Home ဆောင်းပါး အမျိုးသားနိုင်ငံ(Nation State)၏ ဗမာလူမျိုးကြီးဝါဒ အက်ကွဲလာခြင်းမှသည်

အမျိုးသားနိုင်ငံ(Nation State)၏ ဗမာလူမျိုးကြီးဝါဒ အက်ကွဲလာခြင်းမှသည်

24

အမျိုးသားနိုင်ငံ(Nation State)၏ ဗမာလူမျိုးကြီးဝါဒ အက်ကွဲလာခြင်းမှသည်

ဖောင့်ဖ

(၈-၁၀-၂၀၂၆)

ပြင်သစ်နှင့် ဂျပန်နိုင်ငံတို့၏ Nation State (အမျိုးသားနိုင်ငံ) တည်ထောင်ခဲ့သည့် သမိုင်းကြောင်းနှင့် နည်းလမ်းများမှာ ကွဲပြားမှုများ ရှိကြသည်။

ပြင်သစ်နိုင်ငံ၏ အမျိုးသားနိုင်ငံဖြစ်စဉ်

ပြင်သစ်သည် နိုင်ငံရေးနှင့် စာချုပ်စာတမ်း အယူအဆ (Civic Nationalism) ကို အခြေခံ၍ အမျိုးသားနိုင်ငံကို တည်ဆောက်ခဲ့သည်။

၁၇၈၉ တွင်ဖြစ်ပွားခဲ့သော ပြင်သစ်တော်လှန်ရေးသည် ဘုရင်စနစ်ကို ဖြိုဖျက်ပြီး “လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ညီအစ်ကိုရင်းချာဖြစ်ခြင်း” ဆိုသည့်မူများကို အခြေခံကာ ပြည်သူတစ်ရပ်လုံးသည် နိုင်ငံ၏ ပိုင်ရှင်များဖြစ်ကြောင်း ကြေညာခဲ့သည်။

ယဉ်ကျေးမှုနှင့် ဘာသာစကား စည်းလုံးရေးအရ တော်လှန်ရေးမတိုင်မီက ဒေသအလိုက် ကွဲပြားနေသော ဒေသခံစကားများကို ပယ်ဖျက်ပြီး ပြင်သစ်စာ၊ ပြင်သစ်စကားကို တစ်နိုင်ငံလုံး ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ခဲ့သည်။

နပိုလီယန်(Napoleon Bonaparte) ခေတ်တွင် ဗဟိုထိန်းချုပ်မှုအားကောင်းသော အုပ်ချုပ်ရေး၊ ဥပဒေ စနစ်(Napoleonic Code) နှင့် အမျိုးသားပညာရေးစနစ်တို့ဖြင့် နိုင်ငံသားအမြင်ကို ပုံသွင်းခဲ့သည်။

ဂျပန်နိုင်ငံ၏ အမျိုးသားနိုင်ငံဖြစ်စဉ်

ဂျပန်သည် လူမျိုးနှင့်ယဉ်ကျေးမှုထိန်းသိမ်းရေး (Ethnic/Cultural Nationalism)ကိုအခြေခံ၍ အမျိုးသားနိုင်ငံကို ပုံဖော်ခဲ့သည်။

(၁၈၆၈)တွင် မေဂျီပြုပြင်ပြောင်းလဲရေးပေါ်ပေါက်လာကာ တိုကုဂါဝါရှိုဂန်းစနစ်(Tokugawa Shogunate) ကို အဆုံးသတ်ပြီး ဧကရာဇ်ထံ အာဏာပြန်အပ်ကာ အနောက်တိုင်းစနစ်များကို လျင်မြန်စွာ ကူးပြောင်းခဲ့သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ဂျပန်ဧကရာဇ် (Emperor) ကို အမျိုးသားရေးသင်္ကေတအဖြစ် ထားရှိပြီး ရှင်တိုဘာသာ (State Shinto) ကို နိုင်ငံတော်ဘာသာသဖွယ် သုံးစွဲခဲ့သည်။

“ကြွယ်ဝသောနိုင်ငံ၊ သန်မာသောစစ်တပ်” (Fukoku Kyōhei) ဆောင်ပုဒ်ဖြင့် မဖြစ်မနေ တက်ရောက်ရသော အမျိုးသားပညာရေးစနစ်နှင့် အမျိုးသားစစ်မှုထမ်းစနစ်တို့ကို စတင်ကာ ဂျပန်စိတ်ဓာတ်ကို ရိုက်သွင်းခဲ့သည်။

