နိုဝင်ဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်) နှင့် ဒူးပလာယာခရိုင်တို့တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်ဘေးရှောင်ဦးရေ တိုးလာကြောင်း ကရင်ပြည်တွင်းနေရပ်စွန့်ခွာရသူများ ကော်မတီ-CIDKP က ယမန်နေ့ နိုဝင်ဘာလ (၆) ရက်နေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ်လတွင်မှတ်တမ်းတင်ထားသော မူတြော်ခရိုင်အတွင်း ပဋိပက္ခကြောင့် နေရပ်စွန့်ခွာနေရသူဦးရေ (၇) သောင်းကျော်နှင့် နှိုင်းယှဥ်ပါက အောက်တိုဘာလတွင် စစ်ဘေးရှောင် (၈၄,၄၅၉) ဦးရှိလာပြီး ဒူးပလာယာခရိုင်တွင်ရှိနေသည့်စစ်ဘေးရှောင် (၂၁၄,၇၅၃) မှ (၂၁၄,၉၃၇) သို့ တိုးလာကြောင်း CIDKP က ဖော်ပြသည်။
စစ်အုပ်စုသည် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်မျက်နှာပြင်မဟုတ်သည့်အရပ်ဒေသများသို့ ရမ်းသမ်းပစ်ခတ်ခြင်းကို အမြဲမပြတ်လုပ်ဆောင်နေသဖြင့် အရပ်သားပြည်သူများ၏လုံခြုံရေး ထိခိုက်ပြီး ထပ်ဆင့်နေရပ်စွန့်ခွာ စစ်ရှောင်ရခြင်းကို ဖြစ်ပေါ်စေခဲ့သည်ဟု CIDKP က ဆိုသည်။
သို့ရာတွင် ဇွန်လမှ အောက်တိုဘာလအတွင်း ကေအဲန်ယူအုပ်ချုပ်နယ်မြေ ခရိုင်(၇)ခုလုံးရှိ စစ်ဘေးရှောင်အပြောင်းအလဲကို မှတ်တမ်းတင်ထားသည့် အဆိုပါအစီရင်ခံစာအရ ယခင်ရှိနေသည့် စုစုပေါင်းစစ်ရှောင်အရေအတွက် (၁,၁၆၀,၆၀၅) ဦး မှ အောက်တိုဘာလတွင် (၉၄၄,၇၁၁) ဦးအထိ လျော့နည်းသွားသည်။
ဒူးသထူ(သထုံ)ခရိုင်တွင် ဩဂုတ်လက စစ်ဘေးရှောင် (၁၄၄,၃၆၂) ရှိခဲ့ရာမှ အောက်တိုဘာလတွင် (၁၄၀,၁၆၃) အထိ လျော့သွားပြီး တောအူး(တောင်ငူ)ခရိုင်တွင် (၁၇၆,၉၉၇) မှ (၁၆၆,၁၃၀) နှင့် ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်တွင် (၃၆၁,၀၄၆) မှ (၁၅၈,၅၆၉) အထိ စစ်ရှောင်ဦးရေ သိသိသာသာ လျော့သွားကြောင်း သိရသည်။
ထို့အတူ မြိတ်-ထားဝယ်ခရိုင်တွင် ဩဂုတ်လက (၁၄၇,၀၉၂) မှ (၁၄၁,၁၀၁) အထိသာ စစ်ရှောင်အရေအတွက် ကျန်ရှိသလို ဖားအံခရိုင်တွင် (၄၀,၇၇၇) မှ (၃၉,၃၅၂) အထိ လျော့သွားသည်ဟုလည်း အဆိုပါစာရင်းတွင် မှတ်တမ်းတင်ထားသည်။
စစ်ရှောင်လျော့သွားသည့်ဒေသများနှင့်ပတ်သက်၍ CIDKP ကမူ တိုက်ပွဲများ ယာယီရပ်တန့်နေခြင်းကြောင့် စစ်ရှောင်များနေရပ်ပြန်နိုင်ကြခြင်းရှိသလို အချို့မှာလည်း ပဋိပက္ခဖြစ်ပွားရာဒေသများကို စွန့်ခွာပြီး အဝေးရပ်သို့ပြောင်းရွှေ့သွားကြခြင်းကြောင့်ဖြစ်ကြောင်း မှတ်ချက်ပေးသည်။
လတ်တလောတွင် ကေအဲန်ယူအုပ်ချုပ်သည့်နယ်မြေ (၇)ခုလုံး၌ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေသော်လည်း အထူးသဖြင့် ဒူးပလာယာနှင့် မူတြော်ခရိုင်တွင် စစ်အုပ်စုက နယ်မြေထိန်းချုပ်မှုရရန် စစ်ကြောင်းထိုးဖောက်ဝင်ရောက်ခြင်းနှင့် အပြန်အလှန်လက်နက်ပစ်ခတ်မှုများ လုပ်ဆောင်နေ၍ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။


















