Home Facts Checking News စစ်အာဏာရှင်တပ် နယ်စပ်ဗုံးကြဲမှုကြောင့် ထိုင်းဘက်ခြမ်းမှာ ထိခိုက်မှုကို ဖုံးကွယ်ဖို့ ဝါဒဖြန့်ချန်နယ်ကြိုးပမ်း

စစ်အာဏာရှင်တပ် နယ်စပ်ဗုံးကြဲမှုကြောင့် ထိုင်းဘက်ခြမ်းမှာ ထိခိုက်မှုကို ဖုံးကွယ်ဖို့ ဝါဒဖြန့်ချန်နယ်ကြိုးပမ်း

6

စစ်အာဏာရှင်တပ် နယ်စပ်ဗုံးကြဲမှုကြောင့် ထိုင်းဘက်ခြမ်းမှာ ထိခိုက်မှုကို ဖုံးကွယ်ဖို့ ဝါဒဖြန့်ချန်နယ်ကြိုးပမ်း

Fact Check | Dawei Watch | KIC | The Red Flag | MFCN

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတစ်ခုဖြစ်တဲ့ သော်လဲထ နေရာကို အောက်တိုဘာလ ၃၁ ရက်မှာ စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် သော်လဲထနေရာ တည်ရှိရာအနီးရှိ သံလွင်မြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံ၊ မယ့်စရီးယန်းမြို့နယ်၊ မယ့်စန်လက်ရွာအထိ ပေါက်ကွဲအားပြင်းထန် သက်ရောက်မှုရှိကာ ဒေသခံ တစ်ဦးဒဏ်ရာရပြီး အဆောက်အအုံအချို့ ပျက်စီးခဲ့ပါတယ်။

ဗုံးကြဲမှု မတိုင်ခင်နဲ့ ဗုံးကြဲပြီးတဲ့ ရက်တွေမှာလည်း ထိုင်းဘက်ခြမ်းမှာ မြန်မာနိုင်ငံဘက်က ပစ်လိုက်တဲ့ ကျည်တချို့နဲ့ လက်နက်ကြီးကျည်တွေ လာကျတာတွေ ရှိပါတယ်။

အဲဒီဖြစ်စဥ်တွေမှာ စစ်အာဏာရှင်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိုင်းဘက်မှာ ထိခိုက်ခဲ့တာမရှိဘဲ သတင်းဌာနတွေက လိမ်လည်ဖော်ပြနေတယ်ဆိုပြီး စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဖြန့်ချိနေပါတယ်။

Subscriber တစ်သောင်းကျော်ရှိတဲ့ “Fact Check” ဆိုတဲ့ နာမည်နဲ့ စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာလ ၁ ရက်မှာ ဖြန့်ချိတာပါ။

ဖြန့်ချိချက် – https://archive.ph/h8ziD

အဲဒီဖြန့်ချိချက်ကို Myanmar Fact-checking Network အဖွဲ့ဝင်တွေ ဖြစ်တဲ့ Dawei Watch နဲ့ KIC က အချက်အလက် စစ်ဆေးရာမှာတော့ စစ်အုပ်စုရဲ့ အပြစ်ကို ဖုံးကွယ်ဖို့ ကြိုးပမ်းတဲ့ ဖြန့်ချိချက်ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

◾စစ်အုပ်စုက KNU နဲ့ မဆက်ဆံရန် ထိုင်းကို စာပို့ပြီးနောက် နယ်စပ်ကို ဗုံးကြဲ
KNU တပ်မဟာ (၅) နယ်မြေ၊ သံလွင်မြစ်ကမ်းနား၊ သော်လဲထ နေရာမှာ ထိုင်းလုပ်ငန်းရှင်တွေက KNU နဲ့ ကုန်သွယ်ရေး လုပ်ဆောင်နေလို့ စစ်အုပ်စုက ထိုင်း-မြန်မာနယ်ခြားကော်မတီဥက္ကဋ္ဌဆီကို ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်စွဲနဲ့ သတိပေးစာ တစ်စောင် ပို့ခဲ့ပါတယ်။

အဲဒီစာထဲမှာ စစ်အုပ်စုက KNU ကို မတရားအသင်း ကြေညာထားပြီး တရားဝင် ခွင့်ပြုထားတာမရှိဘဲ ထိုင်းလုပ်ငန်းရှင် တွေက KNU နဲ့ ကုန်သွယ်နေတာကို ကန့်ကွက်တယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းနဲ့ မြန်မာချစ်ကြည်ရင်းနှီးမှုအရ KNU နဲ့ ဆက်ဆံတာ မလုပ်ဖို့ ထိုင်းဘက်က လိုက်နာရမယ်ဆိုတဲ့အပြင် ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ သော်လဲထရှိ KNU ထောက်ပံ့ရေးလမ်းကြောင်းတွေကို လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက် သွားမယ်လို့ စာထဲမှာ ရေးထားပါတယ်။

