နိုဝင်ဘာ (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ရန်ပုံငွေမလုံလောက်မှုနှင့် စီမံခန့်ခွဲ့မှု အခက်အခဲများကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ အင်ကြင်းခေတ်သင်ကြားရေး စင်တာ (IGK Learning Center) အား ဩဂုတ်လမှ စတင်ကာ အပြီးတိုင်ပိတ်သိမ်းလိုက်ကြောင်း စင်တာ တည်ထောင်သူထံမှ သိရသည်။
ကျောင်းပိတ်သိမ်းရခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ကောလဟာလများကို ဖြေရှင်းအသိပေးရန် ယနေ့ နိုဝင်ဘာ (၂၆) ရက်၌ IGK Learning Center နေရာတွင် စင်တာတည်ထောင်သူ မဟန်နွယ်ဇင်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ရန်ပုံငွေပြတ်တောက်တော့ လစာအခက်အခဲကြောင့် ဆရာ ဆရာမအချို့ ကျောင်းပြောင်း သွားကြတယ်။ ကျောင်းသား ၁၀၀ ကျော်လည်း သူတို့နောက်လိုက်ပြီး ကျောင်းပြောင်းသွားတယ်။ ဝင်ငွေ ကျဆင်းပြီး ထွက်ငွေ ဆက်လက်ကုန်ကျနေတဲ့အပေါ်မှာ အွန်လိုင်းစနစ်ကို ပြောင်းလိုက်ရပြီး နောက်ဆုံး အပြီးပိတ်လိုက်ရတယ်” ဟု မဟန်နွယ်ဇင်က ပြောသည်။
IGK Learning Center သည် Cambridge သင်ရိုးဖြင့် သင်ကြားသော ကိုယ်ထူကိုယ်ထ ပညာရေးအဖွဲ့အစည်း ဖြစ်ပြီး ကျောင်းဆရာ၊ ဆရာမ (၂) ဦး၊ ကျောင်းသား (၆) ဦးတို့ဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်ခဲ့သည်။
စင်တာ စတင်ဖွင့်လှစ်စဥ်က မူကြို၊ KG1 ၊ KG2 အတန်းများဖြင့်သာ အစပြုနိုင်ခဲ့သော်လည်း၂၀၂၄ ခုနှစ်တွင် မူလတန်းအဆင့်မှ GED အတန်းများအထိ တိုးချဲ့သင်ကြားနိုင်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ မတ်လတွင် IGK Learning center ၌ ကျောင်းလာတက်သူ (၂၅၀) ဦး အထိ တိုးလာပြီး နှစ်ကုန်ပိုင်း၊ ဒီဇင်ဘာလမှစ၍ ဖော်ပြပါအခက်အခဲများကြောင့် ကျောင်းသူ၊ ကျောင်းသားများအပါအဝင် ဆရာ၊ ဆရာမများ ထွက်ခွာသွားကြရာ ကျောင်းသား (၆၀) ဦးသာ ကျန်ရှိတော့ကြောင်း စင်တာ တည်ထောင်သူက ပြောသည်။

ထို့အပြင် ကျောင်းသားဦးရေများလာသောကြောင့် ဘက်ဂျက် (Budget) အခက်အခဲ ရှိလာသော်လည်း ၂၀၂၄-၂၀၂၅ စာသင်နှစ်တွင် ရှယ်ယာရှင်များက ရန်ပုံငွေထည့်ဝင်ခဲ့သဖြင့် ကျောင်းဆောင်သစ်ကို တိုးချဲ့ဆောက်လုပ်ကာ ရပ်တည်နိုင်ခဲ့သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်မူ ထိုရန်ပုံငွေများထည့်ဝင်နေမှုကို ရပ်ဆိုင်းလိုက်သဖြင့် အခက်အခဲဖြစ်လာပြီး အပြီးတိုင် ပိတ်သိမ်းလိုက်ရကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဖော်ပြချက်များအရ သိရသည်။
စင်တာ ပိတ်လိုက်ရသည့်အပေါ် ဆာသူးလေ ကျောင်းအုပ်ဆရာမ နော်ဖောရေက “ဒီလိုမျိုး ကျောင်းတကျောင်း ပိတ်သိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံကလာတဲ့ ကလေးတွေအတွက် အများကြီး နစ်နာပါတယ်။ ဒါကြောင့် migrant (ရွှေ့ပြောင်း) ကျောင်းဖြစ်စေ၊ private (ကိုယ်ပိုင်) ကျောင်းဖြစ်စေ ဆရာဆရာမတွေအနေနဲ့ ကလေးတွေရဲ့ ပညာရေးအတွက် အတူတကွ အကောင်းဆုံးလုပ်ဆောင်ကြဖို့ ပြောချင်တယ်” ဟု ကေအိုင်စီကို ပြောသည်။
စင်တာမပိတ်သိမ်းခင်က သင်ကြားရေးဆိုင်ရာနှင့် ဝန်ထမ်းရေးရာ အားနည်းချက်များအပေါ် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ခံရခြင်းများရှိခဲ့သလို တည်ထောင်သူ မဟန်နွယ်ဇင်အားလည်း ငွေကြေးအလွဲသုံးစား ပြုလုပ်ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။
မဟန်နွယ်ဇင်ကမူ စွပ်စွဲချက်များကို လက်မခံသလို ယင်းနှင့်ပတ်သက်ပြီး တိကျသော အထောက်များရှိပါက စစ်ဆေးမှုကို ကြိုဆိုကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့အပြင် ကျောင်း၏ ဘဏ္ဍာရေးဆိုင်ရာ ငွေစာရင်းရှင်းတမ်းများအား မည်သူမဆို စစ်ဆေးကြည့်ရှုနိုင်ရန် သတင်းစာရှင်းလင်းပွဲတွင် ချပြသွားသည်။



















