နိုဝင်ဘာ (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် နယ်စပ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) စင်တာများ နေရာပြောင်းရွှေ့၍ လည်ပတ်လာမှုနှင့်အတူ အဆိုပါစခန်းများသို့ နိုင်ငံခြားသား အလုပ်သမားများကို တရားမဝင် ပို့ဆောင်ပေးနေသည့် ကွန်ရက်များလည်း ဆက်လက်လှုပ်ရှားနေကြောင်း အခြေအနေကို သိရှိသူများက ပြောသည်။
ကရင်နယ်စပ်ရှိ ကျားဖြန့်စခန်းများတွင် လုပ်ကိုင်ရန် တရုတ်နိုင်ငံသား အပါအဝင် အခြားနိုင်ငံခြားသားများကို ပို့ဆောင်ပေးရာ၌ တစ်ဦးလျှင် ထိုင်းဘတ်ငွေ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ဈေးပေါက်နေခြင်းဖြစ်သည်။
ထိုသို့ပို့ဆောင်ရာတွင် ဒေသအတွင်း လွတ်လပ်စွာ သွားလာခွင့်ရရှိထားသည့် စစ်အုပ်စု နှင့် နီးစပ်သည့် နယ်ခြားစောင့်တပ်အသွင်ပြောင်း (BGF/KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့မှ အောက်ခြေတပ်ဖွဲ့ဝင်အချို့နှင့် ၎င်းတို့နှင့် နီးစပ်သူတချို့ ပါဝင်ပတ်သက်နေကြောင်း သတင်းရင်းမြစ်များက ပြောသည်။
“အထူးသဖြင့် တရုတ်လူမျိုးတွေနဲ့ နိုင်ငံခြားကလာတဲ့ အိန္ဒိယ၊ ပါကစ္စတန်ဘက်က လူတွေကို ပို့ရတယ်။ အဲဒီလူတွေကို ပို့ပေးရင် ဝင်ငွေအရမ်းကောင်းတော့ တချို့က ဒီလုပ်ငန်းနဲ့ ငွေကြေး အမြောက်အများရပြီး ချမ်းသာသွားကြတယ်။ အချိတ်အဆက်ကွန်ရက်နဲ့ သွားနေတာ” ဟု နိုင်ငံခြားသားများကို နယ်စပ်သို့ ပို့ဆောင်ပေးခဲ့ဖူးသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ပို့ဆောင်ခံရသူ အများစုမှာ အလုပ်အကိုင် အခွင့်အလမ်းဖြင့် လိမ်လည်ခေါ်ဆောင်ခံရသည့် လူကုန်ကူးခံရသူများ ဖြစ်ကြပြီး အချို့မှာ ရိုက်နှက်ခံရခြင်းနှင့် လက်ထိပ်ခတ် ချုပ်နှောင်ခံ ရခြင်းများအထိ ကြုံတွေ့နေရကြောင်း မျက်မြင်တွေ့ရှိခဲ့သူက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တရုတ်နှင့် ထိုင်းအစိုးရတို့၏ ဖိအားပေးမှုကြောင့် မြဝတီမြို့နယ်ရှိ KK Park နှင့် ရွှေကုက္ကိုလ်ဒေသမှ ကျားဖြန့်စင်တာ အဆောက်အအုံအချို့ကို စစ်အုပ်စုနှင့် BGF/KNA တို့က ဖြိုဖျက်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံခြားသား ထောင်နှင့်ချီကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
သို့သော်လည်း အဆိုပါ နှိမ်နင်းမှုများမှာ အမြစ်ပြတ်ခြင်း မရှိခဲ့ဘဲ ကျားဖြန့်ဂိုဏ်းများသည် ကရင်ပြည်နယ်အတွင်းရှိ အခြားနေရာများသို့ ပြောင်းရွှေ့အခြေစိုက်ကာ လုပ်ငန်းများ ပြန်လည်ချဲ့ထွင် လည်ပတ်နေခြင်း ဖြစ်သည်။

နယ်မြေအတွင်း လူကုန်ကူးမှုနှင့် တရားမဝင် ငွေလိမ်လုပ်ငန်းများ ဆက်လက်ကြီးထွားနေခြင်းအပေါ် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ပိုင်းများအနေဖြင့် ထိရောက်စွာ စိစစ်ကြပ်မတ်ရန် လိုအပ်နေကြောင်းလည်း လူ့အခွင့်အရေး စောင့်ကြည့်သူများက ထောက်ပြကြသည်။
ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် PC ကမူ ၎င်းတို့အခြေချသည့် တပ်မဟာ(၇)နယ်မြေထဲတွင် ကရင်လက်နက်ကိုင်အဖွဲ့ပေါင်းစုံ ရှိသလို ကျားဖြန်လုပ်ငန်းများလည်း မဖိတ်ခေါ်ဘဲ ရောက်လာခြင်းအပေါ် ပပျောက်ရန်လုပ်ဆောင်နေသော်လည်း မလိုလားအပ်သည့် ပတ်သက်ဆက်နွယ်မှုများ ဆက်ရှိနေသေးကြောင်း တုံ့ပြန်သည်။
PC ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က “ဒီကိစ္စမှာတော့ အောက်ခြေကတပ်ဖွဲ့ဝင်တွေအနေနဲ့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ မငြင်းချင်ပါဘူး။ ဒါကဘယ်လိုမှ အသုံးမကျတဲ့ နိုင်ငံရေးရဲ့ပဋိပက္ခအောက်မှာ ကျနော်တို့လည်း မပျက်ချင်ဘဲနဲ့ ပျက်နေရတဲ့အနေအထားလို့ပြောချင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်စပ်က ကျားဖြန့်ဂိုဏ်းများ နိုင်ငံတကာတွင် အာရုံစိုက်ခံလာရမှုနှင့်အတူ အမြစ်ပြတ်ချေမှုန်းရေး လုပ်ငန်းများ အရှိန်မြင့်လာသည်။ ထိုအထဲတွင် အမေရိကန်က ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုဖြင့် ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် ၎င်းမိသားစုဝင်နှင့် အခြားထိပ်ပိုင်းခေါင်းဆောင်များကို အရေးယူဒဏ်ခတ်ခဲ့ခြင်းလည်း ပါဝင်သည်။
ထို့အတူ ပြီးခဲ့သည့် နိုဝင်ဘာ (၁၉) ရက်က ကျားဖြန့်ဂိုဏ်းများ လည်ပတ်နိုင်ရေး လုံခြုံရေးယူပေးခြင်း၊ လူကုန်ကူးခံရသူများအား အတင်းအကျပ် အလုပ်ခိုင်းစေခြင်းနှင့် အကြမ်းဖက်နှိပ်စက်ခြင်းတို့ကြောင့် DKBA ခေါင်းဆောင်(၂)ဦးကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
အရေးယူခံရသည့်အထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် DKBA ၏ အမှတ် (၂) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောအေဝမ်းကမူ ၎င်းတို့အနေဖြင့် စိုက်ပျိုးရေးသာလုပ်၍ ငွေကြေးအင်အားရော နိုင်ငံခြားပိုင်ဆိုင်မှုပါ မရှိကြောင်း ကေအိုင်စီ၏မေးမြန်းချက်ကို တုံ့ပြန်ပြောဆိုခဲ့\သည်။


















