နိုဝင်ဘာ (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်းရှိ တရားမဝင် နယ်စပ်ဖြတ်ကျော် ကမ်းကူးဂိတ်များကို ထိုင်းအာဏာပိုင်များဘက်မှ ယခု နိုဝင်ဘာလအတွင်း ဖြတ်သန်းခွင့် ပိတ်ထားသည့်နောက်ပိုင်း တရားမဝင်ကမ်းကူးခများ နှစ်ဆမြင့်တက်လာကြောင်း နယ်စပ်သတင်းအရင်းအမြစ်များက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈) ရက်နေ့က ထိုင်းအာဏာပိုင်များသည် တရားမဝင် ကမ်းကူးသွားလာမှုအများဆုံးဖြစ်သည့် မဲဆောက်-မြဝတီ နှစ်နိုင်ငံ အမှတ်(၁) ချစ်ကြည်ရေးတံတားအောက်ရှိ သောင်ရင်းမြစ် ကမ်းကူးဂိတ်များကို ပိတ်ချလိုက်ခြင်းဖြစ်ပြီး ယခင် ကမ်းကူးခ ထိုင်းဘတ်ငွေ (၁,၀၀၀)ဝန်းကျင်မှ လက်ရှိ (၂,၅၀၀)ဘတ်အထိ မြင့်တက်လာသည်။
ကမ်းကူး ပို့ဆောင်ပေးသူတစ်ဦးက “အခု တံတားအောက်က ဂိတ်တွေပိတ်တော့ ကမ်းကူးပို့ရတာခက်လာတယ်။ ကမ်းကူးဖို့မလွယ်တဲ့အတွက် ဈေးကလည်း တက်သွားတာပေါ့။ အများကြီးမယူချင်ပေမယ့်လည်း ပို့ပေးရတဲ့သူတွေဘက်ကလည်း အန္တရာယ်ရှိပြီး အချိတ်အဆက်အဆင့်ဆင့် သွားရတယ်လေ” ဟု ပြောသည်။
အထူးသဖြင့် မဲဆောက်-မြဝတီ တံတားအနီးရှိ သဲပုံဂိတ်၊ ရေလယ်ကျွန်းဂိတ်စသည့် အောက်ဂိတ်များကို ထိုင်းအာဏာပိုင်များက ပိတ်ထားသည့်အပြင် ရေလယ်ကျွန်း၊ နယ်စပ်စည်းမျဉ်းပေါ်ရှိ မြန်မာဘက်မှ ရောင်းချသည့် ကုန်ပစ္စည်းဆိုင်တန်း(ဆေးလိပ်တန်း)များလည်း ပါဝင်သည်။

ယင်းသို့ မဲဆောက်မြို့အနီးဆုံးဂိတ်များ ပိတ်ခံရသဖြင့် အထောက်အထားမရှိသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် မြစ်ကူးသွားလာရန် ခက်ခဲသွားကြောင်း အလုပ်သမားများက ပြောသည်။
ထို့အတူ နိုဝင်ဘာ(၂၄)ရက်နေ့က မြဝတီဘက်ကိုပေးနေသည့် လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားမှု အခြေအနေ အပါအဝင် နယ်စပ်လုံခြုံရေးနှင့် ကုန်သွယ်မှုကို စစ်ဆေးရန် ထိုင်းအာဏာပိုင်များက မဲဆောက်နယ်စပ်ကို ရောက်ရှိခဲ့သည်။ ထို့နောက်တွင် မူးယစ်ဆေး၊ လက်နက် စသည့် တရားမဝင်ကုန်သွယ်မှုများနှင့် လူမှောင်ခို၊ ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း)များ နယ်စပ်ဖြတ်ကျော်ကူးသန်းမှုကိုတားဆီးရန် တာ့ခ် အပါအဝင် ခရိုင်(၅)ခုရှိ တရားမဝင်ကမ်းကူးဂိတ်များကို ပိတ်လိုက်ကြောင်း သတင်းပေါ်ထွက်လာသည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၁၈) ရက်က ချစ်ကြည်ရေးတံတားအောက်ရှိ ကမ်းကူးဂိတ်များ ပိတ်ခဲ့ခြင်းကိုမူ ထိုင်းနိုင်ငံဘက်သို့ တရားမဝင် အလုပ်သမား ဝင်ရောက်မှုကို တားဆီးရန်၊ ကျားဖြန့်ဂိုဏ်းများ လူကုန်ကူးမှုများကို နှိမ်နင်းရန်အတွက် ဖြစ်ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြကြသည်။
ထိုစဥ်က တရားမဝင် ကမ်းကူးဂိတ်များကို တင်းကြပ်စွာ ပိတ်ဆို့လိုက်သော်လည်း နှစ်နိုင်ငံ ကုန်သွယ်မှု စီးဆင်းရန်နှင့် သွားလာဖြတ်ကူးရန်အတွက် မဲဆောက်-မြဝတီ အမှတ် (၁) တံတားအား တရားဝင်လမ်းအနေဖြင့် ပုံမှန် ဖွင့်လှစ်ပေးထားခဲ့ကြောင်းသိရသည်။


















