ဧပြီလ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် သကြင်္န်ကာလ အပါအဝင် ဧပြီလ ၁ ရက်မှ ၂၃ ရက်နေ့ အတွင်း အရပ်သား (၅၅ ) ဦး သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က ယနေ့ (ဧပြီလ ၂၃ ရက်) တွင် ထုတ်ပြန်သည်။
အဆိုပါ သေဆုံးသူများထဲတွင် အမျိုးသမီး (၃၂) ဦးနှင့် အမျိုးသား (၂၃) ဦးဖြစ်ပြီး သေဆုံးသူအားလုံး၏ အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟု AAPP က ဆိုသည်။
“လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု တို့ကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ ဒီလိုသေဆုံးမှုတွေနဲ့ သေဆုံးခဲ့ရတာ ဖြစ်တယ်” ဟု AAPP ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်က ပြောသည်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများထဲတွင် စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ် (၁၇) ဦးလည်း ပါဝင်ကြောင်း AAPP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် ဧပြီလ ၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူးမြို့နယ်၊ သင်တောရွာသို့ စစ်ကောင်စီမှ ဖျက်အားပြင်းဗုံးဖြင့် လေကြောင်းမှ ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ ဒေသခံ ၆ ဦး လက်နက်ကြီးကျဥ်ထိမှန်ပြီး သေဆုံးခဲ့ကြောင်းလည်း AAPP ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အလားတူ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဧပြီလ (၂၀) ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်နှင့် ဘာသာရေးအဆောက်အဦများ ထိခိုက်ပျက်စီးသွားကြောင်း ကေအဲန်ယူ ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့အထိ စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် အရပ်သားပြည်သူ စုစုပေါင်း ၆,၅၅၀ ဦး ရှိခဲ့ပြီဖြစ်ကြောင်း AAPP ပြုစုထားသောစာရင်းတွင် ဖော်ပြထားသည်။



