အောက်တိုဘာလ ၃၁ ရက် ညပိုင်းမှာ သော်လဲထနေရာကို စစ်အာဏာရှင်တပ်က လေယာဥ်ဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက် ခဲ့တဲ့အတွက် ပြင်းထန်ပေါက်ကွဲအရှိန်ကြောင့် ထိုင်းဘက်က အဆောက်အအုံအချို့ ပျက်စီးမှုရှိခဲ့ပါတယ်။ ထိုင်းဘက်က မယ့်စန်လက်ရွာ ရွာသားတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ရေးသားပါတယ်။

ခရစ်ယာန်ဘုရားကျောင်း၊ ဆေးရုံနဲ့ ရွာအစည်းအဝေးခန်းမတွေမှာ ထိခိုက်မှုရှိခဲ့သလို နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ရာ သော်လဲထ-မယ့်စန်လက် သံလွင်ကမ်းကူးဂိတ်နေရာကို သက်ဆိုင်ရာ အာဏာပိုင်တွေက အသွားအလာပိတ်ထားတယ်လို့ သိရပါတယ်။

သံလွင်ကမ်းနံဘေးက သော်လဲထနေရာရဲ့ တစ်ဖက်ကမ်းမှာ ထိုင်းနယ်နိမိတ်ဖြစ်တဲ့ မယ့်ဆရီးယန်းမြို့နယ်၊ မယ့်စန်လက် ကျေးရွာနှင့် မျက်နှာချင်းဆိုင်တည်ရှိပါတယ်။ အဲဒီအကြောင်းအရာတွေကို KIC က သတင်းဖော်ပြထားပါတယ်။

KIC သတင်းလင့်ခ် – https://www.facebook.com/share/p/1EtGmb3GSH/
BBC မြန်မာပိုင်းကလည်း “KNU နဲ့ ဆက်ဆံတာ လုံးဝ မလုပ်ဖို့ မြန်မာစစ်တပ်က ထိုင်းလုပ်ငန်းရှင်တွေကို သတိပေးတဲ့စာထွက်လာ” ဆိုတဲ့ခေါင်းစဥ်နဲ့ သတင်းဖော်ပြထားပါတယ် ။

BBC မြန်မာပိုင်း သတင်းလင့်ခ် – https://shorturl.at/WF8jh

KNU သိမ်းထားတဲ့ ဆောလဲထာ (သော်လဲထ) စစ်တပ်စခန်းကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲချိန် တစ်ဖက်ခြမ်းမှာရှိတဲ့ ထိုင်းအဆောက်အအုံ တချို့ ဗုံးစထိမှန်လို့ ကရင်အမျိုးသား တစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်နဲ့ ထိုင်းအစိုးရ အဆောက်အအုံ ၁၀ လုံးကျော် ပျက်စီးတယ်လို့ ထိုင်းသတင်းတွေကို ကိုးကားပြီး BBC က ဖော်ပြခဲ့ပါတယ် ။

ထိုင်းသတင်းဌာန တစ်ခုဖြစ်တဲ့ Khasoad သတင်းဌာနကလည်း စစ်အာဏာရှင်တပ် နယ်စပ်ကို ဗုံးကြဲလို့ ထိုင်းဘက်က အဆောက်အအုံတွေ ထိခိုက်တဲ့သတင်းကို အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားပါတယ်။

Khasoad သတင်းလင့်ခ် – https://shorturl.at/dVIPj

◾ ထိုင်းဘက်က စစ်အုပ်စုကို ခေါ်ယူသတိပေး
စစ်အာဏာရှင်တပ်ဘက်က နယ်စပ်ဗုံးကြဲမှုမှာ ထိုင်းနိုင်ငံဘက်ကို ထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့မှာ မြန်မာနိုင်ငံ စစ်အုပ်စု စစ်သံမှူးကို ထိုင်းစစ်ဦးစီးချုပ်က နိုဝင်ဘာလ ၂ ရက်မှာ ခေါ်ယူသတိပေးခဲ့ပါတယ်။

အဲဒီအကြောင်းအရာကို ထိုင်းတော်ဝင်စစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး BBC မြန်မာပိုင်းက သတင်းဖော်ပြပါတယ် ။

