တပ်မဟာ(၇)၊ ဖားအံခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF က ပြောသည်။

သူးမွဲထ၊ မောတာဒို(သစ်စက်ဂိတ်)တွင် ယနေ့ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြား ၅ သန်း သယ်ဆောင်လာသည့် စက်လှေတစ်စင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စက်လှေ ပေါ်တွင် လိုက်ပါလာသူ ကရင်အမျိုးသားနှစ်ဦးကိုလည်း ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

“စက်လှေမှာပါလာတဲ့ လူ(၂)ယောက်ကိုတော့ ထိန်းသိမ်းထားပြီးစစ်မေးနေတယ်။ လောလောဆယ် သော်လဲထမှာ နေတဲ့သူတွေလို့ပဲ သိရသေးတယ်။ သူတို့ဒီဆေးတွေကို ဘယ်ကသယ်လာပြီး၊ ဘယ်ကိုပို့မှာလဲဆိုတာ တွေကတော့ အတိအကျမသိရ၊ မေးလို့မရသေးဘူးနော်။ ဖမ်းမိထားတဲ့သူတွေကိုတော့ ကျနော်တို့ စည်းမျဥ်းဥပဒေအတိုင်း အရေးယူသွားမှာပါ” ဟု ဖားအံခရိုင်၊ KNPF တပ်ဖွဲ့မှူး ဗိုလ်စောမောင်ကြည်က ပြောသည်။

မြစ်ကြောင်းအတိုင်း တာပေါ်လင်စဖြင့်ဖုံးအုပ်၍ စက်လှေပေါ်သယ်ဆောင်လာသည့် အဆိုပါ မူးယစ် ဆေးဝါးများမှာ ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းရောင်းချရန် ရည်ရွယ်ချက်ရှိနိုင်ကြောင်းလည်း ထိုင်းသတင်းမီဒီယာအချို့က ဖော်ပြသည်။

မူးယစ်ဆေးဝါးအမှုအား KNU ၏ ရာဇဝတ်မှုဥပဒေအောက်တွင် မူးယစ်ဆေး စိုက်ပျိုး၊ ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းချ၊ သုံးစွဲသော အမှုအမျိုးအစားများအဖြစ် ပြဌာန်းထားပြီး ကေအဲန်ယူထိန်းချုပ်နယ်မြေများ၌ မူးယစ်ဆေးသုံးစွဲမှုက အဖြစ်အများဆုံးဖြစ်ကြောင်း ဖားအံခရိုင် တရားရေးဌာနထံမှ သိရသည်။

ဖားအံခရိုင် တရားသူကြီး ပဒိုမန်းပန်းသီက “မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးပြောရရင် တချို့က စိုက်ပျိုးတယ်၊ တချို့က ထုတ်လုပ်တယ်၊ သယ်တယ်၊ ရောင်းတယ်။ နောက်ဆုံးသုံးစွဲတဲ့ လူတွေကတော့ ပိုများတာပေါ့။ အထိခိုက် အဖြစ်အများဆုံးကလည်း သုံးစွဲတဲ့ သူတွေပဲ။ ကျနော်တို့နယ်မြေမှာလည်း မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေပဲ ရှိပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးအထူး တိုက်ဖျက်ရေး ဥပဒေအရ အသိပညာပေးလုပ်ငန်း လုပ်ဆောင်တာပဲ ရှိမယ်။ ကြီးလေးတဲ့ ပြစ်ဒဏ်တော့ မရှိဘူး။ အရေအတွက်များရင်တော့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရနိုင်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

KNLA ဗဟိုစစ်ဦးစီးချုပ် ဌာနဘက်ကလည်း မူးယစ်ဆေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာက လက်မခံ၊ ဆန့်ကျင် သည့် နည်းတူ မိမိတို့နယ်မြေအတွင်း မူးယစ်ဆေး ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချခြင်းအား ဆန့်ကျင်သလို ပြစ်မှုကျူး လွန်ကြောင်း ထင်ရှားပါက တည်ဆဲ၊ ဥပဒေများနှင့်အတူ အရေးယူသွားမည်ဖြစ်သည်ဟု ပြီးခဲ့သည့် မတ်လ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သေးသည်။