Home သတင်း လောင်စာဆီရှား၍ ဖားအံက ဆောင်းစပါးစိုက်ပျိုးသူများ အခက်ကြုံ

လောင်စာဆီရှား၍ ဖားအံက ဆောင်းစပါးစိုက်ပျိုးသူများ အခက်ကြုံ

9

နိုဝင်ဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်း လောင်စာဆီရှားပါးပြီး ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် ဆောင်းစပါးစိုက်ပျိုးသူ ဒေသခံလယ်သမားများ စပါးခင်းရေသွင်းရေထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်ကြုံလာကြရကြောင်း သိရသည်။

လောင်စာဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည့် ဖားအံမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် လိုအပ်သောဆီပမာဏ ဝယ်ယူ၍မရခြင်းကြောင့် တစ်ဆင့်ခံရောင်းချသူများထံမှ ဈေးကြီးပေးဝယ်နေရခြင်းဖြစ်သည်။

စပါးစိုက်ပျိုးရန် လယ်ထွန်ခြင်း၊ ထယ်ထိုးခြင်းနှင့် စပါးခင်းများကို ရေသွင်းရေထုတ်ပြုလုပ်ခြင်း စသည့် လယ်ယာလုပ်ငန်းအတွက် စက်ယန္တရားများ အဓိကအသုံးပြုရသဖြင့် ဓာတ်ဆီနှင့် ဒီဇယ်ဆီ လိုအပ်ချက်ရှိသော်လည်း လက်ရှိ လောင်စာဆီရှားပါးမှုနှင့် ဈေးနှုန်းမြင့်တက်မှုကြောင့် အခက်အခဲဖြစ်နေကြောင်း ဖားအံမြို့နယ်နေ လယ်သမားတစ်ဦးက ပြောသည်။

“စပါးရေသွင်းဖို့ နဲ့ ထယ်ထိုး လယ်ထွန်ဖို့ ဓာတ်ဆီ၊ ဒီဇယ်တွေကို မှောင်ခိုဈေးနဲ့ ဝယ်နေရတော့ ကုန်ကျစရိတ် အရမ်းများတယ်။ ဆီဆိုင်ကြီးတွေမှာ သွားဝယ်လို့ မရဘူး။ QR code ရှိမှ ဝယ်လို့ရတယ်။ လိုင်စင်ရှိ ဆိုင်ကယ်တောင် လိုချင်တိုင်း ဆိ ဝယ်လို့ မရပြန်ဘူး။ ဆိုင်ကြီးတွေမှာ အကန့်အသတ်နဲ့။ နေ့တိုင်းလည်း မဖွင့်ဘူး” ဟု ၎င်းက ပြောသည်။

ဒေသခံများပြောပြချက်အရ တရားဝင်သတ်မှတ်ထားသည့် စက်သုံးဆီဈေးနှုန်းမှာ ဖားအံမြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ်ငွေ ၄,၀၀၀ မှ ၅,၀၀၀ ဝန်းကျင်ကြားသာ ရှိသော်လည်း မှောင်ခို(တရားမဝင်)ဈေးကွက်တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၈,၀၀၀ မှ ၈,၅၀၀ အထိနှင့် ဒီဇယ်ဆီတစ်ဂါလံလျှင် ကျပ် ၃၀,၀၀၀ အထိ ပေါက်ဈေးရှိနေသည်။

စပါးစိုက်ပျိုးမှုဧက သန်းနှင့်ချီရှိသည့် မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် စပါးစိုက်ပျိုးကြခြင်းဖြစ်သလို ဆောင်းစပါးနှင့် နွေစပါးစိုက်ပျိုးခြင်းအတွက် ရေတွင်း၊ ရေကန်များမှ ရေကို စက်ယန္တရားများဖြင့် ရေသွင်းစိုက်ပျိုးကြသည်။

ယင်းကြောင့် စက်ယန္တရားများ လည်ပတ်ရန်လိုအပ်သော်လည်း ယခုလို လောင်စာဆီရှားပါးပြီး ဈေးကြီးပေးဝယ်နေရသည့်အခြေအနေအရ လိုအပ်သော စပါးခင်း ရေသွင်းရေထုတ်လုပ်ငန်းများကို အချိန်မီဆောင်ရွက်နိုင်ခြင်းမရှိဟု လယ်သမားများက ဆိုသည်။

တစ်ဖက်တွင်လည်း ရာသီဥတု ပိုမိုပူပြင်းလာမှုကြောင့် ရေတွင်း၊ ရေကန်များတွင် ရေခမ်းခြောက်မှုရှိနေပြီး ကျေးလက်နေ လူငယ်အများအပြား ပြည်ပ ထွက်ခွာ အလုပ်လုပ်ကိုင်သူ များလာခြင်းကြောင့် လုပ်သားအင်အားရှားပါးမှုကိုပါ ကြုံတွေ့နေရကြောင်း သိရသည်။

ထို့အတူ စပါးစိုက်ပျိုးရေးအတွက် အငှားလုပ်သားများ ခေါ်ယူရာတွင် တစ်ရက်လုပ်အားခ ကျပ် ၂၅,၀၀၀ မှ ၃၀,၀၀၀ အထိ ပေးဆောင်ရပြီး အလွယ်တကူ ခေါ်ယူ၍မရကြောင်း ဒေသခံလယ်သမားများက ဆိုသည်။

ဖားအံမြို့နယ်တွင် ရာသီအလိုက် စပါးစိုက်ပျိုးခြင်းကို အချို့တောင်သူများက စီးပွားဖြစ် လုပ်ကိုင်ကြသော်လည်း အများစုမှာ မိသားစုစားဝတ်နေရေးကို အဓိကထား၍ စိုက်ပျိုးကြခြင်းဖြစ်သည်။ ဆောင်းစပါး စိုက်ပျိုးခြင်းကို အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စတင် လုပ်ဆောင်လေ့ရှိပြီး ဖေဖော်ဝါရီနှင့် မတ်လများတွင် ရိတ်သိမ်းကြခြင်းရှိသည်။

ဆောင်းစပါး စိုက်ပျိုးပြီး ရက်ပေါင်း ၆၀ အတွင်း ရေသွင်းရေထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်သော်လည်း အခက်အခဲများကြောင့် စပါးခင်းများ ထိခိုက်ပျက်စီးမှု ရှိလာကြောင်း လယ်သမားများက ပြောသည်။