Home သတင်း လယ်မူလားတွင် လေကြောင်းတိုက်ခိုက်ခံရပြီး မသန်စွမ်းအပါအဝင် (၃) ဦးသေဆုံး၊ (၇) ဦး ဒဏ်ရာရ

လယ်မူလားတွင် လေကြောင်းတိုက်ခိုက်ခံရပြီး မသန်စွမ်းအပါအဝင် (၃) ဦးသေဆုံး၊ (၇) ဦး ဒဏ်ရာရ

6
Photo: KNU

နိုဝင်ဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) လယ်မူလား(ပုလော) မြို့နယ်၊ မဇောကျေးရွာထဲသို့ ယမန်နေ့၊ နိုဝင်ဘာလ (၆)ရက်နေ့က စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် မသန်စွမ်းသူအပါအဝင် (၃)ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

စစ်အုပ်စုက တိုက်လေယာဉ်ဖြင့် နံနက်(၉)နာရီ(၅၂)မိနစ်အချိန်တွင် မဇောကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မသန်စွမ်းတစ်ဦး အပါအဝင် (၃) ဦးသေဆုံးကာ အသက်(၁၀)နှစ်အရွယ် ကလေးငယ်(၁)ဦးအပါအဝင် (၇)ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

စစ်အုပ်စုသည် K8W အမျိုးအစား ဖိုက်တာ ဂျက်လေယာဉ်တစ်စီးနှင့်အတူ ဟယ်ရီကော်ပတာ (၃)စီးဖြင့်ပါ ရွာထဲသို့ ယမန်နေ့က တစ်ချိန်တည်း ဗုံးကြဲတိုက်ခိုက်သွားခြင်း ဖြစ်သည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် လူထု ထိခိုက်သေဆုံးမှုများသည့်အပြင် မူကြိုစာသင်ကျောင်းတစ်ကျောင်း၊ လူနေအိမ်တစ်လုံးနှင့် ဆိုင်ကယ်တစ်စီးလည်း ပျက်ဆီးသွားခြင်းရှိကြောင်း သိရသည်။

ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်ထဲတွင် စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှု အပတ်စဥ်လိုလိုရှိနေသလို ပြီးခဲ့သည့် အောက်တိုဘာလ (၃၀)ရက်နေ့ကလည်း ရေဘေးကြောင့် လူနေအိမ် ထိခိုက်ပျက်ဆီးမှုများခဲ့သည့် သညော်ဆီ(ကညင်ချောင်း)ကျေးရွာကို စစ်အုပ်စုက အလားတူ တိုက်ခိုက်မှုရှိခဲ့သဖြင့် လူထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

Photo: KNU