Home သတင်း ကရင် အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းမှာ ငါးနှစ်အတွင်း အရပ်သားနေအိမ် (၂,၀၀၀) ကျော် မီးရှို့ဖျက်ဆီးခံရ

ကရင် အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းမှာ ငါးနှစ်အတွင်း အရပ်သားနေအိမ် (၂,၀၀၀) ကျော် မီးရှို့ဖျက်ဆီးခံရ

11
Photo crd: CJ (ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုတွင် နိုဝင်ဘာ တတိယအပတ်က အရပ်သားပြည်သူနေအိမ်များ မီးရှို့ဖျက်ဆီးခံရစဥ်)

နိုဝင်ဘာ (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မွန်၊ ကရင်၊ တနင်္ဿာရီ ဒေသ မြန်မာနိုင်ငံတောင်ပိုင်းတွင် ၂၀၂၁ ခုနှစ် မေလ မှ ၂၀၂၆ ခုနှစ်၊ မေလအထိ စစ်အုပ်စုနှင့်လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်စုစုပေါင်း (၂,၅၉၀) လုံး ပျက်စီးသွားကြောင်း Data for Myanmar အဖွဲ့ ၏ ယနေ့ထုတ် အစီရင်ခံစာအရ သိရသည်။

မီဒီယာများ၊ ဒေသခံအဖွဲ့အစည်းများ၊ မြေပြင်သတင်းအရင်းအမြစ်များနှင့် ဂြိုလ်တုနည်းပညာများကို အသုံးပြု၍ အဖွဲ့က မှတ်တမ်းကောက်ယူမှုအရ ငါးနှစ်အတွင်း နိုင်ငံတဝှမ်း နေအိမ်ပေါင်း (၁၃၆,၇၃၆) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။ ထိုအထဲတွင် ကရင်ပြည်နယ်၌ (၂၄၇) လုံး၊ မွန်ပြည်နယ်တွင် (၃၈၆) လုံး နှင့် တနင်္ဿာရီတိုင်းတွင် (၁,၉၅၇) လုံး ပါဝင်နေကြောင်း ဖော်ပြသည်။

အာဏာသိမ်းကာလကြာသည်နှင့်အမျှ ပြည်တွင်း စစ်ပွဲပဋိပက္ခပိုမိုပြင်းထန်လာသလို စစ်အုပ်စုနှင့် ၎င်းလက်အောက်ခံအဖွဲ့များက မြို့ရွာများကိုစစ်ကြောင်းထိုးပြီး အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးကြသည်ဟု Data for Myanmar က ဆိုသည်။

ထိုအထဲတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်သည့် မူတရော်ခရိုင်၊ ဖာပွန်မြို့နယ်သို့ စစ်အုပ်စု စစ်ကြောင်းထိုးစဥ် တော်လှန်ရေးတပ်ဖွဲ့နှင့်တိုက်ပွဲဖြစ်ပြီးနောက် ဝါသိုးထရွာက‌ နေအိမ်(၇၀)ခန့်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီးလိုက်သည့် ဖြစ်စဥ်လည်း ပါဝင်သည်။

ထို့အပြင် တနင်္ဿာရီတိုင်းအတွင်း ရေဘေးဆိုးဆိုးရွားရွားမဖြစ်ခင် မေလတွင် စစ်အုပ်စု စစ်ကြောင်းဝင်၍ လောင်းလုံးမြို့နယ်၊ ကဒက်ကြီးရွာရှိ နေအိမ်(၆)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းလည်း ရှိသည်။

Photo crd: CJ (ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုတွင် နိုဝင်ဘာ တတိယအပတ်က အရပ်သားပြည်သူနေအိမ်များ မီးရှို့ဖျက်ဆီးခံရစဥ်)

အစီရင်ခံစာပါ မှတ်တမ်းများအရ အရပ်သားနေအိမ်မီးရှို့ဖျက်ဆီးခံရမှုများမှာ နှစ်အလိုက် ထောင်ဂဏန်းမှ သောင်းချီရှိရာ ၂၀၂၂ ခုနှစ်တွင် (၄၀,၀၀၀) ကျော် မီးရှို့ခံရပြီး အများဆုံးဖြစ်ခဲ့သည်။ တိုင်းဒေသကြီးများအနက် စစ်ကိုင်းတိုင်းက အမြင့်ဆုံးဖြစ်၍ ငါးနှစ်အတွင်း နေအိမ်(၈၀,၀၀၀)သောင်းကျော် မီးရှို့ခံခဲ့ရကြောင်း သိရသည်။

Data for Myanmar သည် လက်နက်ကိုင်အဖွဲ့များက အရပ်သားနေအိမ်များကို ဖျက်ဆီးမှုမှရပ်တန့်ရန် စစ်ရေးကျင့်ဝတ်များကို လိုက်နာရန် အစီရင်ခံစာတွင် တောင်းဆိုထားသလို ၎င်းတို့ကို ဖိအားပေးဖို့၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို မှတ်တမ်းတင်ရန် မီဒီယာများနှင့်အရပ်ဖက်အဖွဲ့များကို နည်းပညာအား၊ ငွေအားဖြင့် ပံ့ပိုးပေးဖို့ နိုင်ငံတကာထံ တောင်းဆိုသည်။

စစ်ရေးပဋိပက္ခမှာ အရပ်သားပြည်သူ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို အစဥ်တစိုက် မှတ်တမ်းတင်လာသည့် လွတ်လပ်သော သုတေသနအဖွဲ့ Data for Myanmar ၏ အစီရင်ခံစာများကို ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံး (OHCHR) ကလည်း ကိုးကားဖော်ပြလေ့ရှိသည်။

၂၀၂၆ ခုနှစ်အတွင်း ထုတ်ပြန်ထားသည့် OHCHR ၏ အစီရင်ခံစာတွင်လည်း မြန်မာတွင် စစ်အာဏာသိမ်းပြီးနောက် အရပ်သားနေအိမ် ၁ သိန်းထက်မနည်း မီးရှို့ခံခဲ့ရပြီး စစ်ကိုင်းနှင့်မကွေးတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ကြောင်း သိရသည်။