BBC မြန်မာပိုင်းသတင်းလင့်ခ် – https://shorturl.at/mjpBI

ခေါ်ယူသတိပေးပြီးတဲ့နောက် နိုဝင်ဘာလ ၃ ရက်မှာလည်း မြန်မာနိုင်ငံဘက်က နှစ်ဖက်တိုက်ပွဲကြားကနေ ထိုင်းဘက် မယ်ကိုကင်းရွာကို RPG ဗုံးသီး တစ်လုံးကျလာတာကြောင့် ထိုင်းစစ်တပ် မီးကျည်ပြန်ပစ်ခတ်သတိပေးခဲ့တယ်လို့ KIC က သတင်းဖော်ပြထားပါတယ်။

KIC သတင်းလင့်ခ် – https://shorturl.at/222Lb

ဒီဖြစ်စဥ်တွေ မတိုင်ခင်မှာလည်း မြန်မာနိုင်ငံဘက်က ကျည်တွေ ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို ကျရောက်တာတွေ ရှိတာကြောင့် မဲဆောက် မဲကိုကင်းရွာသားတွေက အောက်တိုဘာလ ၂၇ ရက်မှာ ထိုင်းအစိုးရဘက်က ဟန့်တာပေးဖို့ ဆန္ဒပြကြတဲ့အကြောင်း Myanmar Now က သတင်းဖော်ပြခဲ့ပါတယ် ။

Myanmar Now သတင်းလင့်ခ် – https://shorturl.at/X8xxm

◾ စိစစ်တွေ့ရှိချက်
စစ်အာဏာရှင်တပ်ဟာ ထိုင်းနယ်စပ်ကို အောက်တိုဘာလ ၃၁ရက်မှာ ဗုံးကြဲခဲ့ပါတယ်။ အဲဒီဖြစ်စဥ်မှာ ထိုင်းဘက်ကို ကျရောက်ပြီး ထိခိုက်ခဲ့တာတွေ ရှိတာကို ထိုင်းဘက်က ကိုယ်တိုင်ထုတ်ပြောတာ၊ ခေါ်ယူသတိပေးတာတွေ လုပ်ခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဗုံးကြဲတဲ့နေရာဟာ ထိုင်းနယ်စပ်နဲ့ နီးနေတာကြောင့် ထိုင်းဘက်ကို ကျရောက်တာလို့ ဒေသခံတွေက ဆိုပါတယ်။

“လာပစ်တဲ့နေရာက ထိုင်း-မြန်မာနယ်စပ်ရုံးရှိတဲ့နေရာမို့ လာပစ်တယ်လို့ထင်တယ်။ အရင်ထဲက မြေမျက်နှာပြင်က ထိုင်းဘက်ကို မျက်နှာမူထားတာဖြစ်လို့ လာပစ်ရင် ကျွန်တော် တို့ဘက်ကိုရော ထိုင်းဖက်ကိုရောထိတယ်” လို့ သော်လဲထ-မဲ့စန်လက်နယ်စပ်နေ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်အာဏာရှင်တပ်က နယ်စပ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးကလည်း အတည်ပြု ပြောဆိုပါတယ်။

ဒေသခံ၊ တော်လှန်ရေးတပ်တာဝန်ရှိသူတွေထံ မေးမြန်းအတည်ပြုချက်တွေနဲ့ ထိုင်းနိုင်ငံ ဘက်က အထောက်အထား တွေအရ စစ်အာဏာရှင်တပ်ရဲ့ နယ်စပ်ဗုံးကြဲမှုမှာ ထိုင်းနိုင်ငံဘက်က ထိခိုက်မှုရှိခဲ့တာဟာ မှန်ကန်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

◾ သုံးသပ်ချက်
စစ်အာဏာရှင်တပ်က ထိုင်း-မြန်မာနယ်စပ်ကို လေကြောင်းအသုံးပြု ဗုံးကြဲမှုကြောင့် ထိုင်းဘက်က စစ်အုပ်စုကို ခေါ်ယူသတိပေးတာတွေကြုံခဲ့ရပါတယ်။

အဲဒီလို စစ်အုပ်စုရဲ့ နိုင်ငံတကာမြင်ကွင်းမှာ ပုံရိပ်ကျတာကို ဖုံးကွယ်လိုတာ၊ သတင်းမီဒီယာကို ပုံဖျက်လိုတာတွေကြောင့် စစ်အုပ်စုဝါဒဖြန့် ချန်နယ်ကတစ်ဆင့် တန်ပြန်လိမ်လည်ဝါဒဖြန့်ဖို့ ကြိုးပမ်းတဲ့ ဖော်ပြချက်တစ်ခုဖြစ်တယ်လို့ သုံးသပ်ရ ပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်တွေ ဖြစ်တဲ့ Dawei Watch နဲ့ KIC သတင်းဌာနတွေ ရဲ့ မက်ဆင်ဂျာကနေ တစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web- https://myanmarfactcheckingnetwork.org/
Fb- https://www.facebook.com/myanmarfactcheckingnetwork