Home သတင်း မြေမြှုပ်မိုင်းများကြောင့် ကော့ကရိတ်မြောက်ပိုင်းက စစ်ရှောင်များ နေရပ်ပြန်ရေး ခက်ခဲနေ

မြေမြှုပ်မိုင်းများကြောင့် ကော့ကရိတ်မြောက်ပိုင်းက စစ်ရှောင်များ နေရပ်ပြန်ရေး ခက်ခဲနေ

9
Photo: CJ (ကော့ကရိတ်က စစ်ဘေးရှောင်များ ပုံဟောင်း)

နိုဝင်ဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မြောက်ပိုင်းရှိ စစ်အုပ်စုတပ်စွဲထိန်းချုပ်ထားသည့် ကျေးရွာများတဝိုက်တွင် စစ်အုပ်စုက မြေမြှုပ်မိုင်းများ ထောင်ထားသဖြင့် စစ်ဘေးရှောင်ဒေသခံများ နေရပ်ပြန်နိုင်ရေးခက်ခဲနေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

ပြီးခဲသည့် စက်တင်ဘာလတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များမှ ကော့ဖန်ရပ်နှင့်ကွီမောင်တိုင်ရွာရှိ စစ်အုပ်စုအထိုင်ချထားသည့်နေရာများကို တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီးနောက် မြပတိုင်၊ နောင်ထပ္ပံ၊ လန်းခိုဘိုင်း စသည့်ကျေးရွာများသို့ ဆက်လက်ချည်းကပ်မလာနိုင်ရေး စစ်အုပ်စုက မိုင်းများထောင်ထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

“မြပတိုင်၊ နောင်ထပ္ပံ၊ လန်းခိုဘိုင်း၊ ထီးဖိုးစံဘုန်းကြီးကျောင်း နေရာပတ်ချာလည်ကို မကပ်နိုင်အောင် မိုင်းတွေထောင်ထားတယ်။ ရွာသား ကျွဲတွေ နွားတွေ မိုင်းနင်းမိတာတော့ရှိပေမယ့် လူ‌ပြန်မနေရဲတော့ လူတွေမထိသေးဘူး” ဟု KNLA မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သို့ရာတွင် စစ်အုပ်စုသည် ၎င်းတို့တပ်အထိုင်ချနေရာများမှ တော်လှန်ရေးတပ်ဖွဲ့များလှုပ်ရှားသည့် နေရာတဝိုက်သို့ အသေခံဒရုန်းများ တိုက်ခိုက်ခြင်းနှင့် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှု နေ့စဉ်လိုလိုလုပ်ဆောင်နေသည်။

Photo: CJ (ကော့ကရိတ်က စစ်ဘေးရှောင်များ ပုံဟောင်း)

ထို့အတူ မြေပြင်မှစစ်ကြောင်းထိုးဖောက်ဝင်ရောက်နိုင်ရန်လည်း တပ်အပြောင်းအလဲပြုလုပ်ခြင်းနှင့် အင်အားဖြည့်တင်းခြင်းတို့ လုပ်ဆောင်နေသည်ဟု ကော့ကရိတ်ဒေသအတွင်း တော်လှန်ရေးအတွက် စစ်ရေးလှုပ်ရှားနေသူများက ဆိုသည်။ ‌

KNLA တပ်ဖွဲ့ဝင် အရာရှိတစ်ဦးက “ရှေ့ရက်တွေတုန်းက ဖားအံကလာတဲ့ စစ်သားသစ်တွေနဲ့ ထီးဖိုးစံဂွင်ဘက်က တပ်တွေ တပ်အချိန်းအပြောင်းလုပ်တယ်။ နောက်ရက်တွေဆို စစ်ကြောင်းထိုးလာဖို့ ရှိမယ် ထင်တယ်” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် ကင်းထောက်တော်လှန်ရေးတပ်ဖွဲ့ သတင်းအရင်းအမြစ်အရ နိုဝင်ဘာလ ပထမအပတ်ထဲမှာပင် ဖားအံအခြေစိုက် တပ်မ(၂၂) မှ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် လက်နက်ခဲယမ်းများ တင်ဆောင်ထားသည့် ခြောက်ဘီးယာဥ်၊ စစ်သုံးယာဥ်များဖြင့် ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီအခြေစိုက်တပ်ရင်းများသို့ အင်အားအများအပြား ပို့ဆောင်နေကြောင်း သိရသည်။

လက်ရှိ ကော့ကရိတ်မြောက်ပိုင်းတွင် တိုက်ပွဲပဋိပက္ခများကြောင့် ကျေးရွာ(၂၀)ထက်မနည်းရှိ ဒေသခံ (၆,၀၀၀) ကျော်မှာ တိုက်ပွဲလွတ်ရာ ထို့ကော်ကိုးကျေးနယ်ဘက်၊ နဘူးကျေးနယ်ဘက်တို့တွင် စစ်ဘေးရှောင်နေထိုင်ရသည်ဟုလည်း ၎င်းတို့ကို အကူအညီပေးနေသည့် ရပ်ရွာအခြေပြုစစ်ရှောင်ကူသူများက ဆိုသည်။