မြန်မာနိုင်ငံတွင် Nation State (အမျိုးသားနိုင်ငံ) တည်ဆောက်ရန် ကြိုးပမ်းမှုသည် လွတ်လပ်ရေးရပြီးစ ခေတ်မှစ၍ အထူးသဖြင့် ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဗမာလူမျိုးနှင့် ဗုဒ္ဓဘာသာကို ဗဟိုပြု သည့် ဗမာလူမျိုးကြီးဝါဒ (Bamar Ethno-nationalism) ပေါ်တွင် အခြေခံ၍ ပုံဖော်ခဲ့သည်ကို သမိုင်းကြောင်းအရ တွေ့ရှိရသည်။

၁။ လွတ်လပ်ရေးရပြီးစခေတ်နှင့် အုတ်မြစ် (၁၉၄၈ – ၁၉၆၂)
ပင်လုံစာချုပ်နှင့် ဖက်ဒရယ်စိန်ခေါ်မှု

၁၉၄၇ ပင်လုံစာချုပ်သည် တိုင်းရင်းသားညီအစ်ကိုများကြား တန်းတူညီမျှရေးကို အခြေခံခဲ့သော်လည်း လွတ်လပ်ရေးရပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗဟိုဦးစီးချုပ်ကိုင်မှု အားကောင်းခဲ့သည်။

၁၉၆၀ ပြည့်လွန်နှစ်များတွင် ဝန်ကြီးချုပ်ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေညာခဲ့သည်။ တိုင်းရင်းသားခရစ်ယာန်နှင့် အခြားဘာသာဝင်များ၏ မနှစ်မြို့ခြင်းနှင့် ဆန့် ကျင်ခြင်းများကြောင့် တော်လှန်ပုန်ကန်မှုများ တိုးပွားလာခဲ့သည်။ ဘာသာရေးကို နိုင်ငံရေးတွင် အသုံးချခြင်းသည် လူမျိုးကြီးဝါဒ၏ ဝါးမျိုမှု စတင်ခြင်းဖြစ်သည်။

၂။ စစ်တပ်အာဏာသိမ်းမှုနှင့် တစ်ခုတည်းသော အမျိုးသားပုံရိပ် (၁၉၆၂ – ၁၉၈၈)

ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီသည် “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ကို ကျင့်သုံးပြီး Nation State တည်ဆောက်ရာတွင် ဗမာ့ယဉ်ကျေးမှုကို စံအဖြစ် ထားရှိသည်။ စာသင်ကျောင်းများတွင် ဗမာစာ/ စကားကိုသာ တစ်ခုတည်းသော သင်ကြားရေးဘာသာစကားအဖြစ် သတ်မှတ်ကာ တိုင်းရင်းသားစာပေနှင့် ၎င်းတို့၏ သမိုင်းများကို ထိန်ချန်ဖျောက်ဖျက်၍ မှေးမှိန်စေခဲ့သည်။

မြန်မာ့သမိုင်းကို ဗမာဘုရင်များဖြစ်ကြသည့် အနော်ရထာ၊ ကျန်စစ်သား၊ တပင်ရွှေထီး၊ ဘုရင့်နောင်၊ အလောင်းမင်းတရားတို့၏ နယ်မြေသိမ်းပိုက်မှုများနှင့် သူတို့၏ဂုဏ်ကို ဖေါ်ညွှန်းအမွှမ်းတင်ကာ ကျောင်းသားကျောင်းသူများကို သင်ကြားစေသည်။ ထို့နောက် ဗမာ့တပ်မတော်၏ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တိုင်းပြည်ကာကွယ်မှုများကို ဖောင်းထုဗဟိုပြု၍ ပုံဖော်ခဲ့သည်။

၃။ နဝတ/နအဖ စစ်အစိုးရခေတ်နှင့် တပ်မတော်ဗဟိုပြု အမျိုးသားရေး (၁၉၈၈ – ၂၀၁၀)

၁၉၈၈ နောက်ပိုင်း စစ်အစိုးရသည် အမျိုးသားရေးဝါဒကို ပိုမိုပြင်းထန်စွာ အသုံးပြု၍ Nation State ကို ပုံသွင်းခဲ့သည်။

