Home သတင်း မြန်မာဘက်ကတိုက်ပွဲများကြောင့် ထိုင်းပိုင်နက်ထဲ ထိခိုက်မှုမရှိစေရေး ဝန်ကြီးချုပ်အနုတင် သတိပေး

မြန်မာဘက်ကတိုက်ပွဲများကြောင့် ထိုင်းပိုင်နက်ထဲ ထိခိုက်မှုမရှိစေရေး ဝန်ကြီးချုပ်အနုတင် သတိပေး

24
Photo & Reference : khaosod News

နိုဝင်ဘာ (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံဘက်တွင်ဖြစ်ပေါ်နေသည့် တိုက်ပွဲပဋိပက္ခများကြောင့် ထိုင်းနိုင်ငံပိုင်နက်နှင့်ထိုင်းပြည်သူများအပေါ် ထိခိုက်မှုမရှိစေရန် မြန်မာစစ်အုပ်စုထံ တရားဝင်သတိပေးထားကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင်က ယနေ့၊ နိုဝင်ဘာ(၂)ရက်တွင် ပြောသည်။

ထိုင်း-မြန်မာနယ်စပ်အနီးဖြစ်ပေါ်နေသည့် စစ်အုပ်စုနှင့်တော်လှန်ရေးတပ်ဖွဲ့များ၏ လက်နက်ကိုင်တိုက်ပွဲများ အတွင်း ထိုင်းလူထုထိခိုက်နစ်နာမှုရှိမည့် စိုးရိမ်ချက်အပေါ် ထိုင်းစိုးရအဖွဲ့ဘက်က မြန်မာစစ်အုပ်စုထံ ပြီးခဲ့သည့် အောက်တိုဘာ(၃၀)ရက်နေ့က အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများဖော်ပြချက်အရ သိရသည်။

မြန်မာစစ်အုပ်စုအနေဖြင့် နယ်စပ်ကတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံကိုထိခိုက်မှုမရှိစေရေး အာမခံချက်ပေးရန်နှင့် နှစ်ဖက်နိုင်ငံရှိ တိုက်ပွဲနှင့်မသက်ဆိုင်သောအရပ်သားပြည်သူများ၊ အိုးအိမ်အဆောက်အအုံနှင့် ပိုင်ဆိုင်မှု ပစ္စည်းများကို ထိခိုက်နစ်နာမှုမရှိစေရေး ထိုင်းဘက်ကတိုက်တွန်းထားသည်ဟု ဆိုသည်။

စစ်ရေးရော သံတမန်ရေးလမ်းကြောင်းအရရော အကြောင်းကြားခဲ့သည့်အပေါ် မြန်မာဘက်ကတုံ့ပြန်မှုရရှိရန် ထိုင်းနိုင်ငံ၊ မြန်မာသံရုံးမှအရာရှိများကို ဆင့်ခေါ်သွားမည်ဖြစ်ကြောင်းလည်း ထိုင်းဝန်ကြီးချုပ်အနုတင်က ထိုင်းမီဒီယာများထံဖြေကြားခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံအနေဖြင့် တိုက်ပွဲကြောင့် ၎င်းတို့ပိုင်နက်နယ်မြေအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်လာကြသူ များကို လူသားချင်းစာနာထောက်ထားမှု အကူအညီ ဆက်လက်ပေးနေမည်ဖြစ်ပြီး တိုက်ပွဲငြိမ်သက်ချိန်တွင် နေရပ်သို့ပြန်လည်ပို့ဆောင်သွားရန်ရှိကြောင်းလည်း သိရသည်။

Photo & Reference : khaosod News

လတ်တလော နယ်စပ် မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံ၊ လေးကေကော်၊ ဝေါလေ နေရာများ၌ ဖြစ်ပေါ်နေသည့်နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကျည်များ ထိုင်းဘက်နယ်ကျော်ရောက်ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိခဲ့သည်။

ထို့အတူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ သံလွင်မြစ်ကမ်းအနီး ကျေးရွာများ ပြီးခဲ့သည့်ရက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရမှုတွင်လည်း ထိုင်းဘက်က နေအိမ်အဆောက်အအုံများ ပျက်စီးမှုမှာ ထိုင်းနိုင်ငံအတွက် စိုးရိမ်စရာဖြစ်လာသည်။

ယင်းကြောင့် ထိုင်းအာဏာပိုင်များက နယ်စပ်လုံခြုံရေးအတွက် ကင်းလှည့်ခြင်းနှင့်အင်အားတိုးမြှင့်ချထားခြင်း လုပ်ဆောင်ခဲ့သလို ၂၄ နာရီအခြေအနေစောင့်ကြည့်ပြီး စစ်ရေးအသင့်ပြင်ထားသည်ဟု ဝန်ကြီးချုပ်အနုတင်က ဆိုသည်။

ပြီးခဲ့သည့်ဩဂုတ်လကုန်ပိုင်းက စစ်အုပ်စုသည် မူတြော်နယ်စပ်တွင် ထိုင်းလုပ်ငန်းရှင်များနှင့် ကေအဲန်ယူတို့ ခွင့်ပြုချက်မရှိဘဲ နယ်စပ်ကုန်သွယ်ရေးလုပ်ဆောင်နေသည်ဟုဆိုကာ၊ ထိုလမ်းကြောင်းများကိုဖြတ်တောက်ရန် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်မည်ဖြစ်ကြောင်း ထိုင်း-မြန်မာနယ်ခြားစောင့်ကော်မတီထံ လိပ်မူထားသည့် ကန့်ကွက်သတိပေးစာတစ်စောင် ပို့ခဲ့သေးသည်။