“အမျိုး၊ ဘာသာ၊ သာသနာ” နှင့် ယဉ်ကျေးမှု စိစစ်ရေး “ဒို့တာဝန် အရေးသုံးပါး”ကို အခြေခံကာ တပ်မတော်သည် နိုင်ငံတော်ကို စည်းလုံးစေသည့် တစ်ခုတည်းသော အဖွဲ့အစည်းအဖြစ် ပုံဖော်ခဲ့သည်။ ဗုဒ္ဓဘာသာနှင့် ဗမာယဉ်ကျေးမှုကို နိုင်ငံတော်၏ အဓိက ယဉ်ကျေးမှုအဖြစ် ပရိုမိုးရှင်း ပြုလုပ်ခဲ့သည်။

၁၉၈၂ နိုင်ငံသားဥပဒေ-

နိုင်ငံသားဖြစ်ခွင့်ကို ၁၈၂၄ ခုနှစ်မတိုင်မီကတည်းက ရှိခဲ့သော “တိုင်းရင်းသား ၁၃၅ မျိုး” အယူအဆဖြင့် ကန့်သတ်ခဲ့ပြီး တိုင်းရင်းသားမဟုတ်သော သို့မဟုတ် လူနည်းစုအသိုင်းအဝိုင်းများကို နိုင်ငံသားအခွင့်အရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

နယ်စပ်ဒေသစိုးမိုးရေးနှင့် တပ်မတော်စခန်းများ-

တိုင်းရင်းသားဒေသများတွင် တပ်မတော်၏ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေးစိုးမိုးမှုကို တိုးချဲ့ခြင်းဖြင့် “စစ် တပ်ကသာလျှင် နိုင်ငံတော်၏ ညီညွတ်မှုကို ထိန်းသိမ်းနိုင်သည်” ဆိုသည့်အယူအဆကို သက်သေပြရန် ကြိုးပမ်းခဲ့ သည်။

Nation State နှင့် ဗမာလူမျိုးကြီးဝါဒ၏ ဆက်နွယ်မှုနှင့် အကျိုးဆက်များ-

ပေါင်းစည်းရေးမဟုတ်သော ဝါးမျိုရေး (Assimilation)

အနောက်နိုင်ငံအချို့တွင် Civic Nationalism (ဥပဒေနှင့် နိုင်ငံသားအခွင့်အရေးအပေါ် အခြေခံခြင်း)ကို သုံး ခဲ့သော်လည်း မြန်မာနိုင်ငံတွင် စစ်အစိုးရအဆက်ဆက်သည် Assimilation (အခြားတိုင်းရင်းသား ယဉ်ကျေးမှုနှင့် စာပေများကို ဗမာယဉ်ကျေးမှုအောက်သို့ သွပ်သွင်းခြင်း) နည်းလမ်းကို သုံးခဲ့သည်။

ပြည်တွင်းစစ် ရှည်ကြာခြင်း-

“အမျိုးသားနိုင်ငံ” တစ်ခုတည်းအောက်တွင် လူမျိုးတစ်မျိုး၏ လွှမ်းမိုးမှုကို ကြိုးပမ်းခဲ့ခြင်းကြောင့် တိုင်းရင်း သားလက်နက်ကိုင်များ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုမှုများ ပြင်းထန်လာပြီး ကမ္ဘာ့သက်တမ်းအ ရှည်ဆုံး ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေခဲ့သည်။

နိုင်ငံသားအယူအဆ ပျက်စီးခြင်း-

နိုင်ငံသားတိုင်း သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်တွင် “လူမျိုးနှင့် ဘာသာ” ကို မဖြစ်မနေ ထည့်သွင်းရခြင်းက နိုင်ငံသားအခွင့်အရေးထက် မျိုးနွယ်စုခွဲခြားမှုကို ပိုမို အားကောင်းစေခဲ့သည်။

၂၀၂၁ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီသည် နဝတ၊ နအဖ လက်ထက်က သ‌န္ဓေတည်ခဲ့သော အမျိုးဘာသာသာသနာ(မဘသ)ကို ရှင်သန်ကြီးထွားစေပြီး ဆန့်ကျင်သူများကို အမျိုးသား ရေးဂျင်းဖြင့် နှိပ်ကွပ်သည်။ မအလ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်ချက်များသည် စစ်ရေးအရ အရေးနိမ့်နေမှု၊ စီးပွားရေးပိတ်ဆို့ခံရမှုနှင့် နိုင်ငံတကာဖိအားများကို လျှော့ချရန်ကြိုးပမ်းသည့် “အတုအယောင် နိုင်ငံရေးထွက်ပေါက်” မျှသာဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ရှုမြင်ကြသည်။

၁။ တော်လှန်ရေး အဖွဲ့အစည်းများ၏ ခံယူချက်နှင့် သဘောထား

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက် ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် မဟာမိတ် တော်လှန်ရေးအင်အားစုများ(NUCC) သည် စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အပေါ် အောက်ပါဘုံရပ်တည်ချက်များဖြင့် ပြတ်ပြတ်သားသား ငြင်းပယ်ထားသည်။

စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်ခွင့်ကို လုံးဝ ရုပ်သိမ်းရေး-

စစ်တပ်သည် အနာဂတ် မြန်မာ့နိုင်ငံရေးတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ခွင့်မရှိဘဲ Civilian အစိုးရ (ပြည်သူ့အစိုးရ)၏ စိစစ်ကွပ်ကဲမှုအောက်သို့ လုံးဝ ရောက်ရှိရမည်။

စစ်အာဏာရှင်စနစ် လုံးဝ ပျက်သုဉ်းရေး-

၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ဒေါက်တိုင်များကို အပြီးသတ် ဖျက်သိမ်းရမည်။

တရားမျှတမှုနှင့် တာဝန်ယူမှု-

စစ်ကောင်စီကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအ တွက် တရားဥပဒေအရ အပြစ်ပေး အရေးယူခံရမည်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး-

တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ် ပြည်ထောင်စုသစ်ကို ဘုံသဘောတူညီချက် (Federal Democracy Charter) ဖြင့် တည်ဆောက်မည်။

တော်လှန်ရေးအဖွဲ့အစည်းများသည် စစ်ကောင်စီက ကျင်းပရန်ကြိုးပမ်းနေသည့် အတုအယောင်ရွေးကောက် ပွဲနှင့် စကားဝိုင်းများကို စစ်တပ်၏ သက်ဆိုးရှည်ရေး ကစားကွက်အဖြစ်သာ မှတ်ယူကြပြီး စစ်ရေး၊ နိုင်ငံရေးအရ အပြီးသတ် အရေးနိမ့်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု စွဲစွဲမြဲမြဲ ခံယူထားကြသည်။

၂။ ရှေ့ဆက် ထွက်ပေါ်လာမည့် နိုင်ငံရေးအဖြေနှင့် အခင်းအကျင်း သုံးသပ်ချက်

စစ်ကောင်စီ၏ ဟန်ပြ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်များနောက်ပိုင်း မြန်မာ့နိုင်ငံရေးတွင် အဓိက အခင်းအကျင်း(၃)ခုဖြင့် ရှေ့ဆက်သွားဖွယ်ရှိသည်။

(က) စစ်ရေးအရ အပြောင်းအလဲနှင့် အနုတ်လက္ခဏာပြ အာဏာကွက်လပ်

စစ်ကောင်စီသည် နယ်မြေအများအပြားကို လက်လွှတ်ထားရပြီး စစ်သည်အင်အားပြုန်းတီးမှုကြောင့် စစ်ရေးအရ ထပ်မံ မှေးမှိန်လာမည်။ တော်လှန်ရေးအင်အားစုများဘက်မှ နယ်မြေစိုးမိုးမှုနှင့် အုပ်ချုပ်ရေးယန္တရားများကို ဒေသအလိုက် ပိုမိုခိုင်မာအောင် တည်ဆောက်လာကြမည်ဖြစ်ရာ စစ်ကောင်စီ၏ ဗဟိုအုပ်ချုပ်ရေးစနစ်သည် လုံးဝ ပြိုကွဲသွားမည်။

(ခ) အောက်ခြေမှ တည်ဆောက်သော ဖက်ဒရယ်စနစ် (Bottom-Up Federalism)

ဗဟိုအစိုးရတစ်ခုတည်းက စေခိုင်းသည့်စနစ်အစား တိုင်းရင်းသားဒေသအသီးသီး (ဥပမာ – ကရင်နီ၊ ချင်း၊ တ‌အာင်း၊ ရခိုင်၊ ကချင်) တွင် အုပ်ချုပ်ရေးကောင်စီများနှင့် ဒေသဆိုင်ရာ အခြေခံဥပဒေများ ပေါ်ပေါက်လာနေသည်။ အနာဂတ် မြန်မာနိုင်ငံ၏ နိုင်ငံရေးအဖြေသည် စစ်တပ်နှင့် ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည် မဟုတ်ဘဲ တော်လှန်ရေး အင်အားစုများအကြား ဒေသအလိုက် အုပ်ချုပ်ရေး ခိုင်မာအောင် လုပ်ဆောင်ရင်း အပြန်အလှန် ချိတ်ဆက်ကာ အောက်ခြေမှစ၍ ပေါ်ထွက်လာမည့် ဖက်ဒရယ် ပြည်ထောင်စု အခင်းအကျင်းဖြစ်မည်။

(ဂ) စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲနှင့် နိုင်ငံရေး အကျပ်အတည်း

စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်နိုင်သည့် မြို့ပြအနည်းငယ်နှင့် စစ်စခန်းများတွင်သာ ဟန်ပြ ရွေးကောက်ပွဲ လုပ်ဆောင်၍ တရားဝင်မှု ရယူရန် ကြိုးပမ်းနိုင်သည်။ သို့သော် ထိုရွေးကောက်ပွဲသည် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထု၏ ငြင်းပယ်မှုကိုခံရမည်ဖြစ်ရာ နိုင်ငံရေးပဋိပက္ခကို လျှော့ချနိုင်မည်မဟုတ်ဘဲ ပိုမို ပြင်းထန်လာစေမည်။

နိဂုံးချုပ် သုံးသပ်ချက်

မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်သည် နိုင်ငံရေးအဖြေမဟုတ်ဘဲ “စစ်ရေးကင်းမဲ့လာမှုကို ဖုံးကွယ်သည့် နည်းဗျူဟာ” အဆင့်မျှသာ ဖြစ်သည်။

ဗမာလူမျိုးကြီးဝါဒကိုအခြေခံသော စစ်တပ်သည် နတ်နေကိုင်းမချန်ဘဲ ဗမာလူမျိုးအများစုနေထိုင်သည့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင် မန္တလေးတိုင်းတို့ရှိ မြို့ရွာများကို ဗုံးကြဲတိုက်ခိုက် မီးရှို့ဖျက်ဆီး လူသတ် မုဒိမ်းကျင့် ဒုစရိုက်မျိုးစုံ လုပ်နေသည်။ စစ်အာဏာရှင် (၃)ဆက် တည်ဆောက်လာခဲ့သော အမျိုးသားနိုင်ငံ(Nation State) နှင့် ဗမာလူမျိုးကြီးဝါဒသည် အက်ကွဲလာရာမှ ပြိုလဲကျလုနေပြီ။ စစ်အာဏာရှင်သည် တိုင်းရင်းသားများအား ဖိနှိပ်နင်းချေ ရုံတင်မက သူ့အား ဆန့်ကျင်သော ဗမာလူမျိုးများကိုပင် ရက်စက်နည်းပေါင်းစုံဖြင့် နှိပ်ကွပ်သင်းသတ်မှုကိုကြည့်ခြင်း အားဖြင့် တပ်မတော်သည် လူတစ်စုအတွက်လောက်သာ အာဏာရရှိ‌ရေးကို ငမ်းဖမ်းသည့် ကျဉ်းမြောင်းသော အမျိုးသားနိုင်ငံရေးဝါဒကိုသာ‌ တွေ့ရသည်။

ရှေ့ဆက် ထွက်ပေါ်လာမည့် စစ်မှန်သော နိုင်ငံရေးအဖြေမှာ စစ်တပ်၏ စစ်ရေး၊ နိုင်ငံရေး အချုပ်အခြာအာဏာ လုံးဝ ချုပ်ငြိမ်းပြီးနောက် တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်း သားအဖွဲ့အစည်းများနှင့် ပြည်သူလူထုကိုယ်တိုင် ပူးပေါင်း ပုံဖော်မည့် “အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ဘုံသဘောတူညီချက်အပေါ် အခြေခံသော ဖက်ဒရယ်ဒီမို ကရေစီ ပြည်ထောင်စုသစ်” သာလျှင် ဧကန်မုချဖြစ်ရပေလိမ့်မည်။